ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အမေရိကန်နုတ်ထွက်ပြီးနောက် ဘာတွေဖြစ်လာမလဲ

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

 

ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်လာပြီး သိပ်မကြာသေး ခင်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထဲက ဆွဲထုတ်ဖို့ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက် ပြီးတော့လည်း ပြီးခဲ့တဲ့မေလက ၎င်းရဲ့သဘောထားဆန္ဒ ကို အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပြီးပါပြီ။

 

တစ်ဖက်သတ်စွပ်စွဲ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အမေရိကန် နုတ်ထွက်ဖို့ စဉ်းစားနေရတဲ့အကြောင်းကတော့ ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးဟာ တရုတ်နိုင်ငံကို မျက်နှာသာပေးနေလို့ ဖြစ်တယ်ဆိုပြီး သမ္မတထရမ့်က တစ်ဖက်သတ်စွပ်စွဲ ထားပါတယ်။ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံက ပြန်စဉ်းစားသုံးသပ်ဖို့ အမျိုးမျိုးတိုက်တွန်းနေကြပေမယ့် ထရမ့်ကတော့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးတစ်ခုဖြစ် တဲ့ WHO ကနေ နုတ်ထွက်မယ်။ ပြီးတော့ တခြားနေရာ တွေမှာ တိုက်ရိုက်ရန်ပုံငွေ ထည့်ဝင်မယ်ဆိုပြီး တွင်တွင်ပြောဆိုနေပါတယ်။

 

အခုဆိုရင် သမ္မတက ၎င်းရဲ့ သဘောထားဆန္ဒကို ကုလသမဂ္ဂနဲ့ အထက်လွှတ်တော်ကိုပါ အသိပေး အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ တကယ်တမ်းနုတ်ထွက်မယ်ဆိုရင် အဲဒီ ဖြစ်စဉ်က တစ်နှစ်ထက်မနည်း အချိန်ကြာမြင့်နိုင်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ ပြောရေးဆိုခွင့် ရှိသူ စတီဖင်ဒူဂျာရစ်က အမေရိကန်ရဲ့ အကြောင်းကြားချက်ကို အတည်ပြုခဲ့ပြီး နုတ်ထွက်မှုဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ် တယ်လို့ သိရပါတယ်။

 

ပြုပြင်ပြောင်းလဲဖို့လက်မခံ

 

ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှု အကျပ်အတည်း အောက် ကျရောက်နေရတဲ့ အချိန်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ အမေရိကန်နုတ်ထွက်တော့မယ်ဆိုတဲ့ အကြောင်းကြားချက်ကို အထက်လွှတ်တော်က လက်ခံ ရရှိခဲ့တယ်လို့ ပြည်ပဆက်ဆံရေးကော်မတီဆိုင်ရာ ဒီမိုကရက်တစ် ဆီးနိတ်လွှတ်တော်အမတ် ရောဘတ် မီနန်ဒက်ဇ်က ပြောကြားခဲ့ပါတယ်။ ဒီနုတ်ထွက်မှုဟာ အမေရိကန်နိုင်ငံသားတွေကို စိတ်မသက်သာဖြစ်စေပြီး အမေရိကကို တစ်ကိုယ်တော်ဖြစ်သွားစေလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အတွင်းမှာ ၎င်းဖြစ်စေချင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသေးစိတ်ချပြခဲ့ပြီး ဒီကိစ္စကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးနဲ့ တိုက်ရိုက်ညှိနှိုင်းခဲ့ပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လက်မခံခဲ့ဘူးလို့ အမေရိကန်အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက စီဘီအက်စ် သတင်းသို့ ဖြေကြားခဲ့ပါတယ်။

 

ပြန်ပူးပေါင်းမယ်

 

နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို စိန်ခေါ်မယ့် ဂျိုးဘိုင်ဒင်ကတော့ ကျွန်တော်သမ္မတဖြစ်ခဲ့ရင် သမ္မတတာဝန်စယူတဲ့ ပထမ နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပြန်ပူးပေါင်းမှာ ဖြစ်ပြီး ကမ္ဘာ့စင်မြင့်ထက်မှာ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင် မှုကို ဆက်လက်တည်ရှိစေမယ်လို့ ၎င်းရဲ့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွင်း မှာရန်ပုံငွေအကြီးဆုံးထည့်ဝင်ထားတဲ့ ပူးပေါင်းပါဝင်သူ ဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထည့်ဝင်ထားသူဖြစ်ပါတယ်။ အဲဒီငွေကြေးပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့သိရပါတယ်။ ၁၉၄၈ ခုနှစ်မှာ အထက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဆုံးဖြတ် ချက်အရ အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကနေ နုတ်ထွက်ခွင့်ရှိပေမယ့် မထွက်ခင်တစ်နှစ်ကြိုတင် အသိပေးရမှာ ဖြစ်ပါတယ်။

 

မေးခွန်းတွေထွက်ပေါ်နိုင်

 

ဒီတော့အမေရိကန်ရဲ့ နုတ်ထွက်မှုကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ အနာဂတ်ရန်ပုံငွေအလားအလာ နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာနိုင်သလို အဖွဲ့ကြီးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးနဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားစရာဖြစ်လာပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ သမ္မတထရမ့်က ရက်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အမှန်အကန်တိုးတက်မှုတွေဖြစ်ထွန်းအောင် တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးအတွက် ငွေကြေးထည့်ဝင်နေတာကို ရပ်ဆိုင်း တော့မယ်ဆိုပြီး အရင်ဆုံးကြေညာခဲ့ပါတယ်။ အဲဒီနောက် မေလနှောင်းပိုင်းမှာတော့ ထရမ့်က အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆက်ဆံရေးအဆုံးသတ် တော့မှာဖြစ်ပြီး အဲဒီမှာထည့်ဝင်နေတဲ့ ရန်ပုံငွေတွေကို လည်း တခြားသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံ တကာပရဟိတအဖွဲ့အစည်းတွေဆီမှာ ပြောင်းပြီး ထည့်ဝင်တော့မယ်လို့ ဆိုလာခဲ့ပါတယ်။

 

 အထောက်အထားပြနိုင်ခြင်းမရှိ

 

ပြီးတော့ သမ္မတထရမ့်က တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံ တကာကို လှည့်စားအောင် တရုတ်နိုင်ငံက တွန်းအား ပေးနေတယ်ဆိုပြီး စွပ်စွဲထားပေမယ့်လည်း ၎င်းရဲ့ စွပ်စွဲ ချက်တွေအတွက် တိကျတဲ့သက်သေ အထောက် အထားတွေကို ပြသနိုင်ခြင်းမရှိသေးပါဘူး။

 

ဂျာမနီနဲ့ ဗြိတိန်အပါအဝင် တခြားနိုင်ငံတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို အမေရိကန်က ငွေကြေး ထည့်ဝင်နေတာတွေ မရုပ်သိမ်းစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗစ် -၁၉တွန်းလှန်နိုင်မယ့် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ကမ္ဘာတစ်ဝန်းရဲ့ ကြိုးပမ်း မှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတူတကွ ပူးပေါင်း ဆောင်ရွက်နေလို့ ဖြစ်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ၁၉၄၈ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ဂျီနီဗာမှာ အခြေစိုက်ထားပါတယ်။ ကမ္ဘာတစ်ဝန်းက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိတဲ့ ကုလသမဂ္ဂအေဂျင်စီတစ်ရပ်အဖြစ် အသိ အမှတ်ပြု တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံအထိပါဝင်ပြီး ကျန်းမာရေးကို မြှင့်တင်ဖို့၊ ကမ္ဘာကြီး ဘေးကင်းဖို့နဲ့ အင်အားနည်းသူ တွေကို ကူညီကယ်ဆယ်ဖို့ရည်ရွယ်တဲ့ အဖွဲ့ အစည်း တစ်ရပ်ဖြစ်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ကာကွယ်ဆေး တီထွင်ထုတ်လုပ်ရေးလှုပ်ရှားမှုတွေ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိ ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ နိုင်ငံ တွေကို အကူအညီပေးနေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူဦးရေနဲ့ ချမ်းသာကြွယ်ဝမှု အနေအထားအပေါ်မူတည် ပြီးထည့်ဝင်တဲ့ စုပေါင်းရန်ပုံငွေနဲ့ စေတနာအလျောက် ပူးပေါင်းပါဝင်မှုအားဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက် လျက်ရှိပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