ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသအတွက် ကြည်နူးဂုဏ်ယူနေကြသည့် ပုဂံချစ်သူများ၏ ရင်တွင်းစကားသံများ

မင်းထက်အောင်(မန်းကိုယ်ပွား)၊ အောင်ဖြိုးကျော်

 

mdn

မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်

ကျွန်တော့်သဘောအရ ပြောရရင် ပုဂံဒေသ ရဲ့ ယဉ်ကျေးမှုကိုချစ်တဲ့ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ တစ်ဖွဲ့ကရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ် လက်ရာတွေကို မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို စိတ်ဝင်စားပြီး ပုဂံယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတယ်။ နောက်တစ်ဖွဲ့က ပုဂံမှာဘယ်လိုစီးပွားရေးတွေ လုပ်ရမလဲဆိုပြီး ပုဂံကို ချစ်မြတ်နိုးတာ ဖြစ်ပါတယ်။

စီးပွားရေးကိုအခြေခံပြီး ပုဂံချစ်ကြတဲ့သူတွေကြောင့် ပုဂံရဲ့ အနုပညာလက်ရာတွေ ပျက်စီးလာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ ကတည်းက ပုဂံဘုရားထဲမှာ ကျူးကျော်တာတွေ၊ ပုဂံမြို့ထဲမှာ ကျူးကျော်တာတွေ၊ ဘုရားဌာပနာဖောက်တာတွေ ရှိခဲ့တဲ့အတွက် ရှေးဟောင်းသုတေသနအရာရှိ ဦးဘိုကေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ လောက်ကတည်းက ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေချင်ခဲ့တာပါ။ ဒီလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်မှ သူရဲ့သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဒီရှေးဟောင်းဘုရားတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တဲ့အတွက် ဆရာကြီးဦးဘိုကေ မျှော်မှန်းခဲ့တဲ့ ရည် ရွယ်ချက်ကလေး အောင်မြင်တဲ့အတွက် ကျွန်တော်တို့ ပုဂံယဉ်ကျေးမှု ချစ်မြတ်နိုးသူတွေအဖွဲ့ကတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ပုဂံကို စီးပွားရေးအရ ချစ်မြတ်နိုးသူတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်ပြီး ဖျက်ဆီးမယ့် အန္တရာယ်တွေကိုလည်း ပုဂံယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတိုင်း ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

ထိန်းသိမ်းတယ်ဆိုတာကလည်း ရှေးဟောင်း သုတေသနက ထိန်းသိမ်းတာရှိသလို ရှေးဟောင်းဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူ ပြည်သားတွေက ထိန်းသိမ်းတာလည်း ရှိတဲ့ အတွက်ပုဂံကို UNESCO နဲ့ ဆိုင်တယ်၊ ရှေးဟောင်းနဲ့ဆိုင်တယ်၊ သူတို့ ပြုပြင်ကြလိမ့်မယ်လို့ သဘောမထားဘဲ ပုဂံယဉ်ကျေးမှုကို ချစ်မြတ်နိုး သူတွေအားလုံးကလည်း တစ်တပ်တစ်အား ပါဝင်ပြီး အမှိုက်တွေ ကောက်ပေးမယ်၊ ကျောက်စာတွေမှာ ဟိုခြစ်ဒီခြစ်လုပ်တာ၊ နံရံဆေးရေး ပန်းချီတွေမှာ တောင်ရေးမြောက်ရေး လုပ်တာတွေကို ထိန်းသိမ်းပေးပြီး ဘုရားတွေကြားမှာ ပေါက်နေတဲ့ ချုံနွယ်တွေကို ရှင်းလင်းပေးမယ်ဆိုတဲ့ အသိတွေနဲ့ လုပ်စရာတွေ အများကြီးပါ။ ဒါကြောင့် ပုဂံကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်လို့ ပြောချင် ပါတယ်။

 

mdn

ဦးစန်းယု၊ လက်ထောက်ညွှန်ကြားရေးမှူး (မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန)

