ကမ္ဘောဒီးယားအနောက်တောင်ဘက်တွင် ဆောက်လက်စအဆောက်အအုံပြိုကျရာ ခြောက်ဦးသေဆုံး

ကပ် ၅ ဇန်နဝါရီ

 

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ ကပ်ပြည်နယ်တွင် ယမန်နေ့က ဆောက်လက်စ ခြောက်ထပ်တည်းခိုရိပ်သာ ပြိုကျမှုဖြစ်ပွားရာ ကမ္ဘောဒီးယားအလုပ်သမား ခြောက်ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၄ ရက်တွင် ပြောခဲ့သည်။

 

ပြိုကျအဆောက်အအုံ အပျက်အစီးများကြားမှ လူ ၂၂ ဦးကို ဆွဲထုတ်ခဲ့ရကြောင်းနှင့် ၎င်းတို့ထဲတွင် လူခြောက်ဦးသေဆုံးခဲ့ကြောင်း ကပ်ပြည်နယ်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ရော့စ်ယူဒေါင်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ သေဆုံးသူများမှာ အသက် ၁၅ နှစ်မှ ၅၆ နှစ် ကြားရှိသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

အလုပ်ကြီးကြပ်သူတစ်ဦး အပါအဝင် လူ ၂၀ မှ ၃၀ ခန့် အပျက်အစီးများကြား ပိမိနေကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

အဆိုပါ မတော်တဆမှုသည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများသည် မြေညီထပ်မပါ ခုနစ်ထပ်မြောက်အခန်းကို ကြမ်းခင်းလောင်းစဉ် အဆောက်အအုံမှာ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်တက်ချို ဟွန်ဆင်သည် အဆိုပါ အဆောက်အအုံ ပြိုကျသည့်နေရာသို့ ယမန်နေ့က လာရောက်ကြည့်ရှုပြီး အလုပ်သမားများနှင့် အဆောက်အအုံ ပြိုကျမှုအောက်တွင် ပိမိနေသူများကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့ကို တိုက်တွန်းပြောကြားခဲ့သည်။

 

ပြိုကျအဆောက်အအုံအပျက်အစီးများကို ဖယ်ရှားရာတွင် မြေတူးဖော်ရေးစက်များနှင့် ကရိန်းများကိုလည်း အသုံးပြုခဲ့ကြသည်။ လူနာတင်ယာဉ်များမှာလည်း အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ ပျောက်ဆုံးသူများ၏ ဆွေမျိုးများလည်း ဝမ်းနည်းကြေကွဲပြီး ဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။

 

ကပ်ပြည်နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ချူဟွန်တစ်က ကယ်ဆယ်ရေးသမား ၁၀၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းနှင့် အဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံကို ၂၀၁၈ ခုနှစ် ဩဂုတ်လက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆောက်အအုံပြိုကျမှုနှင့်ပတ်သက်၍ ပိုင်ရှင်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ငါးထပ်တိုက်ဆောက်လုပ်ရန်သာ ခွင့်ပြုမိန့်ချပေးခဲ့သော်လည်း ပိုင်ရှင်က ခုနစ်ထပ်အထိ တည်ဆောက်သောကြောင့် ယခုလို ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မြေယာ စီမံခန့်ခွဲမှုကော်မတီက ပြောသည်။

 

ဆင်ဟွာ