မြစ်ကြီးနား မတ် ၁၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသည့် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို မတ် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးပွဲကို စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ ပိုမိုအသက်ဝင်လာစေပြီး အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းလာစေရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် လိုအပ်သည့်မူဝါဒများနှင့် စီမံကိန်းများရေးဆွဲရာတွင် လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ထိရောက်အကျိုးရှိရေး အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဗဟိုစာရင်းအင်းအဖွဲ့က တောင်းခံလာသည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကချင်ပြည်နယ် စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ရာ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်၏ စာရင်းအင်းအချက်အလက်များ မှန်ကန်စေရေးအတွက် စာရင်းအင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာကာ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးလာစေမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရေး ပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက စာရင်းအင်းဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