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရမှုအပေါ် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူရတဲ့ အနေအထားပါ။ မြန်မာကို ကမ္ဘာက ပိုပြီးတော့ သိရှိစေပါတယ်။ နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံကို လာတယ်ဆိုတာကလည်း မတူညီတဲ့ ယဉ်ကျေးမှုတွေကို လာရောက် လေ့လာကြတဲ့အတွက် အခုလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သွားခြင်းဟာ မြန်မာ့အမွေအနှစ်ကို ကမ္ဘာကသိရှိသွားစေတဲ့ မဟာအခွင့်အရေး တစ်ခုပါပဲ။ နောက်တစ်ချက်က ပုဂံမှာ ကိုင်တွယ် ထိတွေ့လို့ရတဲ့ အမွေအနှစ်တွေနဲ့ ကိုင်တွယ်လို့ မရတဲ့ အမွေအနှစ်တွေ အများကြီးရှိတဲ့အတွက် ရေရှည်တည်တံ့အောင် ကမ္ဘာ့အဆင့်မီ ကာကွယ် ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေးတွေလည်း ရရှိ လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းကလည်း လက်ရှိမှာ တရုတ် ခရီးသွားတွေ တိုးတက်လာနေရာကနေ အခုလို အခြေအနေမှာ အနောက်တိုင်း ခရီးသွားတွေ ၂၀ ရာခိုင်နှုန်းကျော်လောက် တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ပြည်ပခရီးသွားသာမက ပြည်တွင်းခရီးသွားတွေလည်း တိုးတက် ဝင်ရောက်လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ဒေသခံပြည်သူတွေလည်း ဝင်ငွေတွေ ပိုမိုရရှိလာ နိုင်ပါတယ်။ ဒါ့အပြင် ပုဂံမှာရှိတဲ့ လက်မှုပညာရပ်တွေကို ကမ္ဘာကသိရှိစေမယ့် အခွင့်အလမ်း တွေလည်း ရှိလာနိုင်မှာပါ။

ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်လာပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် စနစ်တကျ စီမံခန့်ခွဲဖို့တော့ လိုပါတယ်။

 

mdn

Andrew Prond  (အင်္ဂလန်နိုင်ငံသား)

ကျွန်တော်က အင်္ဂလန်နိုင်ငံကနေ ဇွန် ၃၀ ရက်က မြန်မာနိုင်ငံကို ရောက်ရှိပြီး လမ်းညွှန် စာအုပ်ထဲမှာတွေ့လို့ ပုဂံဒေသကို ဇူလိုင် ၉ ရက် နေ့မှာ ရောက်ရှိလာခဲ့တာပါ။ နိုင်ငံတကာက မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဒေသကို သိရှိကြပါတယ်။ အခု ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့အတွက် မြန်မာ နိုင်ငံသားတွေကိုယ်စား ဝမ်းသာဂုဏ်ယူမိပါတယ်။ ပုဂံဒေသဟာ ဗိသုကာလက်ရာတွေ၊ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှုတွေ ပြည့်စုံစွာတည်ရှိနေတဲ့အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာ အလွန်ထိုက်တန်ပါတယ်။ ဒါကို မြန်မာနိုင်ငံသားတိုင်းက ဂုဏ်ယူစွာနဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီနဲ့ ဆက်သွယ်ပူးပေါင်းပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ကြပါလို့ အကြံပြုလိုပါတယ်။

 

mdn

ဦးမောင်မောင်(ပစ်တိုင်းထောင် မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း)

