ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တို့တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တို့ တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ အောင်ဆွေဦး မောင်းနှင်ပြီး မင်းမင်းသန်း လိုက်ပါလာသည့် FOTON ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးစေ့အိတ်များအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း။ 

အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲကျကျေးရွာ၊ ကျွဲကျချောင်းအနီး၌ မော်တော်ဆိုင်ကယ် ၃ စီးမှာ ဆာလာအိတ်များတင်ဆောင်ထားပြီး ရပ်တန့်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ အဆိုပါဆိုင်ကယ်   ၃ စီးပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၃ အိတ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်  ၃ ဒသမ ၆၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်