ကမ္ဘာတစ်ခွင် ငှက်ဖျားရောဂါကင်းစင်စေချင်

ပေါက်ပေါက်

 

ငှက်ဖျားရောဂါသည် ရောဂါပိုးရှိသည့်ခြင်အကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင်း ငှက်ဖျားရောဂါပိုး တစ်ကြိမ်ဝင်ရောက်သွားပါက ရောဂါအမြစ်ပြတ်ပျောက်ကင်းရန်  လွန်စွာ ခဲယဉ်းလှပေသည်။ ပြင်းထန်သောအခြေအနေတွင်  တစ်ကြိမ်တည်းဖြင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။ ငှက်ဖျား ရောဂါသည် ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသည်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်း၌  ငှက်ဖျားရောဂါပိုးဖြစ်ပွားသူဦးရေ သန်း ၃၅၀ မှ ၅၀၀ နီးပါးမျှရှိပြီး  ယင်းရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းမှသုံးသန်းကြားတွင် ရှိနေခြင်းကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ အထူးသဖြင့်ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုသည် ငှက်ဖျားရောဂါကို ပိုမိုကျယ်ပြန့်စေသဖြင့် ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်အကြား လူပေါင်း ၆၀ဝဝဝ ခန့် ငှက်ဖျားရောဂါကြောင့် သေဆုံးနိုင်ဖွယ် ရှိကြောင်းနှင့် လက်ရှိကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါအပေါ် အထူးအလေးပေး အားစိုက်နေရ သဖြင့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုသည်လည်း ၁၂ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါသည်။

ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး Mosquirix ထိုးနှံရေးအစီအစဉ်ကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အာဖရိကတိုက်၌ စတင်ခဲ့သည်။ လက်တွေ့စမ်းသပ် လေ့လာမှုများမှ ထွက်ပေါ်လာသောရလဒ်များအရ Mosquirix ကာကွယ်ဆေးသည် ကလေးများ၌ ငှက်ဖျားရောဂါ ပြင်းထန်နိုင်ခြေ၊ သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်းသိရသည်။

 

ကမ္ဘာ့ငှက်ဖျားရောဂါနေ့

 

WHO က နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့ကို World Malaria Day “ကမ္ဘာ့ငှက်ဖျားရောဂါနေ့ အဖြစ် သတ်မှတ်ကာ ကျန်းမာရေးအသိပေးလှုံ့ဆော်မှု များ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ကျင်းပခဲ့သော အကြိမ် (၆၀) မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက ငှက်ဖျားရောဂါကို ကာကွယ်ကုသရန်နှင့် ရောဂါ တိုက်ဖျက်ရေးမဟာ ဗျူဟာများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကျယ်ပြန့်စွာ ပညာပေးဖြန့်ဖြူးနိုင်စေရန် ရည်ရွယ်၍ World Malaria Day အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ငှက်ဖျားရောဂါ ကူးစက်ခံစားရဆုံးသူများမှာ အာဖရိကတိုက်ဆာဟာရဒေသတွင်းမှ ကလေးငယ်များဖြစ်ကြသည်။ ထို့ကြောင့် တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (SADC)က လည်း နှစ်စဉ် နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့ကို “SADC Malaria Week” အဖြစ် သတ်မှတ်ထားပြီး နိုဝင်ဘာလ ၆ ရက်နေ့ကိုလည်း “SADC Malaria Day” အဖြစ် အထူးတလည်သတ်မှတ်ထားသည်။

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂက ထောင်စုနှစ်ရည်မှန်းချက်အဖြစ် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ခွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တရားဝင်ကြေညာထားသည်။ အဆိုပါစီမံချက်ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ငှက်ဖျားဆေးဝါးများ ပိုမိုဖြန့်ဖြူးလာသည့်အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီဖြစ်သည်။ အဆိုပါစီမံချက်အတိုင်း မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၃၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါ ကင်းဝေးစေရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း “ကမ္ဘာ့ငှက်ဖျား ရောဂါတိုက်ဖျက်ရေးနှင့် အာဆီယံသွေးလွန် တုပ်ကွေးနေ့ အထိမ်းအမှတ်အခမ်းအနား သတင်းများအရ သိရသည်။

 

ကလေးများအတွက် WHO အကြံပြုချက်

 