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခံရတဲ့အတွက် ကျွန်တော်အပါအဝင် ပုဂံဒေသမှာ နေထိုင်ကြသူအားလုံး အတိုင်းမသိ ဝမ်းသာနေကြတာပါ။ ဖြစ်လည်း ဖြစ်သင့်တဲ့ကိစ္စတစ်ခု အောင်မြင်သွားတဲ့အတွက် ဝမ်းသာရပါတယ်။ ဒီလို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ သက်ဆိုင်ရာဌာနတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဒေသခံတွေ အားလုံး ပူးပေါင်းကြိုးစားခဲ့ကြရပါတယ်။  ကျွန်တော့် အနေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဇာဘိုင်ဂျန် နိုင်ငံ ဘာကူမြို့မှာကျင်းပမယ့် ကမ္ဘာ့အမွေအနှစ် ညီလာခံမတိုင်ခင် အကြိုသွားတဲ့အဖွဲ့ကို အဲဒီ နိုင်ငံအတွက် အမှတ်တရလက်ဆောင်အဖြစ်ပေးဖို့အတွက် ရွှေကနုတ်ထိုးထားတဲ့ ခြောက်လက်မအရွယ် ယွန်းသေတ္တာလေးတွေ ထောက်ပံ့ကူညီခွင့်ရခဲ့ပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြေညာတဲ့အချိန်မှာ ကျွန်တော်တို့ စောင့်ကြည့်ပြီး ကျေနပ်နေကြပါတယ်။ ကျွန်တော်တို့ ပုဂံမှာရှိကြတဲ့ မိသားစုတွေအကုန်လုံးက ခရီးသွားတွေကို မျှော်လင့်နေကြရတာပါ။ ဒါကြောင့် အခုလို UNESCO ဝင်သွားပြီဆိုတော့ နိုင်ငံတကာခရီး သွားတွေ စိတ်ဝင်တစားနဲ့ အရင်ကထက် အဆ ပေါင်းများစွာ ပိုမိုဝင်ရောက်လာကြမှာ ဖြစ်ပါ တယ်။ ဒီဒေသ ဖွံ့ ဖြိုးဖို့အတွက် UNESCO က ချမှတ်ထားတဲ့ စည်းမျည်းဥပဒေအတိုင်း နိုင်ငံတော်အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် အဲဒီစည်းမျဉ်းဥပဒေတွေကို ကျွန်တော်တို့ ဒေသခံတွေအားလုံး လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်။ လတ်တလောမှာတင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်သွားတယ်လို့ ကြားတာနဲ့ လူငယ်တွေ စိတ်ဝင်တစားလာကြတာကို တွေ့ရတယ်။ ဒီလိုပဲ နိုင်ငံတကာကလည်း စိတ်ဝင်တစားနဲ့ လာကြမှာဖြစ်တဲ့အတွက် ပြည်တွင်းသာမက ပြည်ပခရီးသွားတွေလည်း ဝင်ရောက်မှု ပိုမိုတိုးတက်လာမှာ အမှန်ပါပဲ။

 

mdn

ဦးဇော်ဝင်းချို(မြို့မိမြို့ဖ၊ ပုဂံဒေသ-အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး၊ ပုဂံအမွေအနှစ်ထိန်း သိမ်းရေးကော်မတီ အတွင်းရေးမှူး၊ ပုဂံဧည့်လမ်းညွှန် အသင်း နာယက)

အခုလို ကျွန်တော်တို့ ပုဂံဒေသကြီးကို ဇူလိုင် ၆ ရက်နေ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်အဖြစ် သတ်မှတ်ကြေညာလိုက်တဲ့အတွက် ပုဂံသားတစ်ယောက်အနေနဲ့ရော မြန်မာလူမျိုး တစ်ယောက်အနေနဲ့ပါ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားခြင်းကြောင့် ပုဂံဒေသရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းစောင့် ရှောက်နိုင်တော့မယ်။ ဒါ့အပြင် ပြုပြင်ထိန်းသိမ်းဖို့ ရန်ပုံငွေအထောက်အပံ့တွေနဲ့ နည်းပညာရပ်တွေကိုလည်း ရရှိလာမှာပါ။

