ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀

၁၁  ဖေဖော်ဝါရီ

( မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဂုဏ်ပြုဆောင်းပါး)

 

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ တည်မှီနေပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားတစ်ဦးချင်း စီရဲ့ အဦးအစ ကလေးဘဝဟာ အလွန်အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။ ကလေးဘဝအရွယ် ကတည်းက ဘက်စုံဖွံ့ဖြိုးစေမယ့် အခြေခံကောင်းများ ရရှိအောင်ဆောင်ရွက်ပေးဖို့ အထူး လိုအပ်လှပါတယ်။

ဖွံ့ဖြိုးမှုဆိုတာမှာ ကလေးငယ်တစ်ဦး အနေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုတွေနဲ့ အတုံ့အပြန် ဆက်ဆံခြင်း၊ စဉ်းစားတွေးတောခြင်း၊ စိတ်လှုပ်ရှားခံစားခြင်း၊ ရွေ့လျားလှုပ်ရှား ခြင်း စတဲ့တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းအဆင့်တွေ ဆောင်ရွက် နိုင်ဖို့စူးစမ်းမှု၊ သင်ယူမှုပြုလုပ်၍အကျိုးဆက် ပြောင်းလဲမှုဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်ပါ တယ်။ ကလေးသူငယ်တိုင်းဟာ ကာယ ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏဖွံ့ဖြိုးတိုးတက်မှု၊ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုများရှိကြမှသာ ဘက်စုံဖွံ့ဖြိုးတိုးတက် တယ်လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေး - Early Childhood Care and Development (ECCD) လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဘက်စုံဖွံ့ဖြိုးတဲ့ ကလေးငယ်

ဒီလို ဘက်စုံဖွံ့ဖြိုးတဲ့ ကလေးငယ် တစ်ဦးဖြစ်လာဖို့အတွက် အချိန်ပြည့် ပြုစု စောင့်ရှောက်သူများဖြစ်တဲ့ ကလေးမိဘ များ၊ ကလေးပြုစုစောင့်ရှောက်သူများ အပေါ်မှာ အဓိကမူတည်နေပါတယ်။ အထူး သဖြင့် မိဘများရဲ့ အခန်းကဏ္ဍဟာ ကလေး ဘက်စုံ ဖွံ့ဖြိုးရေးမှာ အထူးပင်အရေးပါလှ ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဆိုရာမှာ ကလေးမမွေးဖွားခင် မိခင်ကျန်းမာ ရေး၊ အာဟာရပြည့်ဝရေးကို သေချာစွာ ဂရုစိုက်ခြင်း၊ မွေးလာတဲ့ ကလေးကို ကောင်းစွာ ကျွေးမွေးပြုစုစောင့်ရှောက် ထိန်းသိမ်းခြင်းများ ပါဝင်ပါတယ်။ ကလေး သူငယ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဟာ ကျွန်မတို့ လူ့အသိုင်းအဝိုင်းအတွက် အလွန် တရာမှ အကျိုးရှိပြီး၊ ရင်းနှီး ရကျိုးနပ်တဲ့ လုပ်ငန်းဖြစ်တာကို တွေ့ရှိရပါတယ်” ဟု မြွက်ကြားထားပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာ ဗျူဟာပါ အဓိကလုပ်ငန်းစဉ်(၈) ရပ်အနက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာတဲ့ အသက်(၂) နှစ်အောက် ကလေး သူငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်တဲ့ ချင်းပြည်နယ်၊ နာဂဒေသနဲ့ ရခိုင်ပြည်နယ် တို့မှာ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ ကရင်ပြည်နယ်၊ ကယား ပြည်နယ်တို့မှာ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ရှမ်း ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဆက်လက်တိုးချဲ့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များနဲ့ ၎င်းတို့မှ မွေးဖွားလာတဲ့ အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ခြင်းနဲ့အတူ အောက်ဖော်ပြပါ အသိပညာ ပေးခြင်းအစီအစဉ် (၃)ရပ်ကိုပါ တစ်ပါတည်း ထည့်သွင်း၍ ဆောင်ရွက်လျက်ရှိပါတယ် -

