ကြက် ရခိုင်ချက်

ရာသီဥတုက ပူပြင်းလာသည်မို့ ထမင်းစားမယ်ဆိုရင် ချဉ်၊ ငန်၊ စပ်ပဲဖြစ်ဖြစ်၊ အရည်သောက်လေးဖြစ်ဖြစ်ပါမှ အဆင်ပြေလှသည်။ ဒီတစ်ပတ်အတွက် ရိုးရာဟင်းများထဲက ကြက်ရခိုင်ချက် သို့မဟုတ် ကြက်သောက်စမ်းလေး ကို တင်ပြလိုက်ပါတယ်။


ရခိုင်လူမျိုးတို့ ဟင်းချက်ရာတွင် မပါမဖြစ် ထည့်၍ ချက်ပြုတ်လေ့ရှိသည့် စိမ်းစားငါးပိ တွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များပါရှိ ပါတယ်။ တွင်းထွက်သတ္တုဓာတ်များ အနက် ဆားအပြင် ကယ်လ်ဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များပါရှိ၍ ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာစေပါတယ်။ ထို့ပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါရှိပါတယ်။ ထိုဟင်းအမည်ထဲတွင်ပါရှိသော မန်ကျည်းသီးမှာလည်း မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားနိုင်တဲ့ စွမ်းရည် ရှိတာကြောင့် နှလုံးသွေးလည်ပတ်မှုများကို လည်း ကျန်းမာရေးအတွက် ကလေး၊ လူကြီး၊ အရွယ်သုံးပါးမရွေး စားသုံးရန် သင့်တော်ပါ တယ်။ ဒါကြောင့် ကြက်ရခိုင်ချက် သို့မဟုတ် ဟင်းရည်နဲ့ စားချင်သူများအတွက် အရည်နဲ့ လည်း ချက်နိုင်တာမို့ ကြက်သောက်စမ်းအဖြစ် စားသုံးနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ


ကြက်သား - ၂၅ကျပ်သား


မန်ကျည်းသီးစိမ်း - ၅ကျပ်သား


စပါးလင် - နှစ်ပင်


စိမ်းစားငါးပိ - ကွမ်းသီးလုံးခန့်


ငရုတ်သီးစိမ်း - အနည်းငယ်


ကြက်သွန်ဖြူ - နှစ်လုံး


ကြက်သွန်နီ - တစ်လုံး


နံနံပင် - တစ်စည်း


မြေပဲဆီ - အနည်းငယ်


နနွင်း - အနည်းငယ်


ဆား - အနည်းငယ်


ဟင်းခတ်မှုန့် - အနည်းငယ်


ပြုလုပ်နည်း


ကြက်သားကို အနေတော်အတုံးလေးများ တုံးပြီး သန့်စင်အောင်ရေဆေးကာ ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၍ အရသာဝင်အောင် ဆုပ်နယ်ပြီး ခဏနှပ်ထား ပါ။ တစ်ဆက်တည်း ကြက်သွန်ဖြူ/နီ အခွံ သင်ထားပါ။ အခွံသင်အစေ့ထုပ်ထားသည့် မန်ကျည်းသီးစိမ်းနှင့် ငရုတ်သီးစိမ်းကို ရေ ဆေးထားပါ။ 


အကယ်၍ မန်ကျည်းသီးစိမ်းမရှိ လျှင် (မန်ကျည်းသီးအမှည့် အသုံးပြုနိုင်ပါ တယ်)။ စပါးလင်အပေါ်က အခွံကြမ်းခွာပြီး နုပ်နုပ်လှီးထားပါမယ်။ ပန်းကန်တစ်လုံး ထဲတွင် ထောင်းထားသည့် မန်ကျည်းသီး၊ ငရုတ်သီးစိမ်းတို့နှင့်အတူ စိမ်းစားငါးပိ ကွမ်းသီးလုံးခန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ရေ အနည်းငယ်တို့ထည့်ပြီး သမအောင်ဖျော်ထား ပါမယ်။ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကိုရော၍ ညက်အောင်ထောင်းပါ။ နှပ်ထားသော ကြက်သားကို မီးအပူချိန် နည်းနည်းနှင့် လှော်ပါ။ သွေ့လာပြီဆိုင်လျှင် ဆီအနည်းငယ်ထည့်ပြီး ထောင်းထားတဲ့ စပါးလင်၊ ကြက်သွန် ဖြူ/နီတို့ကို ထည့်ပြီး သမအောင်မွှေပါ။ ဟင်းအနံ့ထွက်လာလျှင် ဖျော်ထားတဲ့ မန်ကျည်းရည်ကိုထည့်ပြီး အရည်ခန်းအောင် ချက်ပါမယ်။ အကယ်၍ ကြက်သောက်စမ်း စားချင်တယ်ဆိုရင်တော့ အရည်ကျန်လေးချက်ပါ။ ဟင်းအိုချတော့ မယ်ဆိုရင် နံနံပင်အုပ်ပြီး ကြက်ရခိုင်ချက်ကို အသင့်စားသုံးနိုင်ပါပြီ။


ပရိုသီး

 

53336