အခုလို သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံတကာက စိတ်ဝင်တစားနဲ့ လာကြလိမ့်မယ်။ အဓိကအားဖြင့် ဂျပန်လူမျိုးတွေ ပိုပြီးလာကြလိမ့်မယ်။ ဥရောပကလည်း ၂၀၂၁ ခုနှစ်လောက်ဆို အများကြီးလာကြလိမ့်မယ်။ ဒီလိုလာခြင်းအားဖြင့် ဒေသခံ မြင်းလှည်းသမားတွေကအစ ဈေးဆိုင်တွေအားလုံးရဲ့ စီးပွားရေးတွေ တိုးတက်လာ တော့မယ်။ ဒါကတော့ လတ်တလောရနိုင်မယ့် အကျိုးရလဒ်တွေပါ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဆိုတဲ့ အဆင့်အတန်း သတ်မှတ်ချက်ကို တည်မြဲအောင် ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်။ ဒီလိုမှ မထိန်း သိမ်းနိုင်ရင် ပြန်ပြီးရုတ်သိမ်းသွားနိုင်ပါတယ်။ ဒီလိုဖြစ်သွားရင် နိုင်ငံအနေနဲ့ သိက္ခာကျပါတယ်။ ဒါကြောင့် ပုဂံဒေသကို သန့်ရှင်းသာယာလှပအောင် ပြုလုပ်ရမှာပါ။ နောက်ထပ်ဟိုတယ်ကြီးတွေ တည်ဆောက်ဖို့ ခွင့်မပြုသင့်ပါဘူး။ ဒေသခံတွေရဲ့ လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင်လည်း အကူအညီပေးရမှာပါ။ အရေးအကြီးဆုံး ထိန်း သိမ်း ရမှာက ဘုရားတွေအနီးမှာ ကျူးကျော်တွေ မရှိသင့်ပါဘူး။ ဒါကြောင့် စနစ်ကျတဲ့ အိမ်ရာ စီမံကိန်းတွေ လုပ်ပေးသင့်ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ကို ဒေသခံတွေနဲ့ အကြိမ်ကြိမ် အစည်းအဝေးတွေ လုပ်ပြီး ဒေသခံတွေရဲ့ဆန္ဒနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အားလုံးကလည်း ဝမ်းသာကြည်နူးနေမိပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ဆက်လက်ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှု စီမံချက်တွေကို ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးရှင်းပြပြီး ဆောင်ရွက်စေလိုပါတယ်။ ပုဂံဒေသကို အမှီပြုပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများကလည်း နားလည်မှုရှိစွာနဲ့ ကမ္ဘာ့အမွေအနှစ် ဒေသအတွက် သတ်မှတ်ထားတဲ့ စည်းမျည်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး ပူးပေါင်း ကူညီကြဖို့ တိုက်တွန်းလိုပါတယ်။ ပုဂံဒေသကို ၁၉၉၆ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားခဲ့တာ အခုမှ အောင်မြင်သွားတဲ့အတွက် ကျွန်တော် သေပျော်ပါပြီ။ ဒါကြောင့် ပုဂံဒေသကို သန့်ရှင်း သာယာလှပအောင် ဆောင်ရွက်ဖို့ လိုအပ်တာတွေ ထပ်မံဖြည့်ဆည်း ပေးစေလိုပါတယ်။ ဒါ့အပြင် ရှေးဟောင်းဘုရား တွေကို ထိန်းသိမ်းဖို့အတွက် လုံခြုံရေးဝန်ထမ်း တွေ တိုးချဲ့ချထားပေးဖို့နဲ့ ကျူးကျော်တွေအတွက် အိမ်ရာစီမံကိန်းတွေကိုလည်း အမြန်ဆုံး ဆောင် ရွက်ပေးဖို့ အကြံပြုပြောကြားလိုပါတယ်။

 

mdn

မဖြူဖြူ(ရန်ကုန်မြို့သူ)

ဒီပုဂံဒေသကို ရှေးဟောင်းမြို့တော်အဖြစ် စိတ်ဝင်စားလို့ တစ်နှစ်တစ်ခေါက် ရောက်အောင် လာဖြစ်ခဲ့ပါတယ်။ အခုလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သွားတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင် ဆိုင် ရောက်လာတဲ့အတွက် ခါတိုင်းလာရတာ ထက် ပိုပြီး ကြည်နူးမိပါတယ်။ ဒီလို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်သွားတဲ့အတွက် မြန်မာ နိုင်ငံမှာ ဒီလိုရှေးကျတဲ့နေရာတစ်ခု ရှိတယ်ဆိုတာကို ကမ္ဘာက ပိုမိုသိရှိသွားနိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါကြောင့် ပုဂံကို ရောက်လာတဲ့သူတိုင်းဟာ မထိရ၊ မကိုင်ရ ဆိုတဲ့ ရှေးဟောင်းအမွေအနှစ် လက်ရာတွေကို မထိ၊ မကိုင်ဘဲ ဝိုင်းဝန်းထိန်းသိမ်းရင်းလာရောက် ဖူးမြော်လေ့လာကြပါစို့လို့ တိုက်တွန်းပြောကြား လိုပါတယ်။

 

mdn

ဒေါ်မေသဇင်(နွားထိုးကြီးမြို့သူ)

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်လိုက်ပြီလို့ ကြားကြားချင်းချင်းပဲ ဂုဏ်ယူစွာနဲ့ လာရောက်ခဲ့တာပါ။ ဒီလိုအသိနဲ့ ပုဂံဘုရားတွေ ဖူးရတာ ပိုပြီး ကြည်ညိုသဒ္ဒစိတ်တွေ ဖြစ်ပေါ်နေမိတယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် မြန်မာလူမျိုးတိုင်း ဂုဏ်ယူဝမ်းသာနေကြရသလို ဒီဒေသကြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့လည်း တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေကလည်း ပုဂံဒေသကို ရောက်တဲ့အခါ ဘုရားဖူးရုံသက်သက်မဟုတ်ဘဲ ရှေးဟောင်းလက်ရာတွေကို ပျက်စီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ။

မြန်မာ့အလင်း