(၁) အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေးအသိပညာပေးခြင်းအစီအစဉ်။ ယင်းအစီအစဉ် မှာ ကိုယ်ဝန်ဆောင်မိခင်အာဟာရ၊ နို့တိုက်မိခင်အာဟာရ၊ ကလေး အသက် (၆)လအထိ အာဟာရ ပြည့်ဝစွာ ကျွေးမွေးခြင်းနဲ့ အသက် (၆) လအထက် ကလေးငယ် အာဟာရ ကျွေးမွေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိပါတယ်။

(၂) ရေနှင့် တစ်ကိုယ်‌ရေသန့်ရှင်းရေး ဆိုင်ရာ အသိပညာပေးခြင်း အစီ အစဉ်။ ယင်းအစီအစဉ်တွင် ကလေး ငယ်အား နို့မတိုက်ခင်၊ မိခင်ရဲ့ လက်နဲ့ သားမြတ်အား သန့်ရှင်း ခြင်း၊ ကလေးငယ်အား ဖြည့်စွက်စာ မကျွေးခင် မိခင်ရဲ့ လက်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကလေးရဲ့ အစားအစာမပြင်ဆင်မီ သန့်ရှင်း ရေးပြုလုပ်ခြင်းနဲ့ ပန်းကန်ခွက် ယောက်များကို သန့်ရှင်းရေး ပြုလုပ်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။

(၃) မိသားစု စီမံကိန်းဆိုင်ရာ အသိပညာ ပေးခြင်းအစီအစဉ်။ ယင်းအစီအစဉ် မှာ သားဆက်ခြားခြင်းဆိုင်ရာ နည်းလမ်းများ၊ သားဆက်ခြားခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များ၊ သားဆက်ခြားခြင်းဆောင်ရွက် ရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများဆိုင်ရာ အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကလေးဘဝရဲ့ အစောပိုင်းကာလ ရက် ၁၀၀၀ ဆိုသည်မှာ ကိုယ်ဝန်ဆောင် ကာလနှင့် ကလေးအသက် (၂)နှစ်အရွယ်အထိ ကို ခေါ်ဆိုပါတယ်။

လူ့ဘဝအစ

လူ့ဘဝအစ ကလေးတစ်ဦးဟာ ကိုယ်ဝန် (၆)ပတ်နဲ့ (၅) လအတွင်း ကလေးရဲ့ ဦးနှောက် ဟာ ဆဲလ်တစ်ရာရှိလာပါတယ်။ အချို့ဆဲလ် များဟာ မွေးချိန်၌ ဆက်သွယ်ပြီးဖြစ်ပေမယ့် အချို့ဆဲလ်များဟာ ဆက်သွယ်မှုမရှိကြသေး ပါ။ ကလေးရဲ့အသက် ပထမ(၅) နှစ်အတွင်း ကလေးရဲ့ ဦးနှောက်ဆဲလ်များဟာ မြန်မြန် ဆန်ဆန် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကြပါတယ်။ အလွန်ထူသော နှင်း (သို့) ရှည်သောမြက်ခင်းပေါ်၊ လမ်းတစ်ခုပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင် ဘယ်လို ဖြစ်သလဲဆိုတာ သတိထားကြည့်ပါက လမ်းကြောင်းတစ်ခုဖြစ်နေတာ မြင်ရပါတယ်။ ကလေးတစ်ဦးဖွံ့ဖြိုးရာမှာလည်း အလားတူ ဖြစ်ပါတယ်။ ကလေးငယ်က သူ့ရဲ့ အာရုံခံမှု (ကြည့်ခြင်း၊ မြင်ခြင်း၊ ကြားခြင်းနှင့် အနံ့ခံ ခြင်း)ကို ပြုလုပ်တိုင်း ဦးနှောက်ရဲ့ ဆက်သွယ် မှုလမ်းကြောင်းမှာပြုလုပ်ပြီး ဖြစ်ပါတယ်။ ကလေးတစ်ဦးဟာ အတွေ့အကြုံအမျိုးမျိုးကို ထပ်ခါထပ်ခါ ရရှိသောအခါ ဦးနှောက်အတွင်း မှ ဆက်သွယ်ရေးလမ်းကြောင်းများဟာလည်း ပို၍ပို၍ အားကောင်းထင်ပေါ်လာပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းများမှာ ကလေး ရဲ့ တွေးခြင်း၊ ခံစားခြင်း၊ ပြုမူခြင်း၊ သင်ယူ ခြင်းများပေါ် မူတည်ပြီး ပုံသဏ္ဌာန်များ ပေါ်လာပါတယ်။ အသက်(၃)နှစ်ခန့် ရှိတဲ့အခါ ဦးနှောက်ဟာ သူအသုံးလိုမယ့် အရေအတွက် ထက် အဆပေါင်းများစွာသော ဆဲလ်များနဲ့ ဆက်သွယ်ရေးလုပ်ပြီး ဖြစ်လာပါတယ်။ သစ်ပင်ရဲ့ အမြစ်နဲ့တကွ အပင်သန်လာစေ ရန် အကိုင်းအခက်များ ခုတ်ရှင်းရသလို ဦးနှောက်သည်လည်းပဲ သိပ်အသုံးမလိုတဲ့ ဆက်သွယ်ရေးလမ်းများကို ဖျက်ပစ်ပါတယ်။ အရေးကြီးတဲ့ ဆက်သွယ်ရေးနာဗ်ကြောများ ကိုသာ ချန်ထားပါတယ်။

