ကလောမြို့နယ်၌  မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ကလော ၃၀ မေ

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့အမတ်(၅)ရပ်ကွက်ရှိ နတ်စင်လမ်းတွင် မေလ ၂၉ ရက်နေ့ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ဒေါ်စန်းစန်းဝင်း နေအိမ်၌  မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာအိမ်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း (၅၀)နှစ်၊ နေအိမ်တွင် မြေးတော်စပ်သူ မစိုးမြတ်နိုးဝတီ မှ လျှပ်စစ်ခြင်ရိုက်တံဖြင့် ဆော့ကစားနေစဉ် အနီးရှိ ဒေါ်စန်းစန်းဝင်း မှ ပေါ့လျော့စွာဖြင့် ဆိုင်ကယ်အား ဓါတ်ဆီဖြည့်သွင်းမှုကြောင့် ဆိုင်ကယ်အား မီးစတင်လောင်ကျွမ်းခဲ့သည်။

 

mdn

 

မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဝင်း အသက်(၅၀)နှစ်နှင့် နေအိမ်အတွင်းအလုပ်သမားအဖြစ် ခေါ်ယူ ထားသည့် မမေဇင်ဦး အသက် (၂၂)နှစ်တို့နှစ်ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ဦးဝေမြင့် (၃၁)နှစ် နှစ်ဖူးကွဲ မျက်ခုံးကွဲ ဒဏ်ရာရရှိ၊ ကိုငယ်လေး (၂၃)နှစ် ခြေတောက်ဒဏ်ရာရရှိ၊ ကိုမျိုးထွေး (သ)( ၃၂)နှစ် လက်ကျိုး ဒဏ်ရာရရှိ၊ မစိုးမြတ်နိုးဝတီ(၁၁)နှစ် (၆)လမှ ခြေလက်များ မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ)ဒဏ်ရာများအသီးသီးဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှနိုင်ဦးစီး၍၊ ကလောတပ်နယ်မှ အရာရှိစစ်သည်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇော် နှင့်ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၅)စီး ရေသယ်ယာဉ် ၄ စီး  ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၈ နာရီ၂၀မိနစ် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီခွဲတွင်  မီးငြိမ်းနိုင်ခဲ့သည်။

 

mdn

 

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကလောမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။

MDN