ကချင်ပြည်နယ်ရှိ မြို့နယ်သုံးခုတွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်လျက်ရှိပြီး မြို့နယ်တစ်ခု ထပ်တိုးဆောင်ရွက်သွားမည်

မြစ်ကြီးနား  ၂၂  အောက်တိုဘာ

 

ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်၊ ရွှေကူမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်တစ်ခု ထပ်တိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

 

လက်ရှိမှာ မိုးကောင်း၊ ရွှေကူနဲ့ ပူတာအိုမြို့နယ် သုံးခုမှာ လူထုဗဟိုပြုစီမံကိန်းတွေ ဆောင်ရွက်နေတယ်။ လူထုဗဟိုပြုစီမံကိန်းကို လေးနှစ်ကာလ သတ်မှတ်ဆောင်ရွက်ပါတယ်။ မိုးကောင်းမြို့နယ်က လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းပါ။ ဒီနှစ်နောက်ဆုံးနှစ်ပါ။ ရွှေကူနဲ့ ပူတာအိုမြို့နယ် နှစ်ခုကတော့ ဒုတိယနှစ် စက်ဝန်းဖြစ်ပြီးတော့ နှစ်နှစ်ကျန်ပါ သေးတယ်။ ဒီစီမံကိန်းကို ပြည်သူတွေက ကြိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဒေသ အတွက် အခြေခံ လိုအပ်ချက်တွေ မြန်မြန်ဖြည့်ဆည်းနိုင်လို့ဖြစ်ပါတယ်။ စီမံကိန်း လုပ်ငန်းတွေ အဖြစ် အဓိကက ကျေးရွာလမ်းတွေ၊ စာသင်ကျောင်း၊ ဆေးခန်း ဒါတွေ ဆောင်ရွက်ကြတာ များတယ်။ ဒီလိုအရာတွေ ရှိပြီးသွားရင် ကျေးရွာ ခန်းမမျိုးတွေ ဆောင်ရွက်ကြတာ ရှိတယ်။ တစ်နိုင်ငံလုံးအနေနဲ့ နောက်ထပ်လူထုဗဟိုပြုစီမံကိန်း ၁၃ မြို့နယ် ဆောင်ရွက်ဖို့ ရှိတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်က တစ်မြို့နယ် ထပ်ပါမယ်။ ဘယ်မြို့နယ်ဆိုတာတော့ မရွေးချယ်ရ သေးပါဘူး ဟု ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဇော်ဇော်နောင်က ပြောသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း အောက်တွင် လမ်း၊ တံတား၊ ဆိပ်ခံတား၊ ရေရရှိရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦနှင့် အခြားအဆောက်အဦ စသည်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် စီမံကိန်းအစိတ်အပိုင်းများအဖြစ် လူထုသို့ ဘဏ္ဍာငွေ တိုက်ရိုက်ထောက်ပံ့ခြင်း၊ ကူညီ ထောက်ပံ့ခြင်းနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာနှင့် လေ့လာသင်ယူခြင်း တို့လည်း ပါဝင်ပြီး စီမံကိန်း လေးနှစ်ကာလအတွင်း လူထုသို့ ဘဏ္ဍာငွေ တိုက်ရိုက် ထောက်ပံ့ပေးရာတွင် ကျေးရွာအုပ်စုရှိ လူဦးရေအပေါ် မူတည်၍ ငွေကျပ် သန်း ၂၂ သန်းမှ သန်း ၂၀ဝ အထိ ထောက်ပံ့ ပေးကြောင်း သိရှိရသည်။

 

ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံလူမှုစီးပွား အဆောက်အအုံများ နှင့် ဝန်ဆောင်မှုများအား လူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင် ပေးရန်၊ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက် လျင်မြန်စွာ တုန့်ပြန်နိုင်စေရန်အတွက် လူထုဗဟိုပြုစီမံကိန်းကို ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

 

ကေကေ၊ ဓာတ်ပုံ-ထိန်နန်နော်