 

85170090_2497157383858088_4793409172802633728_o

 

သင်ယူမှုပိုပြီး ရယူနိုင်

ပညာရှင်များရဲ့တွေ့ရှိချက်အရ ဦးနှောက် ရဲ့ အစိတ်အပိုင်းအချို့မှာ ကျန်အစိတ်အပိုင်း များထက် တစ်ချိန်ချိန်မှာ သင်ယူမှုပိုပြီး ရယူ နိုင်ပါတယ်။ ဒီအချိန်များကို “အခွင့်အခါသင့် သောအချိန်များ”လို့ ခေါ်တွင်ကြပါတယ်။ အချို့ အခွင့်အခါသင့်သော အချိန်များဟာ ဘဝအစ ပိုင်းနှစ်များမှာသာ ရရှိတတ်ကြပါတယ်။ ဥပမာ- မျက်စိအမြင်နဲ့ ပတ်သက်တဲ့ အာရုံကြော များရဲ့ ဆက်သွယ်မှုဟာ ပထမ(၃-၄) လများ မှာ ဆက်သွယ်ပြီးသား ဖြစ်ရပါမယ်။ ဒီအချိန် ကာလအတွင်း အာရုံကြောများဆက်သွယ်မှု မပေးနိုင်ပါက မျက်စိအမြင်နဲ့ဆိုင်တဲ့ ဆဲလ် များ ထာဝရဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ထိုအခါ ကလေးဟာ ဘယ်သောအခါမျှ မျက်စိ မြင်နိုင် တော့မှာ မဟုတ်ပါ။

အခြားအခွင့်အခါသင့်တဲ့ အချိန်များဟာ အချိန်ကြာကြာ ရရှိနိုင်ပါမယ်။ ဒါပေမယ့် သင်ယူမှုဟာ တစ်ချိန်ချိန်မှာ ပိုပြီးလွယ်ကူ လာတာကို တွေ့ရပါတယ်။ ဒီလိုအချိန်များကို သိပ္ပံပညာရှင်များက “ခံစားမှုလွန်ကဲသော အချိန် ” လို့ ခေါ်တွင်ကြပါတယ်။ ဥပမာ - ပထမ(၅)နှစ်မှာ ဘာသာစကားသင်ယူမှု အတွက် အကောင်းဆုံးသောအချိန်များ ဖြစ် ပါတယ်။ ဒါပေမယ့် ကလေးများဟာ ဒီဘာသာ စကားရဲ့ သိသင့်သိထိုက်တာတွေကို ဒီ(၅)နှစ် အတွင်း အားလုံးသင်ယူနိုင်မယ်လို့ မဆိုလိုပါ။ သင်ယူမှုဟာ တစ်သက်တာလုံးရှိနေဦးမှာ ဖြစ် ပါတယ်။ ကလေးရဲ့ ဦးနှောက်ဟာ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့ နှစ်ပေါင်း (၁၅ နှစ်မှ အနှစ် ၂၀) ကြာမှာဖြစ်ပေမယ့် အချို့ သောအရာများဟာ အခြားအရာများထက် အချိန်အပိုင်းအခြားတစ်ခုခုမှာ ပိုပြီးသင်ယူ မှု လွယ်ကူပါတယ်။

