ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၉

၂၀၂၂ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ နိုင်ငံ့လက်ရွေးစင် ကစားသမားများနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလီဘောအသင်း၊ အောင်ပွဲရ ကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ အမျိုးသမီး ဘောလီဘောအသင်းမှ ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ခဲ့သော နည်းပြ ဦးအောင်ချိုမြင့်အား ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘော တံခွန်စိုက်ဒိုင်းဆုရ အမျိုးသမီး ဘောလီဘောအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၆ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီးတို့က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် ပိုက်ကျော်ခြင်း၊ ကူရတ်၊ မြားပစ်နှင့် ပီတန်းအားကစားနည်းများမှ ကစားသမားများအား  ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၃၂ သိန်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ တံခွန်စိုက်ဒိုင်းဆုရ အမျိုးသမီး ဘောလီဘောအသင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၆ သိန်းတို့ကို ချီးမြှင့်ပေးအပ်ကြသည်။ 

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ဂျူဒို၊ ကူရတ်၊ မြားပစ်၊ ဘောလုံး၊ သေနတ်ပစ် အားကစားနည်းတို့မှ ကစားသမားများအား လည်းကောင်း၊ အောင်ပွဲရ ပြည်နယ်လက်ရွေးစင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် ကစားသမားများအား လည်းကောင်း၊ အောင်ပွဲရရှိရန် ကူညီဆောင်ရွက် ပေးခဲ့ကြသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုများကို ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်နယ်လက်ရွေးစင် အမျိုးသမီးအသင်း၊ အေရိုး ဗစ်အသင်းနှင့်  အမျိုးသမီး ဘောလီဘောအသင်းတို့က အသီးသီးရရှိခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)