ကလေးတွေရဲ့ အကျင့်ဆိုးတွေအပေါ် အသင့်စားစရာတွေရဲ့ လွှမ်းမိုးမှု

ပင်ပန်းခြင်း၊ ငြီးငွေ့ခြင်း ဒါမှမဟုတ် ဒေါသတွေဟာ အမူအကျင့်ဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးတွေ ဘာစားသလဲဆိုတာကလည်း သူတို့ရဲ့ အမူအကျင့်တွေနဲ့ သွယ်ဝိုက်သော နည်းအားဖြင့် ဆက်စပ်နေပါတယ်။ အသင့်စား အစားအသောက်တွေဟာ အဓိက တရားခံတွေဖြစ်ပြီး ကလေးတွေရဲ့ စားသောက်မှုပုံစံထဲက အသင့်စား အစားအစာတွေကို ထုတ်ထားခြင်းဟာ အချို့သော အမူအကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်တဲ့ နည်းတစ်နည်းပါပဲ။

 

အသင့်စားအစားအသောက်တွေကို အမှိုက်သဖွယ် အသုံးမကျဖြစ်အောင်လုပ်နိုင်တဲ့ ပါဝင်ပစ္စည်းများ

 

အသင့်စား အစားအသောက်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် စားချင်စရာလေးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ကျေနပ်မှုတွေ၊ ဈေးနှုန်းတွေနဲ့ အရသာတွေပါ အပါအဝင်ပေါ့။ ကလေးတွေအတွက်ဆိုရင်တော့ သူတို့တွေဟာ သူတို့စားလိုက်တဲ့အစာတွေကြောင့် နေမကောင်းဖြစ်နိုင်တယ်ဆိုတာ မသိသေးတဲ့အပြင် အသင့်စားအစားအစာတွေကလည်း စားချင်စိတ်ကို ပိုဖြစ်စေပါတယ်။

 

အချိုဓာတ်များတဲ့စားစရာတွေဟာ ကလေးတွေရဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေအတွက် မကြာခဏဆိုသလို အဓိက ရင်းမြစ်ဖြစ်နေတတ်ပြီး အခြားသော ကျန်းမာရေးနဲ့မညီတဲ့ စားစရာတွေမှာလည်း တာဝန်ရှိပါတယ်။ ဆိုးဆေးတွေနဲ့ အစာထဲထည့်တဲ့ ဓာတုပစ္စည်းတွေဟာ ကလေးတွေဘယ်လို ပြုမူသလဲဆိုတဲ့အပေါ် လွှမ်းမိုးနိုင်ပါတယ်။

 

အသင့်စားအစားအစာတွေနဲ့ စွဲလမ်းနေတဲ့ အမူအကျင့်တွေ

 

ကလေးတွေဟာ သကြားများတဲ့အစာ၊ အဆီများတဲ့အစာတွေနဲ့ ဆားငံတဲ့အစာတွေကို ကြိုက်တတ်ပြီး ဒါတွေကိုပဲ မကြာခဏပူဆာတတ်ကြပါတယ။် တကယ်တမ်းမှာတော့ ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ်ပါဝင်တဲ့ မုန့်တွေ ဥပမာ ချိုချဉ်၊ ဆိုဒါ၊ အချိုမှုန့်တွေ နဲ့ ပေါင်မုန့်ဖြူတွေဟာ ဦးနှောက်ကို စိတ်ကျေနပ်မှုနဲ့ သဘောကျ နှစ်သက်မှုကို ပြတဲ့ လက္ခဏာတွေ ပို့ပေးပါတယ်။

 

တစ်ဘက်မှာလည်း ကလေးတစ်ယောက်က ဒီလို အသင့်စား စားစရာတွေကို တစ်ခါ စားသုံးမိရင် သူတို့တွေဟာ အရသာနဲ့ အထိအတွေ့ကို သဘောကျနေကြပြီး ဒါကြောင့်ရတဲ့ ခံစားချက်ကိုလည်း သဘောကျနှစ်သက်နေတာမို့ ဒီခံစားချက်ကို စွဲလမ်းနေတတ်ပါတယ်။ ဒီစွဲလမ်းမှုကပဲ ကျန်းမာစေတဲ့ အရာတွေဖြစ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထက် အသင့်စား စားစရာတွေကို ပိုပြီးနှစ်သက် စေပါတယ်။

 

အသင့်စား အစားအစာများနဲ့ hyperactivity

 