ဗြိတိန်အခြေစိုက် ဂလက်ဆိုစမစ်ကလိန်း ကုမ္ပဏီက ထုတ်လုပ်သော RTS,S/ASO1 (Mosquirix) အမည်ရှိ ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးကို ဂါနာနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် မာလာဝီနိုင်ငံတို့၌ ၂၀၁၉ ခုနှစ်မှစ၍ ရှေ့ပြေးအဖြစ် စမ်းသပ်အသုံးပြုခဲ့ပြီး ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုတို့ကို ကလေးများအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်။ သုတေသီများက Mosquirix ငှက်ဖျားကာကွယ်ဆေးကို ဖော်ပြပါနိုင်ငံသုံးနိုင်ငံမှ ကလေးဦးရေ ရှစ်သိန်းကျော်ကို အသက် ငါးလ၊ ခြောက်လအရွယ်မှစ၍ တစ်လစီခွာပြီး သုံးလုံးထိုးနှံပေးခဲ့ရာ ပထမဆုံး အလုံးထိုးနှံပြီး ၁၈ လအကြာတွင် စတုတ္ထအလုံးကို ထိုးနှံပေးခဲ့သည်။ စမ်းသပ်မှုထွက်ပေါ်လာသည့် ရလဒ်များအရ Mosquirix ကာကွယ်ဆေး ပထမဆုံး သုံးလုံးထိုးနှံပြီးချိန်တွင် အသက်ငါးနှစ်နှင့် ခုနစ်နှစ်ကြားရှိ ကလေးများ၌ ငှက်ဖျားရောဂါကူးစက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး အသက်ရက်သတ္တခြောက်ပတ်နှင့် ၁၂ ပတ်ကြားကလေးများတွင် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ထို့ပြင် ၎င်းကာကွယ်ဆေးသည် ရောဂါပြင်းထန်စွာခံစားရမှု၏ ၃၀ ရာခိုင်နှုန်းကို လျော့နည်း စေကြောင်း၊ Mosquirix ကာကွယ်ဆေးပေါ်ထွက် လာစေရန် နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး ယင်းကာကွယ်ဆေး ထွက်ပေါ်လာမှုသည် လူသားကျန်းမာရေးသမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူ နိုင်ပြီဖြစ်ကြောင်း WHO က ပြောကြားသည်။ ထို့ကြောင့် ကလေးများအား Mosquirix ထိုးနှံပေး ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းကစပြီး ကမ္ဘာ့နိုင်ငံများသို့ အကြံပြုထားသည်။

 

ငှက်ဖျားရောဂါ ကာကွယ်ဆေးသစ်တစ်မျိုး အသုံးပြုခွင့်ကို WHO က အတည်ပြုပေးခဲ့

 

WHO က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က သုံးစွဲခွင့်အတည်ပြုချက်ပေးလိုက်သည့် ငှက်ဖျားရောဂါကာကွယ်ဆေးမှာ အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာရှင်များ ဖန်တီးထုတ်လုပ် ထားသည့် R21/Matix-M အမည်ရှိ ကာကွယ်ဆေးဖြစ်သည်။ အဆိုပါဆေးသည် သုံးစွဲနိုင်သော ကာကွယ်ဆေးအဖြစ် WHO က အတည်ပြု ပေးခဲ့သည့် ဒုတိယမြောက် ငှက်ဖျားရောဂါကာကွယ် ဆေးဖြစ်သည်။ WHO သည် RTS.S/ASO1 အမည်ရှိ ငှက်ဖျားရောဂါကာကွယ်ဆေးတစ်မျိုးကို ၂၀၂၁ ခုနှစ်က သုံးစွဲခွင့် အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ငှက်ဖျား ရောဂါသည် အာဖရိကတိုက်၌ ကူးစက်ဖြစ်ပွားမှု အားကောင်းနေဆဲဖြစ်ပြီး နှစ်စဉ်ကလေးဦးရေ ၅၀၀၀၀၀ ခန့်မှာ ငှက်ဖျားရောဂါကြောင့် သေဆုံး နေရသည်။ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်း အတာအရ ငှက်ဖျားရောဂါကူးစက်ခံရမှု ၂၄၇ မှု အထိရှိခဲ့ပြီး လူပေါင်း ၆၁၉၀၀၀ အထိ ငှက်ဖျား ကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

 

မြန်မာနိုင်ငံနှင့် ငှက်ဖျားရောဂါ

 

