ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်အသိအမှတ်ပြုတံဆိပ် နာဂတိုင်းရင်းသူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် မာရီကိုးလ်အား ပေးအပ်

မုံရွာ ၂၇ ဇန်နဝါရီ
 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေပြည်သူများ ကျန်းမာရေးအသိပညာများ တိုးတက်လာစေရေးအတွက် ခန့်အပ်သည့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန် (Health Literacy Promotion Ambassador for Naga Land -2018) အဖြစ် အသိအမှတ်ပြုတံဆိပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပေးအပ်ခဲ့ကြောင်း သိရသည်။
 
''အခုက နိုင်ငံတော်အဆင့်ကနေပြီးတော့ သံတမန်ခန့်အပ်တာဆိုတော့ အလွန်လည်း တာဝန်ကြီးပါတယ်၊ ဒီထက်မကလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ ယုံယုံကြည်ကြည်နဲ့ ပေးအပ်တဲ့ ဒီဆုနဲ့လည်း ထိုက်တန်အောင် ကြိုးစားသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်၊ မာရီကိုးလ်က အရင်ကတည်းက ကိုယ့်လူမျိုးကို အလွန်ချစ်တဲ့သူပါ၊ ပရဟိတ လုပ်ငန်းကိုလည်း ကိုယ်တတ်တဲ့အနုပညာနဲ့ တွဲပြီးလုပ်နေပါတယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ သက်ဆိုင်ရာက ကျန်းမာရေးကိစ္စရပ်ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော် စလုပ်နေတာပါ၊ မနှစ်ကမှစပြီး ဝက်သက်ရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးတာပါ၊ ဆေးစထိုးတဲ့နေရာမှာ အတွေ့အကြုံမရှိတဲ့အတွက် ကလေးတွေက ထွက်ပြေးကြတယ်၊ နောက်တစ်ခုက ဘာသာစကား အခက်အခဲ စတဲ့အားနည်းမှုတွေ အများကြီးရှိပါတယ်၊ ပရဟိတလုပ်ငန်းအနေနဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တုန်းက နာဂဒေသက ကလေး ၈ဝ ကျော် ဆုံးသွားတဲ့အတွက် ရန်ပုံငွေပွဲလေးလုပ်ထားတယ်၊ ရန်ပုံငွေပွဲကရတဲ့ အလှူငွေနဲ့ လဟယ်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ ကျောင်းဆောင်နှစ်ဆောင် လှူထားပါတယ်၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သံတမန်ခန့်အပ်တယ်ဆိုတော့ နာဂဒေသက ပြည်သူတွေ ကျန်းမာရေးဗဟုသုတအများကြီးရရှိစေအောင်ကိုယ်တိုင်လည်း ကွင်းဆင်းပြီး ဘယ်လိုမျိုးနဲ့ စည်းရုံးလို့ရမလဲ၊ နာဂဒေသမှာက ကျန်းမာရေး အလွန်အားနည်းပါတယ်၊ ကလေးတွေက တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတယ်၊ အဲဒီ အားနည်းချက်ကို သူတို့လေးတွေ သိရှိနိုင်ဖို့ ဘယ်လိုနည်းနဲ့ လုပ်လို့ရမယ်ဆိုတာကို အားလုံးပူးပေါင်းပြီးတော့ ဖြေရှင်းသွားမယ်၊ အားလုံးကြိုးစားကြမယ်လို့ ပြောကြားလိုပါတယ်''ဟု နာဂဒေသ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခံရသူ နာဂတိုင်းရင်းသူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် မာရီကိုးလ်က ပြောသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီက ကျင်းပသည့် တိုင်းဒေသကြီးအဆင့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် မိတ်ဆက်ခြင်း အခမ်းအနားတွင် အဆိုပါတံဆိပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂတိုင်းရင်းသူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော် မာရီကိုးလ်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 
ဝင်းဦး(ဇေယျာတိုင်း)