ကျွန်းစုမြို့နယ် မရွှေဦးကျေးရွာ၌ အမျိုးသားတစ်ဦးရေတွင်းထဲသို့ ပြုတ်ကျသေဆုံး

ကျွန်းစု ၁၃ ဇွန်
    

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စု မရွှေဦးကျေးရွာ အထက်ပိကြပ်ရပ်တွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့မရဲစခန်းမှ သိရသည်။
    

ဖြစ်စဉ်မှာ မရွေဦးကျေးရွာနေ ကျောင်းသူ မခိုင်ဇင်သော်၊ အသက်(၁၂)အရွယ်က ကျောင်းသွားရန် ကျေးရွာရှိရေတွင်း၌ ရေချိုးရန်သွားရောက်ရာမှ ရေတွင်းထဲသို့ လူတစ်ဦးပြုတ်ကျနေတာ တွေ့ရသဖြင့် ကျေးရွာအတွင်း လိုက်လံအော်ပြောနေသည်ကိုကြား၍ ကျေးရွာရာအိမ်မှူး ဦးသန်းဇော်ထွေးနှင့် ကျေးရွာနေသူများ သွားရောက်ကြည့်ရှုရာ မရွှေဦးကျေးရွာနေထိုင်သူ ဦးစိန်သွင်(ခ)ဦးသားမဲ (၆၁)နှစ် ဖြစ်ကြောင်း သိရှိခဲ့ရပြီး ကျွန်းစုမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကျွန်းစုမြို့မစခန်းမှူး ဒုရဲမှူးညွန့်ဝင်းနှင့် တပ်ဖွဲ့ဝင်များသည် နံနက် ၁၀ အချိန်တွင် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။


ပြုတ်ကျသေဆုံးနေသည့်ရေတွင်းမှာ ကျေးရွာလမ်းမဘေးတွင် ကပ်နေပြီး ၆ ပေခန့်အကျယ်၊ အနက် ပေ ၂၀ ခန့်ရှိကာ အကာအရံ ကာရံထားမှုမရှိကြောင်း တွေ့ရှိခဲ့ရပြီး သေဆုံးသူမှာ လွန်ခဲ့သော(၇)နှစ်ကတည်းက မိသားစုနှင့်အတူ နေထိုင်ခြင်းမရှိဘဲ ထိုသူတစ်ဦးတည်း နေအိမ်(၁)လုံးတွင် နေထိုင်၍ အရက်သေစာ အလွန်သောက်စားတတ်သူဖြစ်ကြောင်းနှင့် ကျေးရွာအတွင်း နေ့ရောညပါ လျှောက်သွားနေတတ်သူဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းဖော်ထုတ်နိုင်ရန် ကျွန်းစုမြို့မရဲစခန်းမှ အမှုရေးဖွင့်ဆောင်ရွက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စည်သူရအောင်(ကျွန်းစု)