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ လေးသိန်းကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ရောဂါဖြစ်စဉ်လျော့ကျသွားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာပြည်တွင်း၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူဦးရေ တစ်သိန်းကျော်သာရှိတော့ကြောင်းနှင့် ယင်းနောက်ပိုင်း ရောဂါဖြစ်ပွားမှု နှုန်းများလည်း ကျဆင်းလာပြီဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။ မည်သို့ပင်ဆိုစေကာမူ ငှက်ဖျားရောဂါသည် မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပွားသေဆုံးမှုနှုန်း မှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည်လည်း အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့်အတူ ဖြစ်ပွားသေဆုံးမှုနှုန်း အများဆုံးတွင် ပါဝင်နေသည်။ မြန်မာ့လူဦးရေ တစ်ဝက်ကျော်သည် ငှက်ဖျားရောဂါ ကူးစက်မှုအန္တရာယ်ရှိသည့် ဒေသများတွင် နေထိုင်ကြရပြီး ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်း စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် ငှက်ဖျား ဖြစ်ပွားသူ သုံးသိန်းနီးပါးရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။ ဒေသန္တရကျန်းမာရေးဝန်ထမ်းများက ကြိုးစားအားထုတ်လျက်ရှိသော်လည်း ယနေ့အချိန်အထိ ငှက်ဖျားရောဂါကို ထိထိရောက်ရောက်ချေမှုန်းနိုင်ရန် ခက်ခဲနေပါသေးသည်။

 

ကြောက်စရာ့ငှက်ဖျား

 

ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသည့် အနောဖလိ (Anopheles) ဟုခေါ်သော “ခြင်မ ကိုက်ခံရခြင်းကြောင့် ငှက်ဖျားရောဂါဖြစ်လာရသည်။ ငှက်ဖျားရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး အကယ်၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ငှက်ဖျားရောဂါဖြစ်သည့်အခါ အချိန်မတိုင်မီကလေးမီးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေးမွေးဖွားခြင်း၊ မွေးဖွားပြီးပြီးချင်း ကလေးသေဆုံးခြင်း၊ သားလျှောခြင်းတို့ ဖြစ်နိုင်သည်။ ထိုခြင်မ အကိုက်ခံရပြီးနောက် ၁၀ ရက်မှ ရက်သတ္တသုံးပတ်အတွင်း ငှက်ဖျားပိုးဝင်သွားသည်။ လူ့ခန္ဓာကိုယ်တွင်း ငှက်ဖျားရောဂါပိုး တစ်ကြိမ်ဝင်မိ ပြီဆိုသည်နှင့် လုံးဝ အမြစ်မပြတ်နိုင်တော့ပေ သို့မဟုတ် လွန်စွာခဲယဉ်းသည်။ ထို့ကြောင့် ငှက်ဖျား ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများမှာ လွန်စွာများပြားလှသဖြင့် ခြင်ကိုက်မခံရအောင် နည်းအမျိုးမျိုးဖြင့် ကြိုတင်ကာကွယ်ထားသင့်ပါသည်။

 

သတိပြုဖွယ် ဆေးယဉ်ပါးငှက်ဖျားရောဂါ

 

ပုံမှန်ပေးနေကျ ငှက်ဖျားဆေးများကို ခံနိုင်ရည်ရှိသော ဆေးယဉ်ပါးငှက်ဖျားရောဂါသည် အရှေ့တောင် အာရှနိုင်ငံများဆီ မြန်မြန်ဆန်ဆန်ကူးစက် ပျံ့နှံ့လာပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဆေးပညာရှင်များက ထုတ်ဖော်ပြောကြားသည်။ ငှက်ဖျားရောဂါ နှိမ်နင်းတိုက်ဖျက်သောနေရာတွင် အောင်မြင်ဖြစ်ထွန်းမှုကြီးမားအောင် လုပ်ဆောင်လာနိုင်ခဲ့သော်လည်း ဆေးဒဏ်ခံနိုင်သော ရောဂါ ပျံ့နှံ့လာမှုက ခြိမ်းခြောက်လာလျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံတွင် လက်ရှိငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းနေသော်လည်း ဆေးယဉ်ပါး ငှက်ဖျားရောဂါအတွက် စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနက သတိပေးထားသည်။