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးအောင် အထောက်အပံ့ပေးမယ့် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ကလေးနဲ့ စကားပြောခြင်း၊ စာဖတ်ပြခြင်း၊ အတူတကွ ကစားခြင်း၊ သီချင်းဆိုကြခြင်း၊ သူတို့အား တို့ထိခြင်း၊ အာဟာရရှိတဲ့ အစားအစာကျွေးခြင်းနှင့် ချစ်ခင်သော အမူအရာပြခြင်းတို့ဟာ သူ့ရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးအောင် အထောက်အပံ့ ပေးနေခြင်း ဖြစ်ပါတယ်။

ကျန်းမာဖွံ့ဖြိုးကြီးထွားလာနိုင်ဖို့

ကလေးသူငယ်တိုင်းဟာ ကျန်းမာဖွံ့ဖြိုး ကြီးထွားလာနိုင်ဖို့ ဖော်ပြထားတဲ့အတွေ့ အကြုံများ လိုအပ်ပါတယ်။ သင့်ကလေး ဟာ ရက်မစေ့ဘဲ မွေးဖွားခြင်း (သို့) ချို့တဲ့စွာ မွေးဖွားလာရင် ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးအောင် အထောက်အပံ့ပေးနိုင်ဖို့ ဒီအတွေ့အကြုံများကိုပေးရန် အလွန်အရေး ကြီးပါတယ်။ ဤသို့သော ကလေးကို ဘယ်လိုအတွေ့အကြုံများပေးဖို့ လိုအပ် သလဲဆိုတာကို ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်နဲ့ ဆွေးနွေးမေးမြန်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀ ကာလဟာ လူ့ဘဝတစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးသော အသက်အပိုင်း အခြားကာလတစ်ခုဖြစ်သည့် အားလျော်စွာ ယင်း ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် တစ်ဦး သိရှိထားရမည့် အာဟာရနှင့် ပြုမူ နေထိုင်မှုဆိုင်ရာ ဗဟုသုတများ၊ မွေးကင်းစ အရွယ်မှ အသက်(၂) နှစ် အရွယ်အထိ မိဘများ၊ ကလေး သူငယ်ပြုစုစောင့်ရှောက် သူများသည် ကလေးသူငယ်ပြုစုစောင့် ရှောက်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား သိရှိပြီး ရက် ၁၀၀၀ ကာလအတွင်း အမိအရ ဆောင်ရွက်ရန် အထူးလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန် ဆောင်မိခင်တစ်ဦးအနေနဲ့ အာဟာရကို လုံလောက်စွာ စားသောက်သင့်ပါတယ်။ (ဥပမာ - နွားနို့၊ သစ်သီး၊ ဟင်းရွက် အမျိုးမျိုး၊

အသားငါးနှင့် အစေ့အဆန်) များ ပြည့်စုံ လုံလောက်တဲ့ အာဟာရဟာ ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားရေးကို အထောက် အကူပြုစေပါတယ်။ ထို့အပြင် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကလေးရော မိခင်ပါ ကျန်းမာရေးအတွက် စိတ်ချနိုင် ပါတယ်။ စိတ်ချမ်းသာအောင် နေထိုင်ခြင်း၊ မိမိကလေးနဲ့ စကားပြောခြင်း၊ တတ်နိုင် သမျှ အနားယူခြင်းတို့ ပြုလုပ်ခြင်း၊ မိမိ၏ ပူပင်သောကနဲ့ စိတ်ဖိစီးမှုကြောင့် ကလေး ၏ ကျန်းမာရေးကို ထိခိုက်စေခြင်းမရှိ အောင် ပြုမူနေထိုင်သွားရန် လိုအပ်ပါ တယ်။

