ကနေဒါ သံအမတ် နှင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကနေဒါနိုင်ငံသားတွေ့ဆုံ

တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ဂျွန်မက်ကောလန် နှင့် တရုတ်နိုင်ငံတွင် လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကနေဒါနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်  စပါးဗာတို့ ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

မိုက်ကယ် စပါးဗာသည် ကနေဒါအာဏာပိုင်များက ဟာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ကနေဒါနိုင်ငံသား ၂ ဦးအနက် တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက  စပါးဗာ၏ ကျန်းမာရေးအခြေအနေ  (သို့မဟုတ်)ယင်းသို့တွေ့ဆုံခဲ့သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

 

 ပြီးခဲ့သည့် သောကြာနေ့က ထိန်းသိမ်းခံထားရသည့် အခြားကနေဒါ နိုင်ငံသား သံတမန်ဟောင်း မိုက်ကယ်ကိုဗစ် နှင့် ဂျွန်မက်ကောလန် တို့ တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

ကနေဒါ နိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ဟာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို ဖမ်းဆီးခဲ့သည့်အတွက် တရုတ်အာဏာပိုင်များက လက်တုံ့ပြန်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု အများစုက ရှုမြင်သုံးသပ် ကြသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို