ကျန်းမာသော နေထိုင်မှုဘဝပုံစံပြောင်းလဲ

စက်တင်ဘာ ၁၃

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ အများစုအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတ အားနည်းမှု၊ လူမှုဘဝ ရပ်တည်ရှင်သန်ရေး ချို့တဲ့မှုတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံတို့ကို သတိမမူနိုင်ကြဘဲ ဖြစ်သလို နေထိုင်ကြသည်။ ထိုအခြေအနေများကို ကျေးလက်ဒေသများတွင်သာမက မြို့ပြဒေသများတွင်လည်း မြင်တွေ့နိုင်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုဘဝပုံစံမရှိသော ဒေသများမှ ကိုယ်ခံအားနည်းသော ပြည်သူတို့အား ရောဂါဘယအမျိုးမျိုးတို့ တစ်မျိုးမဟုတ်တစ်မျိုး ဝင်ရောက်နှိပ်စက်နိုင်ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သံသယ ရာသီတုပ်ကွေးရောဂါ အစုလိုက် ဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့သောကြောင့် ကျန်းမာရေးဌာနမှ အရေးပေါ် တုံ့ပြန်ကုသ ပေးနေရကြောင်း ကြားသိရပါသည်။

ယခုဖြစ်စဉ်တွင် သေဆုံးသူများမှာ အသက် ၁၀ နှစ်မှ အသက် ၂၈ နှစ်အရွယ်အတွင်း ဖြစ်သည်။ ရောဂါ ဟူသည် အချိန်မီကုသမှု ခံယူမည်ဆိုပါက အသက်သေဆုံးမှု မရှိနိုင်ပါ။ သို့သော်လည်း အဆိုပါ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး ထိရောက်သော ကုသမှု အချိန်မီ မရနိုင်သောကြောင့် အသက်သေဆုံးရခြင်း ဖြစ်သည်။ ထိုသို့သေဆုံးရခြင်းမှာ ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ အအေးမိ၊ ဖျားနာရောဂါကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် သွေးယိုစီးမှု လက္ခဏာများ မရှိခဲ့ကြောင်း ကျန်းမာရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားရာ ကျေးရွာများနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများသို့ ကျန်းမာရေးဌာန ဗဟိုကွင်းဆင်းအဖွဲ့က ရောဂါကုသမှုနှင့်လိုအပ်သည့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုနှစ် ဇူလိုင်လဆန်းပိုင်းကလည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝက်သက်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီး လူ့အသက်များ သေဆုံးရသည်အထိ ဖြစ်ပွားခဲ့ကာ ယခင်ကလည်း အဆိုပါဒေသများတွင် ရောဂါများဖြစ်ပွားပြီး လူသေဆုံးမှုအထိ ဖြစ်ခဲ့ဖူးသည်။ ထိုဒေသတွင် ရောဂါများ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဝေးလံခေါင်သီသော ဒေသဖြစ်ခြင်း၊ ဆေးဝါးကုသမှုနှင့် ကာကွယ်စောင့်ရှောက်မှု လက်လှမ်းမမီခြင်း တို့ကြောင့်ဖြစ်ပြီး အဓိကအချက်မှာ ထိုဒေသမှ တိုင်းရင်းသား ပြည်သူများမှာ ဆင်းရဲနွမ်းပါးသောကြောင့် ကျန်းမာသော နေထိုင်စားသောက်မှု ပုံစံမရှိခြင်း၊ ကျန်းမာရေးအသိအမြင် ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။

ဝေးလံသောဒေသများမှ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးကို နိုင်ငံတော်မှ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အလှမ်းဝေးမှုရှိခဲ့သည်။ ယခုကဲ့သို့ ရောဂါဖြစ်ပွားလာလျှင် ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အရေးပေါ် ကာကွယ်ကုသ ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။ ထိုဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများမှာ ကျန်းမာရေး အသိအမြင် နည်းပါးခြင်းနှင့် ကျန်းမာသော နေထိုင်မှုဘဝကို နားမလည်ခြင်း၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအရ အိမ်တွင်းမီးဖို ထားရှိခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည်ကို မသိရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဆေးကုသမှု ခံယူခြင်းကို နားမလည်ခြင်း စသည်တို့ကြောင့် ရောဂါများ မကြာခဏ ဖြစ်ပွားပြီး လူ့အသက်များပင် သေဆုံးရသည်အထိ ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ထိုဒေသတွင် ဖြစ်ပွားသောရောဂါကြောင့် လူသေဆုံးမှုအထိ ဖြစ်ခဲ့ရသဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်။ အမှန်တကယ်တွင် လူတို့၏ လူမှုဘဝ အခြေအနေအရပ်ရပ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေသည့် နေထိုင်မှုပုံစံများကို ဒေသအများတွင်လည်း မြင်တွေ့နေရသည်။ ထိုဒေသရှိပြည်သူများ ဖြစ်ပွားရသည့် ရောဂါများကို ဆေးရုံ၊ ဆေးခန်းများတွင် လက်လှမ်းတမီ ကုသနိုင်သဖြင့် အသက် ချမ်းသာခွင့်ရခြင်း ဖြစ်သည်။ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံ ဖြစ်ပေါ်လာအောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းကြိုးပမ်း ကြံဆောင်သင့်ပါကြောင်း။ ။

(ကြေးမုံ)