ကိုယ်ဝန်ပျက်ကျပြီးနောက် ဘယ်လိုနေထိုင်ရမလဲ

၆  အောက်တိုဘာ

 

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ဒီအချိန်မှာတကယ်ကို အရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေသက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိ်န်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

 

ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များ ဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်း သေချာပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ခံစားချက်တွေက –

 

အပြစ်တင်စိတ် –  ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုး နည်းပါတယ်။

ဒေါသစိတ် – တစ်ခါတလေကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို ဒေါသထွက်တာကို သတိနဲ့ဆင်ခြင်ပေးပါ။ သူတို့လည်း စိတ်မကောင်းဖြစ်ကြသူတွေပါ။

ဝမ်းနည်းစိတ်ဖိစီးခြင်း  – ကိုယ်မျှော်လင့်ထားသမျှတွေ ရုတ်တရက်ပျောက်ကွယ်သွားသလို ခံစားရတဲ့အခါ ဝမ်းနည်းစိတ်ကိုမျိုသိပ်မထားပါနဲ့။

စိတ်ရှုပ်ထွေးမှု –  လေးလံမှုတွေအတွက် အဖြေရှာရင်း စိတ်တွေရှုပ်ထွေးလာတတ်ပါတယ်။ စိတ်ဓာတ်ကျတာတောင် ရှိလာနိုင်ပါတယ်။

ပင်ပန်းနွမ်းလျခြင်း – ပင်ပန်းနေသလို ခံစားနေရပေမယ့် အိပ်လို့လည်းမရပြန်ဘူး ဒါမှမဟုတ် နုံးချိပြီးတစ်ချိန်လုံး အိပ်ချင်နေတာမျိုး ဖြစ်တတ်ပါတယ်။အနားယူပေးပါ။

ဒါ့ကြောင့် ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း မိခင်လောင်းတွေရဲ့ ကိုယ်ရောစိတ်ပါကျန်းမာရေးအတွက် ဘယ်လိုနေထိုင်သင့်သလဲဆိုတာ အကြံပြုချက်လေးတ ွေဖော်ပြပေးလိုက်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် ကိုယ်ခံစားရတာကို ဒီအတိုင်းခံစားခွင့်ပြုလိုက်ပါ။ မျိုသိပ်မထားပါနဲ့။ ကိုယ်ဝန်ပျက်ကျတဲ့အခါ ကြုံတွေ့ရတဲ့ခံစားချက်မျိုးက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ သားသမီးဆုံးရှုံးလို့ ပူဆွေးရတဲ့နာကျင်မှုမျိုးက သင့်ကို အထီးကျန်စေတတ်ပါတယ်။ ကိုယ်ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ စကားစမြည်ပြောဆိုတာအပြင် တခြားပြင်ပကသူတွေနဲ့လည်း မိတ်ဖွဲ့ပေးပါ။ ဒီနည်းက အထီးကျန်စိတ်ကို ဖြေဖျောက်ပေးနိုင်ပြီး နာကျင်မှုကို မေ့လျော့လာစေမှာပါ။

 

ဆရာဝန်နဲ့တိုင်ပင် အကြံပြုချက်ခံယူပါ။ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာစပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့် ကိုမူတည်ပြီး ရက်ပိုင်းအနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ပါ။

 

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ပါ။ ကိုယ်ဝန်ပျက်ကျခြင်းက ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

 

သိပ်မပြင်းထန်တဲ့ သို့မဟုတ် ပြင်းထန်တဲ့ ခါးနာခြင်း

ကိုယ်အလေးချိန်ကျခြင်း

ဖြူနှစ်နှစ်အကျိအချွဲတွေဆင်းခြင်း

အရောင်ရင့်ရင့် သွေးဆင်းခြင်း။

ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။

 

လက္ခဏာတွေပြင်းထန်လာရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။ သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့ အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။

 

စိတ်ကိုကုစားဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ။ ဟော်မုန်းတွေကလည်း အရေးပါတဲ့နေရာက ပါဝင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအပေါ် ထားရှိတဲ့ဟော်မုန်းရဲ့တုံ့ပြန်မှုတွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုပြင်းထန်စေပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော်တော်ကြာတဲ့အထိ ငိုနေမိတာမျိုးက အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေက ယာယီခံစားချက်တွေဖြစ်ပြီးကြာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။

 

အားရှိအောင်စားပါ။ နောက်ပိုင်းအတွက် အကောင်းဆုံးက ကျန်းမာရေးအတွက်ကောင်းတဲ့ အစာအာဟာရတွေစားပေးဖို့ပါပဲ။ ဖိစီးမှုတွေရှိနေတဲ့ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အာဟာရဓာတ်စာတွေ စားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အမဲသား၊ ပဲပိစပ်၊ လိမ္မော်သီး၊ ထောပတ်သီးတို့လို ဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေက အကောင်းဆုံးပါ။

 

တခြားသူတွေဆီက အားပေးဖေးမမှုရယူပါ။ အပေါင်းအသင်းများခြင်းကလည်း ဒီအချိန်မှာ အကျိုးရှိလှပါတယ်။ ကိုယ့်ခင်မင်သူတွေဆီက လမ်းညွှန်မှု၊ အားပေးနှစ်သိမ့်မှု၊ အကြံပြုချက်တို့ကို ရယူပါ။ အထူးသဖြင့် ကိုယ့်လိုကြုံခဲ့ဖူးသူတွေဆီကပေါ့။

 

နောက်တစ်ခါမဖြစ်ရအောင် ဘာတွေလုပ်ဖို့လိုမလဲဆိုတာ လေ့လာပါ။ ကိုယ်ဝန်ပျက်ကျတဲ့ဖြစ်ရပ်အများစုက ကြိုတင်ကာကွယ်လို့ မရနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့အသက်အရွယ်၊ အရင်ကပျက်ကျဖူးတာတွေရှိတာ၊ ရောဂါအကြောင်းရင်း၊ သောက်သုံးနေရတဲ့ ဆေးဝါး၊ လူပင်ပန်းဖိစီးမှု၊ ဓာတုပစ္စည်းထိတွေ့မှု စတဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ ရှိနေုနိုင်ပါသေးတယ်။  နောက်ကိုယ်ဝန်တွေမှာ အခုလိုထပ်မဖြစ်ရအောင် ဒီလိုအချက်တွေကိုတော့ ထည့်သွင်းဂရုစိုက်ပေးရပါမယ်။ ဗဟုသုတ လေ့လာထားတာတော့ လွန်တယ်မရှိပါဘူး။

 

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”