ကလေးသူငယ် အစာကျွေးမွေးပြုစုခြင်းအကြောင်း သိကောင်းစရာ

နေပြည်တော် ၂၉ မတ်

 

သင့်ကလေး ကျန်းမာဖွံ့ဖြိုးစေရန် မိခင်နို့နှင့် ဖြည့်စွက်စာကို စနစ်တကျ တိုက်ကျွေးပါ။

 

ဖြည့်စွက်စာဆိုသည်မှာ ကလေးအသက် ၆လပြည့်လျှင် မိခင်နို့နှင့်အတူ ဖြည့်စွက်ကျွေးမွေးရသည့် အခြားအစားအစာများကို ဆိုလိုသည်။

 

ကလေးအသက်(၆)လပြည့်လျှင် မိခင်နို့နှင့်အတူ ထမင်း၊ အသားငါး၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ ကြက်ဥစသည့် အဖတ်များ၊ ဆန်ပြုတ်၊ စွတ်ပြုတ်နှင့် အရည်အမျိုးမျိုးကို ဖြည့်စွက်ကျွေးရန် လိုအပ်ပါသည်။

အသက်(၆)လ ပြည့်ပြီးသောကလေးအား ဖြည့်စွက်စာကျွေးရာတွင် ဆီအနည်းငယ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်) ထည့်၍ ကျွေးရပါမည်။

သစ်ဥ၊ သစ်ဖုနှင့် မုန့်ပဲသရေစာများ အပါအဝင် အစားအစာမျိုးစုံတို့ကို တဖြည်းဖြည်း အကျင့်လုပ်၍ ကျွေးရပါမည်။

 

ငါးနှစ်အောက်ကလေး အစာခဏခဏကျွေး

 

ငါးနှစ်အောက်ကလေးများသည် လူကြီးများကဲ့သို့ တစ်ကြိမ်တည်းနှင့် အစာအများကြီး မစားနိုင်ကြပါ။ လူကြီးများကဲ့သို့ တစ်နေ့လျှင် နှစ်ကြိမ်စားရုံဖြင့် မလုံလောက်ပါ။

တစ်နေ့လျှင် ထမင်းသုံးကြိမ် ကျွေးပါ။

အာဟာရပြည့်ဝသော မုန့်ပဲသရေစာများ တစ်နေ့လျှင် (၂)ကြိမ်ကျွေးပါ။

ကလေးစားချင်အောင် ချော့မြှူ၍ ကျွေးရမည်။

 

နေမကောင်းသည့် ကလေး အစာပိုကျွေး

 

ကလေးငယ် နေမကောင်းဖြစ်နေစဉ်နှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ်

အစာမကျွေးဘဲ မထားပါနှင့်၊ ကလေးက မစားချင်သည့်တိုင် ချော့မြှူပြီးကျွေးပါ။

အစာကို တစ်ကြိမ်ကျွေးလျှင် ပမာဏနည်းနည်းနှင့် အကြိမ်များများ ကျွေးပါ။

အစာပျော့ပျော့ ကျွေးပါ။ အရည်များများ တိုက်ပါ။ 

မိခင်နို့ဆက်တိုက်ပါ။ ဓာတ်ဆားရည်၊ဆန်ပြုတ်၊ စွပ်ပြုတ် တိုက်ပါ။

အာဟာရပြည့်ဝမှ မြန်မြန်နာလန်ထမည်။

ကလေး အစာမဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ပြပါ။

 

နာလန်ထချိန်တွင် ကလေးခံတွင်း ပြန်ကောင်းလာတတ်ပါသည်။ နာမကျန်းဖြစ်စဉ် လျော့နည်းသွားသော ကိုယ်အလေးချိန်ကို အမြန်ဆုံး ပြန်လည်ရရှိအောင် နာလန်ထချိန်တွင် အစာပိုကျွေးပါ။

 

http://myanmardigital.news/sites/default/files/3-29.JPG

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

 

MDN