ကြခတ်ချောင်းကျေးရွာအုပ်စု၌ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

ကြာအင်းဆိပ်ကြီး ၄ မတ် 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြခတ်ချောင်းကျေးရွာအုပ်စု ကြခတ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မတ် ၃ ရက် နံနက် ၁၁ နာရီက လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကြာအင်းဆိပ်ကြီးမြို့ မဲဆန္ဒနယ်မြေအမှတ်(၁)မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောထူးကပေါ်က လွှတ်တော်အတွင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ငန်းတာဝန်များနှင့် ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင်က တိရစ္ဆာန်မွေးမြူရေးနှင့် ကြိုတင်ကာကွယ်ရေး ကုသရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က ကျေးလက်ဒေသများ၌ လမ်းတံတား ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသော ကျေးလက်ပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

 

မျိုးမင်းဦး(ပြန်/ဆက်)