ဆေးယဉ်ပါး ငှက်ဖျားရောဂါဆိုသည်မှာ ငှက်ဖျားဆေးများ ပုံမှန်မသောက်ခြင်း၊ ငှက်ဖျား ဆေးအတုများ သောက်သုံးမိခြင်းတို့ကြောင့် ဖြစ်ပွား လာရကာ ဆေးမတိုးသောငှက်ဖျားရောဂါအဖြစ်သို့ ရောက်ရှိလာခြင်းကို ခေါ်ပါသည်။ ၎င်းဆေးယဉ်ပါး ငှက်ဖျားရောဂါသည် ယခုအခါ အိမ်နီးချင်းနိုင်ငံ တချို့တွင် ဖြစ်ပွားလျက်ရှိနေပြီး မြန်မာနိုင်ငံအတွင်း သို့ ကူးစက်ပျံ့နှံ့လာခြင်း မဖြစ်ရလေအောင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ များတွင် ယင်းရောဂါအတွက် အလေးထား ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်း၊ ဆေးဈေးကွက်တွင် ငှက်ဖျားဆေးအတုများ ဝင်ရောက်လာခြင်း မရှိစေရန်အတွက်ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ငှက်ဖျားရောဂါလက္ခဏာများ

 

ရောဂါလက္ခဏာများမှာ ချွေးစေးများထွက်ကာ ဖျား၍ချမ်းတုန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ဝမ်းသက်ခြင်း စသည်တို့ဖြစ်သည်။ အကယ်၍ ရောဂါပြင်းထန်လာပါက သွေးအားနည်းခြင်း၊ ဆီးထဲသွေးပါခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်ကာ သတိလစ်မေ့မြောခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြောခြင်း၊ သွေးထဲတွင် သကြားဓာတ်လျော့ကျသွားခြင်း၊ အသက်ရှူ လမ်းကြောင်းတွင် ပြဿနာကြီးဖြစ်လာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သရက်ရွက်ကြီးခြင်းတို့ ဖြစ်လာသည်။

 

လွယ်ကူမြန်ဆန် အိမ်တွင်းကုထုံးများ

 

ငှက်ဖျားရောဂါနှင့်ပတ်သက်ပြီး တိုင်းရင်းဆေး ကျမ်းများအလိုအရ “ငှက်သင့်၊ ငှက်ဖျား ဆိုသည်များလည်း ကြီးမားသောင်ကမ်း၊ ဆီးနှင်းရွှမ်း၊ အေးချမ်းရပ်နေ၊ ဘေးသည်းခြေလျှင်၊ ဆောင်းထွေ အုပ်စိုး၊ ထိုအခိုး ဟုဆိုထားသည်။ မှန်ပါသည်။ ငှက်ဖျားရောဂါသည် ဥတုချမ်းအေးသောတောတောင်သောင်ကမ်းကြီးများတွင် ကူးစက်ပြန့်ပွား မှု လွန်စွာမြင့်မားသည်။ အကယ်၍ ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်သည့်အရပ်ဒေသများသို့ မဖြစ်မနေ သွားရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ကာ ငှက်ဖျားကာကွယ်ဆေးကို ကြိုတင်သောက်သုံးခြင်း သို့မဟုတ် ကြိုတင်ဆေးထိုးခြင်း၊ ဆေးဆောင်ထား ခြင်း ပြုလုပ်သင့်ပါသည်။

ငှက်ဖျားရောဂါသည် မြန်မာပြည်တွင် ရှေးပဝေသဏီကတည်းကစ၍ ဖြစ်ပေါ်လာခဲ့သဖြင့် ရှေးလူကြီးများက အိမ်တွင်းကုထုံးများကိုသုံးကာ ငှက်ဖျားရောဂါ အမြစ်ပြတ်အောင်ကုသခဲ့ကြသည်။ သို့ပါ၍ ငှက်ဖျားရောဂါနှင့် ပတ်သက်သော လွယ်ကူမြန်ဆန်အိမ်တွင်းကုထုံးများကို ကျန်းမာသုတရစေရန် အောက်ပါအတိုင်း ပြန်လည်၍မျှဝေပေးလိုက်ရ ပါသည်။

 

ငှက်ဖျားအတွက် စပါးလင်လက်ဖက်ရည်က ကောင်းစွာထိရောက်မှုရှိသည်။ စပါးလင်ပင် လတ်လတ်ဆတ်ဆတ်ကို ထောင်းထု၍ ရေနွေးပူပူမှာ ခတ်သောက်ပါ။

တမာပင်၏ ပင်စည် (အခေါက်) က ငှက်ဖျားနှင့် အဖျားရောဂါအမျိုးမျိုးတို့အတွက် ဆေးဖက်ဝင်သည်။