အဓိကလိုအပ်ချက်များ

မွေးစမှ (၆) လအရွယ် ကလေးများဟာ လုံခြုံစိတ်ချရ၍ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်မှာ ပိုမိုဖွံ့ဖြိုးလွယ်ပါတယ်။ ဤအရွယ်ကလေးများအတွက် အဓိက လိုအပ်ချက်များမှာ မိဘနဲ့ အဘိုး၊ အဘွား၊ ကလေးများနဲ့အတူနေတဲ့ ပြုစုစောင့်ရှောက် သူများထံမှ ချစ်ခင်ကြင်နာယုယမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ အာဟာရဖြည့်တင်းပေးမှုများ ရရှိရန် ဖြစ်ပါတယ်။ ဤ အရွယ်ကလေးများအတွက် လုံခြုံစိတ်ချရ၍ လှုံ့ဆော်မှုပေးတဲ့ ပတ်ဝန်း ကျင်ဆိုသည်မှာ ကလေးများအား ဂရုတစိုက်နွေးထွေးစွာ ပြုစုစောင့်ရှောက် ပေးမှုများနှင့် ကလေးသင်ယူနိုင်ရန် အခွင့် အလမ်းပေးတဲ့ ပတ်ဝန်းကျင်ကို ဆိုလိုပါ တယ်။ ထို့အပြင် ချစ်ခင်ကြင်နာယုယမှု ပေးမယ့် မိဘ၊ ဘိုး၊ ဘွားနှင့် ညီအစ်ကို မောင်နှမဆွေမျိုးများ ပါဝင်တဲ့ မိသားစုရှိ ၍ အာရုံငါးပါးနဲ့ ထိတွေ့မှုပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ဆိုလိုပါတယ်။ ဥပမာ- ကလေးများအား နို့တိုက်စဉ် ထွေးပွေ့ ထားခြင်း၊ ကလေးများ နိုးနေစဉ်မှာ ကလေး အား ချော့မြူခြင်း စသည့်အပြုအမူများ သည် ကလေးများအတွက် အလွန်အရေး ကြီးပါတယ်။ ဤအခွင့်အလမ်းများပေး နိုင်ရန်အတွက် ကလေးနဲ့အတူနေ ကလေး ပြုစုစောင့်ရှောက်သူ မိသားစုဝင်များရဲ့ အခန်းကဏ္ဍများဟာ အလွန်အရေး ကြီးပါတယ်။ အတူနေ ကလေးပြုစုစောင့် ရှောက်သူ မိသားစုဝင်များမှ ဤအရွယ် ကလေးများရဲ့ ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေးနဲ့ ပတ်ဝန်းကျင်မှ သင်ယူမှု အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် ကလေးများရဲ့ စိတ်ချမ်းသာရေးနဲ့ ကိုယ် ကျန်းမာရေးတို့ကို ဖွံ့ဖြိုးတိုးတက်လာစေ ပါတယ်။ ထို့အပြင် ကလေးများကိုယ်တိုင် ကြိုးစားအားထုတ်မှုများကို အားပေး၍ လုပ်ငန်းတစ်ခု အောင်မြင်အောင် ဆောင်ရွက်ပြီးတိုင်း ကလေးအား ချီးမွမ်း အားပေးအသိအမှတ်ပြုတဲ့ အမူအရာ၊ အထိ အတွေ့ပြုလုပ်ပေးခြင်းဟာ အရေးကြီးပါ တယ်။ အသိအမှတ်ပြုမှု၊ အားပေးမှုများဟာ ကလေးများအား မိမိကိုယ်မိမိ ယုံကြည်မှုကို ပိုမိုရရှိပါတယ်။ ဤကဲ့သို့သော ပတ်ဝန်းကျင် မှာ ဖွံ့ဖြိုးခွင့်ရသော ကလေးများသည် နောင်ကြီးလာသည့်အခါ တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။

