ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး ကောင်းမှုလုံစေတီတွင် မူလဘုရားဒါယကာများ၏ ရုပ်ထုများထားရှိပူဇော်ပွဲသို့ တက်ရောက်အားပေး

ပူတာအို မေ ၁၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၌ ခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ် ခြင်းနှင့် ကောင်းမှုလုံစေတီတော်တွင် ဘုရားတည်လှူခဲ့သော မူလဘုရားဒါယကာများ၏ စကျင် ကျောက်သားရုပ်ထုများ ဖွင့်ပွဲအခမ်းအနားများသို့ မေ ၁၈ ရက်တွင် တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့ရှိ သင်တန်းခန်းမဆောင်၌ ပူတာအို ခရိုင်အတွင်း ထလာထုကျေးရွာမီးဘေးသင့်ပြည်သူများနှင့် ဆွတ်ပီယန်နှင့် လုံရှာယန်ကျေးရွာအုပ်စု တို့မှ နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများအား အားပေးအမှာစကား ပြောကြားကာ ထလာထုကျေးရွာ မီးဘေးသင့်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၈၅)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် သိန်း ၄၀ နှင့် နေရပ်စွန့်ခွာပြည်သူ (၄၁၀၅)ဦးတို့အတွက် ငွေကျပ်သိန်း ၂၁၀ တို့ကို ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း ပြည် ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော RC (၂)ထပ်၊ တိုးချဲ့လူနာဆောင်တည် ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ပြီး အဆောက်အအုံသစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်  စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး အဆောက်အဦသစ်အတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ခရိုင်ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့်  တပ်မတော်စစ်ဆေးရုံ၊ ခုတင်(၂၅)အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းတို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းတောင်ကျေးရွာအုပ်စုအတွင်း နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းနေပြည်သူများအား ရွေ့ပြောင်းနေရာချထားပေးသည့် ဇီးထမ်းကျေးရွာသို့သွား ရောက်၍ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ မိသားစုများ၏ ရေ၊ လျှပ်မီး၊ ပညာရေး၊ သင်္ချိုင်းမြေနေရာ ရရှိရေးစသည့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍ အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ အမြန် ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် သက်ကြီးဘိုး/ဘွား များ၊ ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်၌ စေတီတော်ကြီးကို တည်ထား လှူဒါန်းခဲ့ကြသော မူလဘုရားဒကာများ၏ စကျင်ကျောက်သားရုပ်ထုထားရှိပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အလှူရှင်များ၊ ဒေသခံခန္တီးရှမ်းမျိုးနွယ်စုဝင်များနှင့်အတူ စေတီတော်ပုရဝဏ်အတွင်း မူလဘုရားဒကာ သီရိဓမ္မာသောကမင်းအပါအဝင် ဒေသခံခန္တီး စော်ဘွားကြီးများ၏ စကျင်ကျောက်သားရုပ်ထု (၇)ခုတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘုရားဒကာရုပ်ထုများအား အမွှေးနံ့ သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင် ကြသည့် ခန္တီးရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် ၇ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး စေတီတော်တောင်ဘက်မုဒ်ဦး၌ မလိခမြစ်အတွင်း နဂါးစာကျွေးမွေးပူဇော်ခြင်းနှင့် စေတီတော်ဘက်စုံပြုပြင်မွမ်းမံရေးအတွက် နဝကမအလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်