ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအားသွားရောက် တွေ့ဆုံ အားပေး၊ အမိုး၊ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွ

မြစ်ကြီးနား မေ ၃၀

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လျက်ရှိသော မိသားစုများ စားသောက်မှုအဆင်ပြေစေရေးနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါကောင်း (ဘီ)အတွင်းရှိ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ဝင်းအတွင်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်၊ ခကွမ်၊ မဒိန်၊ နောင်ဟီး၊ ဆဒုံး၊ စန်းကားကျေးရွာများမှ တိမ်းရှောင်လာသော အိမ်ထောင်စု (၉၃)စု၊ လူဦး‌ရေ (၇၅၅) ဦးတို့အား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။

 

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားရာတွင် မိသားစုများအနေဖြင့် နေရပ်ကျေးရွာများ၊ နေအိမ်များကို စွန့်ခွာ၍ ခိုလှုံနေထိုင်ရသည့်အတွက် လိုအပ်ချက်၊ အခက်အခဲများရှိနေမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆန်နှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် ယနေ့ မိသားစုများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်သည့် ပံ့ပိုးကူညီများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

 

ထို့နောက် စခန်းတာဝန်ခံများနှင့် အိမ်ထောင်စုများက ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်ရာတွင် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးတိုင်း နီးစပ်ရာ ကျောင်းများတွင် သတ်မှတ်ချိန်အမီ အပ်နှံနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ကာ မိသားစုများအတွက် မုန့်များကို လိုက်လံဝေငှကျွေးမွေး ခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယာယီနေထိုင်ရာ နေအိမ်တန်းလျားများနှင့် တည်ဆောက်ဆဲ နေအိမ်တန်းလျားများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်တည်ဆောက်ရာတွင် လိုအပ်သည့် ဝါးနှင့် မိုးကာလိပ်ဝယ်ယူနိုင်ရေး ငွေကျပ် ၄၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ ရေအိမ်သာလိုအပ်ချက်နှင့် လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် စီတာပူရပ်ကွက် သီတာအေးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၁၉)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ဆက်လက်၍ အိမ်ထောင်စုများက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီအဆောက်အအုံ တည်ဆောက်နေထိုင်နိုင်‌ရေး၊ သောက်သုံးရေလုံလောက်မှုရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ‌နေအိမ်အဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် အမိုးအကာအတွက် လိုအပ်သည့် ငွေကျပ် ၂၃ သိန်းနှင့် ကျောင်းသုံးဗလာ စာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ညနေပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြန်လည်ရောက်ရှိလာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျန်းမာရေး စစ်ဆေးစောင့်ရှောက်ပေးခြင်း၊ မုန့်နှင့် အချိုရည်ဘူးများ လိုက်လံဝေငှကျွေးမွေးခြင်းတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

 

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွမ်ပရာဘွမ်မြို့နယ်မှ ဝန်ထမ်းများနှင့် မိသားစုများအား ယခုလို ကြိုဆိုခွင့်ရသည့်အတွက် အတိုင်းထက်အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယနေ့ ဝန်ထမ်းများအနေဖြင့် ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခဲ့မှုများအပေါ် နိုင်ငံ့ဝန်ထမ်းဘဝ၏ အကြီးမားဆုံးသော အရင်းအနှီးတစ်ခုအဖြစ် မှတ်ယူပြီး၊ မိမိတို့၏ တာဝန်နှင့် ဝတ္တရားများအပေါ် ဆက်လက်၍ အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း အားပေးပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွမ်ပရာဘွမ်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစု (၄၄)ဦးတို့အတွက် ဆန် (၆)ပြည်ပါ တစ်အိတ်စီ၊ ဆီ (၁)ပိဿာ၊ ခေါက်ဆွဲခြောက်ဖာ (၁)ဖာစီ၊ ကြက်ဥ(၁)ကဒ်စီ၊ ကော်ဖီ၊ နို့ဆီနှင့် ကိတ်မုန့်များကို လည်းကောင်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ဝန်ထမ်းနှင့် မိသားစုများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၆)သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဝန်ထမ်းများအတွက် ညစာကို လိုက်လံဝေငှထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)