ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁

 

ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း အစည်းအဝေးကို ဇွန် (၃၀) ရက် ညနေပိုင်းက  ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာတာဝန် ရှိသူများတက်ရောက် ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်ရှိ ခရိုင်များအားလုံးအနေဖြင့် ဒေသဝမ်းစာ ဖူလုံမှုရှိစေရေးနှင့် ပူတာအိုလွင်ပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ ပါဝင်သော အဖွဲ့ဖြင့် လေ့လာ သုံးသပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေ့ပြေးမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံ တည်ထောင် နိုင်ရန်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊   ကချင်ပြည်နယ်၏ ဆီဖူလုံရေးအတွက် နေကြာ အပါအဝင် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားလိုသော အရည်အချင်း ပြည့်မီသည့် ဒေသနေ လူငယ်များအတွက် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်သင်ယူနိုင်ရေး အားပေးကူညီ သွားရန်၊ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် ရေဘေး ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသ၏ရေခံမြေခံကောင်းမွန်မှုကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုတိုးတက်ရေးအတွက်  နည်းပညာနှင့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ၊ မျိုးကောင်း မျိုးသန့်များ ဖြည့်ဆည်း‌ပေးရန်လိုအပ်ချက်များ၊ လယ်ယာကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးလာ‌ရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများ က လုပ်ငန်းကဏ္ဍများ အလိုက် ဆောင်ရွက်ချက်များနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)