ကန့်ဘလူမြို့နယ်တွင် ဆိုင်ကယ်လုယက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိ

နေပြည်တော်   ၁၄  မတ် 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သောက္ကန်ကျေးရွာနေ အလယ်တန်းပြ ဆရာမ ဒေါ်ယဉ်အေး(၄၃)နှစ်သည် မတ် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် အလယ်လျှိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် တက္ကသိုလ်ဝင်စာမေးပွဲအခန်းစောင့်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် သောက္ကန်ကျေးရွာအနောက်ဘက်ရှိ ကျေးရွာချင်းဆက် လမ်းမပေါ်၌ အမည်မသိ အမျိုးသား(၃)ဦးမှ ရပ်တန့်ရန်တားဆီးပြီး တုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် ဇီးကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ဇီးကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တရားခံများ ဖမ်းဆီး ရမိရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ မတ် ၁၂ ရက် ညနေ ၄ နာရီခွဲတွင် ထရော်ကိုင်း ကျေးရွာနေ ဆန်းလင်းဦး(၂၂)နှစ်ကို ခေါ်ယူစစ်ဆေးရာမှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် တစ်ရွာတည်းနေ စည်သူနိုင်(၂၁)နှစ်နှင့် စကျင်ကျေးရွာနေ ဝေယံအောင်(၂၁)နှစ်တို့ကို မတ် ၁၃ ရက်တွင် သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(ရဲပြန်ကြား)