ကျန်းမာရေးအသိ၊ သတိတို့ မြင့်မားဖို့လို

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

သက်ရှိသတ္တဝါတို့၏ ရှင်သန်ရေးတွင် အစာအာဟာရက အဓိကကျသည်။ အစာလည်းဆေး၊ ဆေးလည်းအစာဟူသော စကားပုံနှင့်အညီ အစားအစာကို စနစ်တကျ စားသုံးတတ်ပါက မိမိတို့၏ ကျန်းမာအသက်ရှည်ရေးအတွက် များစွာအကျိုးပြုမည်ဖြစ်သည်။ သို့ရာတွင် မိမိတို့ စားသောက်သည့် အစားအစာများမှာ သန့်ရှင်းလတ်ဆတ်မှုမရှိခြင်း၊ ဓာတ်ဆေးဆိုးဆေးများအပါအဝင် ဓာတုပစ္စည်းများကို ကျန်းမာရေးထိခိုက်စေနိုင်သည့် အတိုင်းအတာထိ သုံးစွဲထားခြင်း၊ ရေရှည်စားသုံးရန်မသင့်သည့် နည်းပညာများကို သုံးစွဲထားခြင်းတို့ မကင်းခဲ့ပါက အစာကဆေးမဖြစ်တော့ဘဲ ဘေးဖြစ်စေနိုင်သည်ကိုလည်း ဂရုပြုကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကိုအလွန်အမင်းထိခိုက်စေသည့် အစားအသောက်များ ဈေးကွက်တွင်တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာသက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် òန်းအချက်အလက်မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံ သုံးထားသော အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင်မေးမြန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်များကိုမှတ်သားဖွယ်ရာ ဖတ်ရှုခဲ့ရသည်။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်တွင် တရားဝင်ပိတ်ပင်ထားသည့် အစားအသောက်များကို ဈေးကွက်ထဲမှာ ရရှိနေသေးကြောင်း၊ အထည်အလိပ်လုပ်ငန်းများတွင်သုံးသည့် ဆိုးဆေးများကို အစားအသောက်များတွင် ထည့်သွင်းသုံးစွဲနေကြောင်း၊ ငါးပိငါးခြောက်များတွင် ယင်မနားဆေးများ ပက်ဖျန်းထားပြီး ဆန်၊ ပဲ တို့တွင်လည်းပိုးသတ်ဆေးများ ထည့်သွင်းနေကြောင်း၊ သစ်သီးဝလံများ မှည့်စေသည့် ဆေးများ၊ ဓာတုဗေဒအချဉ်ခဲများ၊ òန်းမပါ တရားမဝင်ဖြန့်ချိနေသောမုန့်များကို ရောင်းချနေကြကြောင်း စသည်တို့ပါဝင်ခဲ့သည်။

 

လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့်စပ်လျဉ်း၍ အမျိုးသားရေးအတွက် အလွန်အရေးကြီးသော အခြေအနေတစ်ရပ်အဖြစ် ပြည်ထောင်စုဝန်ကြီးက ထောက်ပြခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းဖြေကြားခဲ့သည်။ မှတ်သားဖွယ်အချက်မှာ ကျန်းမာရေးအသိပညာမြင့်မားရေးဖြစ်သည်။ Health Literacy ခေါ် ကျန်းမာရေး အသိပညာပေးရေးကို အမျိုးသားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်ရာတွင် ကျောင်းများမှ ကျောင်းသား၊ ဆရာ၊ မိဘများ၊ မြန်မာနိုင်ငံစားသုံးသူများအသင်း၊ ပြည်တွင်း NGO များ၊ မီဒီယာများ၊ ဆေးဆိုင်များ စသည်တို့ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်လျက်ရှိသည်။

 

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေး နည်းလမ်း၊ တရားစွဲဆိုခြင်းနည်းလမ်းတို့ဖြင့်ဆောင်ရွက်ရာတွင်လည်း FDA တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဘဲ အကောက်ခွန်၊ ပြည်ထဲရေး၊ လွှတ်တော်၊ တရားရေးစသည်ဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

ဤနေရာတွင် အကြံပြုလိုသည်မှာ စားသုံးသူပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အသိ၊ သတိတို့ဖြင့် မိမိတို့စားသုံးကြသည့် အစားအစာမှ ရေတို ရေရှည်တွင် ဘေးမဖြစ်စေရေးအတွက် အတတ်နိုင်ဆုံး ဆင်ခြင်ရှောင်ရှားနိုင်ကြရန်ပင်ဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်၌ ရောင်းချနေပြီး မိမိတို့နေ့စဉ် ဝယ်ယူစားသောက်နေကြရသည့် အစားအစာများ၏သန့်ရှင်းမှု၊ ဘေးကင်းမှု၊ စစ်မှန်မှုတို့ကို သတိပြုဆန်းစစ်ကာ ရွေးချယ်ဝယ်ယူစားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ဘေးအ္တရာယ် အသွယ်သွယ်တို့မှ ကင်းဝေးစေပြီး  အစာလည်းဆေး၊ ဆေးလည်းအစာဟူသည့်  အကျိုး ရလဒ်တို့ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း