ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား  ၂၀ ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တက္ကသိုလ်ဝန်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ Research Center တို့၌ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 

855

 

ကလေးစာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်ရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကျေးဇူတင်စကား ပြောကြားကာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကလေးစာပေပွဲတော်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အခြေခံပညာ အထက်တန်းကျောင်းများ၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ ILBC ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက တေးသရုပ်ဖော်အကများ၊ လီဆူ၊ တိုင်းလုံ၊ ကချင်၊ ရှမ်း၊ ရဝမ် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

 

အဆိုပါ ကလေးစာပေပွဲတော်(မြစ်ကြီးနား)၌ တိုင်ရင်းသားပြခန်း (၁၁)ခန်း၊ ဌာနဆိုင်ရာပြခန်း (၂၈)ခန်းနှင့်အတူ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း၊ စကားရည်လုပွဲ၊ story telling၊ ပန်းချီပြိုင်ပွဲများသာမက ပိုက်ကျော်ခြင်း၊ ဘော်လုံး၊ ထုတ်စည်းတိုး၊ Team Building Game များ၊ ကာတွန်းပုံတူ၊ အရုပ်ဆက်ကစားနည်းမျိုးစုံ၊ ပြိုင်းပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

အလားတူစွာ ကလေးစာဖတ်ခန်းနှင့် စာအုပ်ပြခန်းများလည်း ခင်းကျင်းထားမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်အဖြစ် မျက်လှည့်၊ ရုပ်သေးနှင့် စတိတ်ရှိုးတို့လည်း ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

 

အဆိုပါပွဲတော်ကို ယနေ့မှစ၍ ဇန်နဝါရီ ၂၂ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်ဦး (မိုးကောင်း ပြန်/ဆက်)