ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ် ပျားရည်နှင့်ပျားထွက်ကုန်ပစ္စည်းများပြပွဲ ပထမအကြိမ်ကျင်းပ 

ရန်ကုန်  ၂၀   မေ 

 

ပထမအကြိမ် ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ် ပျားရည်နှင့်ပျားထွက်ကုန်ပစ္စည်းများ ပြပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ မေ ၁၉နှင့်၂၀ရက်တို့တွင် ကျင်းပသည်။

 

အဆိုပါပြပွဲဖွင့်ပွဲအခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဌာနပိုင် ပျားအုံ၄၀ဝအုံနှင့် ပုဂ္ဂလိကပျားမွေးတောင်သူ ၆ဦး၊ ပျားအုံ ၁၃၁၅ အုံ မွေးမြူနေကြောင်း၊ တစ်နိုင်ငံလုံးတွင် ပျားမွေးမြူရေးလုပ်ငန်းရှင်၉၅၀ဦး၊ လုပ်သား ၂၀ဝ၀ခန့်မှ ပျားအုံ ၁၈၅၀ဝ၀အုံ မွေးမြူလျက်ရှိရာ နှစ်စဉ် ပျားရည် ၆၅၀ဝ မက်ထရစ်တန် ထုတ်လုပ်ပြီး နိုင်ငံခြားသို့ တစ်နှစ်လျှင် ပျမ်းမျှ ပျားရည်၂၅၀ဝတန်ကို တင်ပို့ရောင်းချနေပြီး အမေရိကန်ဒေါ်လာ ၃ဒသမ၇သန်း ရရှိလျက်ရှိကြောင်း။ 

 

ပျားမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးစေရန် ပျားစားကျက်များ တိုးချဲ့ရှာဖွေလျက် ပျားမွေးမြူရေး အတတ်ပညာ သင်တန်းများပေးခြင်းနှင့် ပျားဘုရင်မ မျိုးကောင်းမျိုးသန့် များ ပြည်တွင်းတွင် မွေးမြူထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ပညာရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာပျားမျိုးစိတ်များ၊ ဂေဟစနစ်ကိုကာကွယ် စောင့်ရှောက်ပြီး လူ့ပတ်ဝန်းကျင်အတွက် အရေးပါသည့် ပျားများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။ 

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက အမှာစကား ပြောကြားသည်။ 

 

ယင်းနောက် ကမ္ဘာ့ပျားနေ့ ပျားရည်ပြိုင်ပွဲဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။


 
ယခုပြပွဲတွင် ရှမ်းပြည်နယ်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် နေပြည်တော်မှ ပျားရည်နှင့်ပျားထွက် ပစ္စည်းအရောင်းပြခန်း ၁၀ ခုကျော် ပြသရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံမှပျားရည်အဓိကတင်ပို့သည့်နိုင်ငံများမှာ ဂျပန်၊ ကနေဒါ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ပျားရည် တင်ပို့မှုမှာ ဂျပန်နိုင်ငံ၏ Import စာရင်း အနေဖြင့် အဆင့် ၅ တွင် ရှိနေကြောင်း သိရသည်။ 

 

“ကမ္ဘာ့ပျားနေ့ ကျင်းပရခြင်းက ကမ္ဘာမှာ ဂေဟစနစ်အတွက် အရေးကြီးတဲ့ ဝတ်မှုံကူးပေးတဲ့ ပျားအပါအဝင် အခြားအင်းဆက် သတ္တဝါတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ် ဒီပွဲက ပျားရည်ကို အဆင့်ဆင့်သန့်စင်ထုတ်ပြီး ပျားရည်ဓာတ်ခွဲခန်း မှာ စစ်ဆေးပြီးမှ နိုင်ငံတကာကို တင်ပို့ရောင်းချ တဲ့ကုမ္ပဏီတွေလည်းရှိတယ်ဆိုတာ ပြည်သူတွေ သိရှိစေဖိ်ု့ ရည်ရွယ်ချက်နဲ့ ပထမ အကြိမ်အဖြစ် ကျင်းပရခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက ပြောသည်။ 

 

ပျားထွက်ကုန်များမှာ Royal Jelly၊ ပျားဝတ်မှုံ၊ ပျားကော်၊ ပျားချေး၊ ပျားဖယောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆပ်ပြာ၊ အချိုရည်၊ ဟင်းချက်အနှစ်များ အပြင် ပျားရည်ကို ကျန်းမာရေးအရ သကြားအစားထိုးအဖြစ် အစားထိုးအသုံးပြု လာကြပြီး၊ တိုင်းရင်းဆေးများတွင်လည်း ဖော်စပ်အသုံးပြုကြကြောင်း ။  ပျားချေးမှာ ဆေးဘက်ဝင်ပြီး၊ ပျားဖ‌ယောင်းသည် ရေနံမှထုတ်သည့်ဖယောင်းထက် ကာဗွန်ထုတ် လွှတ်မှုနည်းပါးသဖြင့် အနောက်နိုင်ငံများတွင် အသုံးများကြောင်း သိရသည်။ 


 
သန့်စင်ဝင်း 

 

ge IMG_201