ဘာသာစကားဖွံ့ဖြိုးမှုများ ရှိလာ

(၆) လမှ (၁) နှစ်အရွယ် ကလေးများဟာ ကိုယ်စိတ်တိုးတက်ဖွံ့ဖြိုးရေးအပြင် ဘာသာ စကားဖွံ့ဖြိုးမှုများ ရှိလာပါတယ်။ ဤအရွယ် ကလေးများဟာ နားထောင်ခြင်း၊ အတုခိုး ခြင်း၊ စကားလုံးများကို အသံထွက်ပြောခြင်း မှ တစ်ဆင့်စကားပြောတတ်လာပါတယ်။ တစ်နှစ် ပြည့်ခါနီးမှာ ကလေးရဲ့ စကားများဟာ ပို၍ အဓိပ္ပာယ်ရှိလာပါတယ်။ သွက်လက် လာတယ်၊ စုံလင်များပြားလာပါတယ်။ တစ်နှစ် ပြည့်သောအခါ ကလေးအများစုဟာ စကားလုံး အတော်များများ နားလည်နေပြီဖြစ်တယ်။ ပြုစုစောင့်ရှောက်သူများက ကလေးများနဲ့ အတူ ကစားရင်း စကားအပြန်အလှန်ပြောဖို့၊ နားထောင်ဖို့၊ တုံ့ပြန်မှုပေးဖို့ လိုအပ်ပါတယ်။ ထို့အပြင် ဤအရွယ်ကလေးငယ်များ အတွက် အနားယူခြင်းကလည်း အရေးကြီးပါတယ်။ ကလေးများအတွက် လုံလောက်တဲ့ အနားပေး မှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရပါမယ်။

(၁) နှစ်မှ (၂) နှစ်အရွယ် ကလေးငယ် များဟာ စူးစမ်းလေ့လာမှု၊ ရှာဖွေတွေ့ရှိမှု၊ စိတ်ကူးပုံဖော်မှုတို့ကို ဆက်တိုက်ပြုလုပ် ပြီး လျင်မြန်စွာ သင်ယူနေပါတယ်။ ကလေး ငယ်ဟာ စကားလုံးများကိုသုံးပြီး စဉ်းစား တတ်လာပါတယ်၊ အလှည့်ကျပြောတတ် လာတယ်။ အခြားသူများရဲ့ ပြောစကားကို နားထောင်ပြီး ပြန်လည်ဖြေကြားတတ်လာ တယ်။ လှုပ်ရှားမှု၊ စဉ်းစားမှု၊ ပြောဆိုမှုများ နဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာတယ်။ ကစား ခြင်းဟာ ကလေးရဲ့ သိလိုစိတ်၊ ယုံကြည်စိတ်၊ လေးစားတန်ဖိုးထားစိတ်တို့ကို ပေါ်ထွန်းစေ ပါတယ်။ အရာဝတ္ထုများရဲ့အရောင်၊ ပုံသဏ္ဌာန်၊ အရွယ်အစားအလိုက်ခွဲခြင်း၊ တူရာစုခိုင်းခြင်း များဟာ ကလေးများရဲ့ တွေးခေါ်မှုကို ရင့်သန် စေပါတယ်။ ဤအသက်အရွယ် ကလေးများ ဟာ ကစားခြင်းနဲ့ လူမှုဆက်ဆံရေးစည်းမျဉ်း များ သိရှိနားလည်လာပါတယ်။ ဦးနှောက် ဖွံ့ဖြိုးလာတာနဲ့အမျှ ယခင်အတွေ့အကြုံ များနှင့် လက်ရှိ အခြေအနေများရဲ့ ဆက်စပ်မှုကို ပို၍နားလည်လာပါတယ်။ အာရုံစူးစိုက်နိုင်မှုကာလ ပို၍ ရှည်လာတယ်။ အချိန်ကြာရှည်စွာ မငြီးငွေ့ဘဲ ကစားတတ် လာတယ်။ ဘာသာစကားအခြေခံများ ကျွမ်းကျင်မှုရှိလာတယ်။ စကားပြောခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ လွတ်လပ်စွာကြိုးပမ်း အားထုတ်တဲ့ အတွေ့အကြုံများ စတင် တွေ့ကြုံရသော အရွယ်ဖြစ်ပါတယ်။ အတူနေ ကလေးပြုစု စောင့်ရှောက်သူများအနေနဲ့ ကလေးများကို ဤအတွေ့အကြုံမျိုး စမ်းသပ်လုပ်ဆောင်နိုင်ရန် ကူညီအားပေး ရပါမယ်။

ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀ အတွင်းမှာ အာဟာရပြည့်ဝမှုနဲ့ ပြုစုစောင့် ရှောက်မှု မလုံလောက်ပါက အာဟာရချို့တဲ့ ခြင်း၊ အသိဉာဏ်စွမ်းရည် နိမ့်ကျခြင်း၊ နောင်အနာဂတ်မှာ အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံးမဖြစ်ခြင်းများ ကြုံတွေ့ရပါ တယ်။ သို့ဖြင့် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဆင်းရဲနွမ်းပါးခြင်း သံသရာလည် ပြီး နိုင်ငံအတွက် ဝင်ငွေရရှိနိုင်စွမ်း အလား အလာ အများအပြား ဆုံးရှုံးရပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရခဲ့သူ ဒေါက်တာ James Heckman က ကလေးသူငယ်ဖွံ့ဖြိုးရေးဟာ ရင်းနှီးမြှုပ်နှံမှုရဲ့ ရလဒ်ကို အခြားရင်းနှီး မြှုပ်နှံမှုရဲ့ ရလဒ်တို့နဲ့ နှိုင်းယှဉ်လေ့လာခဲ့ရာ မွေးစမှ သုံးနှစ်အရွယ်ကလေးများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းက အကျိုးအမြတ် အားဖြင့် အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရပါ တယ်။

ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀ အတွင်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူသားဖွံ့ဖြိုး ရေးကို မြေတောင်မြှောက်ပေးနိုင်ပြီး လူအများရဲ့ အရည်အချင်းအလားအလာ များကို ဖော်ဆောင်နိုင်လျက် ကာလရှည် စီးပွားရေးကြီးပွားတိုးတက်ရန် လမ်းခင်း ပေးနိုင်ပါတယ်။ ရှေးဦးအရွယ် နှစ်ကာလ များတွင် သိမြင်နားလည်မှု အရင်းအနှီး တိုးတက်မြင့်မားစေရေး ရင်းနှီးမြှုပ်နှံခြင်း ဟာ အကျိုးအများဆုံးဖြစ်နေရာ မည်သည့် နိုင်ငံမဆို ချို့တဲ့စွာ ကြီးပြင်းလာရတဲ့ ကလေးသူငယ်အချိုးအစား များပြားနေ ပါက ကြွယ်ဝချမ်းသာမှုကို ထုတ်လုပ်ပေး မယ့် ဤအသိပညာအရင်းအနှီးကို တည် ဆောက်နိုင်တော့မှာ မဟုတ်ပါ။ ကလေးသူငယ်များကျန်းမာရင် ပညာရေးရလဒ် လည်း ပိုမိုကောင်းမွန်ပြီး အရွယ်ရောက်သူ ဘဝမှာ ကျန်းမာရင် ပညာတတ်ပါက အလုပ်လုပ်နိုင်တဲ့ကာလ ပိုမိုကြာရှည် မယ့်အပြင် အလုပ်လုပ်နိုင်စွမ်းလည်း တိုးတက်လာမှာဖြစ်လို့ ရှေးဦးအရွယ် ကလေးသူငယ်များအတွက် ရင်းနှီးမြှုပ်နှံ ခြင်းဟာ သာတူညီမျှမှုကို ဖြစ်စေနိုင်တဲ့ အင်အားကြီးမားသော လုပ်ဆောင်ချက် တစ်ရပ်ဖြစ်စေသည့်အပြင် ဘဝသက်တမ်း အဆင့်ဆင့် အကျိုးခံစားရမှာဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့ အကျိုးအများ ဆုံး ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြန်မာ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒရေးဆွဲချမှတ်ခြင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဥပဒေပြဋ္ဌာန်း ခြင်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိဘအသိ ပညာပေးလုပ်ငန်းများအတွက် နှစ်စဉ် ဘဏ္ဍာရန်ပုံငွေ တိုးမြှင့်ခွင့်ပြုပေးလျက်ရှိ ပါတယ်။

အစကောင်းမှ အနှောင်းသေချာ

အချုပ်အားဖြင့် အမိနိုင်ငံတော် အတွင်း မှီတင်းနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသား မိဘပြည်သူများဟာ မိမိ တို့ရဲ့ ရင်နှစ်သည်းချာ ကလေးငယ်များ အား အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ် နိုင်ငံတော်အတွက် ဉာဏ်ရည်ထက်မြက်ပြီး ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပေါ်လာစေရေးအတွက် ကလေးဘဝရှေ့ဆောင် ရက် ၁၀၀၀ ကာလ အတွင်း အမိအရစနစ်တကျ ပြုစုပျိုးထောင် ကြပါစို့ဟု တိုက်တွန်းပြောကြားရင်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရေးသားဖော်ပြအပ် ပါတယ်။ ။

အောင်ကျော်မိုး (လူမှု)