ကိုယ်တိုင်လုပ် ကိုယ်တိုင် ကိုယ့်ရပ်ရွာဖွံ့ဖြိုး

mdn

နေပြည်တော် ၁၁ ဇွန်

 

ကိုယ်တိုင်လုပ် ကိုယ်တိုင်ယူ ကိုယ့်ရပ်ရွာဖွံ့ဖြိုးဟုဆိုလိုခြင်းမှာ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေပေးမည့် Cash For Work စီမံကိန်းကို ရည်ညွှန်း ခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုများ လျော့ပါးသက်သာစေရန် အဓိကရည်ရွယ်လုပ်ဆောင်မည့် စီမံကိန်းဖြစ်သလို တိုင်းပြည်စီးပွား ဖွံ့ဖြိုးစေမည့် အခြေခံလုပ်ငန်းဖြစ်ပါသည်။

 

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးထိခိုက်နေသောအချိန်၊ မြန်မာတစ်နိုင်ငံလုံး အလုပ်အကိုင်များ တုံ့ဆိုင်းနေသောအချိန်ကာလ၌ အခြေခံလူတန်းစား အများစုနေထိုင်သည့် ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို ရမည်ဖြစ်သလို စီမံကိန်းလုပ်ငန်းအောင်မြင်အောင်လည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

 

ယခုအခါ စိုက်ပျိုးရေးရာသီ ရောက်ရှိလာသောအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ဝိုင်းဝန်းကူညီပံ့ပိုးပေးသဖြင့် အဆင့်မီအောင်စိုက်ပျိုး၊ အရည်အသွေးကောင်းအောင် ထုတ်လုပ်နိုင်ပါက ပြည်တွင်းသာမက နိုင်ငံတကာဈေးကွက်သို့ပါ တွင်ကျယ်စွာ ဝင်ရောက်နိုင်သည့် အလားအလာ ကောင်းများရှိနေသည်။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍအား ခေတ်နှင့် ကိုက်ညီသည့်ပုံစံဖြင့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်လျှင် စီးပွားရေး ဘက်တွင် တိုးတက်အောင်မြင်မှုများ ရလာနိုင်သည်။

 

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်မှု နည်းပါးလာခြင်းကြောင့်လည်းကောင်း လုံခြုံစိတ်ချမှုရှိသည့် အစားအစာ ရိက္ခာလိုအပ်မှု ပိုမိုလိုအပ်လာသည့် အခြေအနေများရှိလာသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အခြေအနေ အချိန်အခါကို သေချာစွာစဉ်းစားချင့်ချိန်၍ လက်ရှိပေါ်ပေါက်လာသော စီမံကိန်းအခွင့်အရေးများကို ထိထိရောက် ရောက် အသုံးချနိုင်မည်ဆိုပါက ပြည်သူများကိုလည်းအကျိုးပြု၊ နိုင်ငံစီးပွား ရေးလည်း ပြန်လည်ဦးမော့လာ မည်ဟု ယုံကြည်ပါသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်က ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါစီမံချက်အရ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအထောက်အကူပြု Cash For Work စီမံကိန်းကို ဇူလိုင်လမှစတင်၍ အကောင်အထည်ဖော်ရန် ပြင်ဆင်ထားရာကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိသားစု များဝင်ငွေရရှိလာပြီး ကျေးရွာများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

ဆင်းရဲနွမ်းပါးပြီး အလုပ်လက်မဲ့၊ ကျပန်းအလုပ်သမားများနှင့် ထိခိုက် လွယ်အုပ်စုများသော ကျေးရွာများ၊ ကူးစက်ရောဂါဆိုးရွားစွာ သို့မဟုတ် အတော်အသင့် သက်ရောက်မှုရှိသော ကျေးရွာများ၊ လမ်းပန်းဆက်သွယ် ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော ကျေးရွာများ၊ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ကြွစွာဆောင်ရွက်လိုမှုရှိသည့် ကျေးရွာများ၊ လူဦးရေ စစ်တမ်းအပေါ်အခြေခံ၍ တွက်ချက်ထုတ်ပြန်ထားသော ဖွံ့ဖြိုးရေးလိုအပ်ချက်များသော ကျေးရွာများနှင့် ပြည်ပသို့သွားရောက်လုပ်ကိုင်သော လုပ်သားများ ပြန်လည်ရောက်ရှိလာသူဦးရေများသော ကျေးရွာများကို ဦးစားပေးအကောင်အထည်ဖော်မည်ဟု သိရသည်။

 

ကျေးရွာ ၃၅၀၀ ကို တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးမည့် ယခုစီမံကိန်းတွင် အသိပညာပေး လုပ်ငန်းများအား ကမ္ဘာ့ဘဏ်ရန်ပုံငွေဖြင့် အကူအညီပေးဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ခေတ်အဆက်ဆက် အကောင်အထည် ဖော်ခဲ့ရာတွင် ပွင့်လင်း မြင်သာမှုနှင့် လက်တွေ့ကျကျဆောင်ရွက်နိုင်မှု အားနည်းသဖြင့် အောင်မြင်မှုနည်းပါးခဲ့သည်။

 

ယခုစီမံကိန်းမှာမူ ပွင့်လင်းမြင်သာမှု၊ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းမှု၊ အကြံပြုမှု၊ တိုင်ကြားနိုင်မှုများ ပြုလုပ်နိုင်ပြီး တာဝန်ယူဆောင်ရွက်သည့် ဌာနသာမက လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ ကျေးရွာ အဖွဲ့ အစည်းများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်၍ ကိုယ်တိုင်လုပ် ကိုယ်တိုင်ယူ ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးစေမည့် စီမံကိန်းလုပ်ငန်း အောင်မြင်အောင် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