မြင်းခွာရွက်နှင့် ငရုတ်ကောင်းစေ့တို့ကို အလေးချိန်ဆတူရောကြိတ်၍ သောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါ အမြစ်ပြတ် ပျောက်ကင်းစေပါသည်။

မှန်ကူသီးကိုအစေ့ထုတ်၍ အမှုန့်ပြုပြီး ဖန်ခါးမှုန့်နှင့်ရောကာ သမအောင်ပြုလုပ်ပြီး ဆီးကင်းခန့် အလုံးကလေးများ ပြုလုပ်၍ တစ်နေ့တစ်လုံးနံနက်တိုင်းသောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ထားနိုင်သည်။

မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ၏ အဆိုအရ မြင်းခွာရွက်၊ ပင်စိမ်းရွက်၊ ငရုတ်ကောင်းမှုန့် စသည့် သုံးမျိုးကို ဆတူရောကြိတ်၍ သုံးရွေးသားစီခန့်လုံးပါ။ နံနက်တစ်လုံး ညတစ်လုံးစားပါ။ ငှက်ဖျားနာတာရှည် ရောဂါများကင်းစင်ပြီး မည်သည့်ရောဂါမျှ စွဲကပ် မလာတော့ဘဲ ကျန်းမာ၍ အသက်ရှည်စေကြောင်း သိရသည်။

ငှက်ဖျားရောဂါအတွက် လတ်လတ်ဆတ်ဆတ် ကင်ပွန်းချဉ်ရွက်ကြိတ်ရည် (သတ္တုရည်) ကို သောက်သုံးသင့်ပါသည်။

 

အချုပ်အားဖြင့်ဆိုသော် ကမ္ဘောဒီးယား၊ တရုတ်(ယူနန်ပြည်နယ်)၊ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် မဟာမဲခေါင်ဒေသခွဲ ခြောက်နိုင်ငံသည် ငှက်ဖျား ပပျောက်ရေးတွင် တိုးတက်မှု ဆက်လက် လုပ်ဆောင်နေပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း ငှက်ဖျားရောဂါ ၉၇ ရာခိုင်နှုန်း လျော့ကျ သွားကြောင်း အစီရင်ခံတင်ပြထားသည်ကို လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း တီဘီ၊ အိတ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်သော်လည်း ယင်းအစီရင်ခံစာအရ ရောဂါတိုက်ဖျက်ရေး၌ အောင်မြင်မှုရှိနေသည်မှာ ဝမ်းသာစရာဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ငှက်ဖျားရောဂါသည် မိမိ၏ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်များပြောင်းလဲမှုကြောင့် ဖြစ်ပွားသည်များရှိသကဲ့သို့ လူတစ်ဦးမှ တစ်ဦးထံ တစ်ဆင့်ကူးစက်ဖြစ်ပွားသည့် ရောဂါများကိုလည်း တွေ့ရှိနေရသဖြင့် ပေါ့ပေါ့ဆဆမနေသင့် ပေ။

ငှက်ဖျားရောဂါကို ၂၀၅၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်မှ အပြီးတိုင်တိုက်ဖျက်နိုင်လိမ့်မည်ဟု ရည်ရွယ်ထားသော်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခြားသော အကြောင်းရင်းများကြောင့် ငှက်ဖျားရောဂါတိုက်ဖျက်ရာ၌ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်။ ထို့ပြင် လူအများ တစ်နေရာမှတစ်နေရာသို့ သွားလာမှုများပြားခြင်း၊ ဆေးယဉ်ပါး ငှက်ဖျားပိုးများ ပျံ့နှံ့လာခြင်း၊ ငှက်ဖျားဆေးဝါးအတုများနှင့် အရည်အသွေးမပြည့်ဝသော ဆေးဝါးများကို အသုံးပြုမိခြင်းနှင့် ငှက်ဖျားရောဂါကိုဖြစ်စေသောခြင်များ အလေ့အထပြောင်းလဲလာခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စိတ်ခေါ်မှုတစ်ရပ်ဖြစ်နေသေးသည်။ ထို့ကြောင့် မိမိကစ ငှက်ဖျားရောဂါ မဖြစ်စေရေးအတွက် နိစ္စဓူဝသွားလာနေထိုင်မှုများ၌ သတိရှိကြစေလိုပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်များအတိုင်း ပြည်သူလူထု တစ်ရပ်လုံး လိုက်နာဆောင်ရွက်ခြင်းဖြင့် ငှက်ဖျား ရောဂါ ကင်းစင်စေမည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။