သကြားဓာတ်မြင့်မားစွာပါဝင်ခြင်းကတော့ မိဘတွေ အစိုးရိမ်ဆုံး ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ သကြားစားသုံးမှုနဲ့ ထိန်းချုပ်မရတဲ့ အပြုအမူတွေကြားမှာလည်း ဆက်စပ်မှု တစ်ခုခုရှိနေပါတယ်။ အသင့်စား အစားအသောက်တွေနဲ့ သကြားဓာတ်မြင့်မားစွာ ပါဝင်တဲ့ စားစရာတွေဟာ စွမ်းအင်ပမာဏကို လျော့ကျစေပြီး အချိန်ကြာကြာ အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။

 

ဆိုဒါ၊ အချိုပွဲတွေနဲ့ ပေါင်မုန့်ဖြူတွေမှာ ပါဝင်တဲ့ သကြားဓာတ်တွေဟာ သွေးကြောထဲကို အလျင်အမြန် ရောက်ရှိသွားပြီး ဒါကပဲ သွေးတွင်းသကြားဓာတ်ကို အလျင်အမြန် မြင့်တက်စေတာပါ။ ဒါဟာ ကလေးတွေမှာတော့ ပိုပြီးတက်ကြွ လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆိုဒါဟာ အာရုံ စူးစိုက်နိုင်စွမ်း မရှိလောက်အောင်ဖြစ်သည်ထိ စွမ်းဆောင်နိုင်ပါတယ်။

 

အသင့်စား အစားအစာများနဲ့ ဗိုလ်ကျတတ်ခြင်း

 

အသင့်စားတွေကို အများကြီးစားသုံးတဲ့ ကလေးတွဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို စားသုံးတဲ့ သူတို့နဲ့ ရွယ်တူ ကလေးတွေထက် ပိုပြီး ဗိုလ်ကျတတ်ပါတယ်။ သကြားပါတဲ့ ဆိုဒါတွေကို သောက်တဲ့ ကလေးတွေနဲ့ သောင်းကျန်းမှုတွေဟာ ဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ။် သကြားကလည်း ဒီအပြုအမူတွေရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပြီး ကဖိန်းကလည်း ဦးနှောက်ရဲ့ ဓာတုပစ္စည်းတွေနဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေတာကြောင့် သူ့ကိုလည်း  အပြစ်တင်ရမလိုပါ။

 

စွမ်းအင်နဲ့ အာရုံစူးစိုက်နိုင်မှု

 

ကိုယ်လက်လှုပ်ရှားမှုဟာ အသက်အရွယ်မခွဲခြားဘဲ ကလေးတိုင်းအတွက် အရေးကြီးပါတယ်။ ပြီးတော့ အသင့်စား အစားအသောက်တွေကို မကြာခဏ စားသောက်ခြင်းက ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လုံလောက်တဲ့စွမ်းအင်ကို ပေးနိုင်တဲ့ လိုအပ်တဲ့အာဟာရတွေကို မပေးစွမ်းနိုင်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကောင်းမွန်မှုကို ထိခိုက်စေနိုင်ပြီး ကလေးကို တစ်ကိုယ်တည်း အထီးကျန်ဆန် စေပါတယ်။

 

မိမိကိုယ်ကို ယုံကြည်မှုနဲ့ စိတ်ကျရောဂါ ( စိတ်ဓာတ်ကျဆင်းခြင်း)

 

မိမိကိုယ်ကို ယုံကြည်မှုဟာ ဖွံ့ဖြိုးဆဲကလေးတွေအတွက်တော့ အထူးအရေးကြီးနေပြီး အသင့်စား အစားအသောက်တွေကို မကြာခဏ စားသုံးခြင်းဟာ မိမိကိုယ်ကို ထားတဲ့အမြင်တွေအတွက် အဆိုးတွေကိုပဲ ယူဆောင်ပေးလာပါတယ။် အသင့်စား အစားအသောက်တွေဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်ပြီး နညး်လမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ – ကျန်းမာရေးနဲ့ မညီညွတ်စွာ ဝဖြိုးလာခြင်း တို့လိုပေါ့။ ဒါတွေက မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်းတွေဆီကို ဦးတည်စေပါတယ်။

 

ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါတွေလည်း ဖြစ်ပေါ် လာနိုင်ပါတယ်။ စိတ်ကျရောဂါဟာ ကလေးတွေအတွက်တော့ သိပ်ကို အရေးကြီးတဲ့ ပြဿနာကြီးပါ။ ဒါဟာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောက်အယှက်ဖြစ်စေပြီး ကျောင်းက လုပ်ငန်းဆောင်တာတွေ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် မိမိကိုယ်ကို သေကြောင်းကြံသည်ထိ ဖြစ်သွားနိုင်ပါတယ်။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

 

ရေးသားသူ Wathun Myat Chal

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar