ကိုယ်ပိုင်သံစဉ်နဲ့ အကဗီဒီယိုတွေတီထွင်မယ့် Project K  

မန္တလေး ၁ နိုဝင်ဘာ

 

လှပတဲ့ ကကွက်ဆန်းတွေနဲ့ ဖျော်ဖြေနေတဲ့ Project K အကအဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ လူငယ်အမျိုးသမီးလေးတွေရဲ့ အသဲစွဲလို့ ဆိုရမယ့် Project K အဖွဲ့မှာ အဖွဲ့ဝင် ခုနစ်ယောက်ရှိပါတယ်။ ဒီအဖွဲ့ထဲက ယူရေနီယမ်မှာ အကသင်တန်းတက်ခဲ့ပြီး ၊ Art School မှာ သရုပ်ဆောင်မေဂျာနဲ့ ဒီပလိုမာယူထားတဲ့ Project K အဖွဲ့က ဝီလျှံနဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး။      ။Project Kအဖွဲ့ ဖွဲ့ဖြစ်ပုံလေးသိချင်ပါတယ်။

 

ဖြေ။      ။အဓိကကတော့ ကိုရီးယားပြိုင်ပွဲကြောင့် ဖွဲ့ဖြစ်သွားတာ။ K Pop Cover Dance Festival ပြိုင်ပွဲရှိတော့ မန်နေဂျာ ဂျင်မီကိုကိုကနေ ပြောတယ်။ မပြိုင်ခင်က သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ဖြစ် နေတုန်းပဲ။ ရဲရင့်သော်ဆိုရင် သူ့ဘာသာ ကျောင်းတက်ပြီး ဆိုလိုကနေတုန်းပဲ။ အဲဒီအချိန်ကျမှ ဒီပြိုင်ပွဲရှိတယ်ဆိုပြီး ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ဖွဲ့ဖြစ်သွားတာ။ အဲဒီကနေ Project K ဆိုပြီးတော့ ခဏပေါင်းပြီး ဖွဲ့ဖြစ်သွားတယ်။ ပြိုင်ပွဲမှာပြိုင်တော့ ဆုတွေလဲရတယ်။ ပရိတ်သတ်တွေကလည်း အရမ်းအားပေးတယ်။ ပြီးတော့ အချင်းချင်းအလုပ်လုပ်တော့ ညီအစ်ကိုလို အလုပ်လုပ်လို့ အရမ်းကောင်းတယ်။ ဆက်ပြီးလုပ်ကြမလားတိုင်ပင်ကြတော့ ဆက်ပြီး လုပ်ဖြစ်သွားကြတာ။

 

မေး။      ။ အဖွဲ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

 

ဖြေ။      ။အနုပညာလှုပ်ရှားမှုအနေနဲ့ လက်ခံထားတဲ့ပွဲတွေ ကနေတယ်။ အောက်တိုဘာ ၂၈ ရက်က Radio Festival မှာ ကခဲ့တယ်။နောက်ပြီးပွဲအကြီးတွေလည်း ဖျော်ဖြေမှုရှိတဲ့အတွက် အဲဒီအတွက်လည်း ပြင်ဆင်နေတယ်။

 

မေး။      ။Project K အနေနဲ့ သီးသန့်ဖန်တီးမှုတွေ ဘာတွေရှိမလဲ။

 

ဖြေ။      ။သီးသန့်ဖန်တီးမှုအနေနဲ့ နောက်ပိုင်း Dance Video တွေကို music က သူများဟာ မဟုတ်ပဲ ကိုချမ်းအေးဝင်းနဲ့ပေါင်းပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်ပိုင် music နဲ့ Dance Video တွေထုတ်ဖို့ရှိပါတယ်။ ဇန်နဝါရီလောက်ကျရင် နိုင်ငံခြားမှာ ကန့်ပုံစံသွင်းပြီး အဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေ လေ့ကျင့်ဖို့ရှိတယ်။

 

မေး။      ။ Project K အဖွဲ့က တီထွင်တဲ့ Video Dance က ပထမဆုံးအကြိမ် တီထွင်တာလား။    

   

ဖြေ။      ။အရင်က Project K အဖွဲ့က အွန်လိုင်းတင်ဖို့ အကဗွီဒီယိုတွေရိုက်တယ်။ နိုင်ငံခြားက သီချင်းတွေကိုတီထွင်ပြီး ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်တယ်။ အခုဟာက သေသေချာချာပြင်ဆင်ပြီး ဒီဂျေချမ်းအေးဝင်းမှာအပ်ပြီး မြန်မာမှုလည်းပါတဲ့ဟာမျိုး အနောက်တိုင်းနဲ့ပေါင်းထားတာကို သီးသန့်ဖန်တီးပြီး လုပ်မှာပါ။

 

မေး။      ။ ဘယ်တော့လောက် ထွက်မလဲ။

 

ဖြေ။      ။ နှစ်ကုန်ပြီးတော့မှ ထွက်လောက်မယ်လို့ မှန်းထားတယ်။

 

မေး။      ။Project K အဖွဲ့ဝင်တွေ အမြဲတမ်း လက်တွဲသွားမလား။

 

ဖြေ။      ။အမြဲတမ်း လက်တွဲသွားမှာပါ။ ကျတော်က အရင်က ယူရေနီယမ်မှာသင်တန်းတက်ပြီး ယူရေနီယမ်မှာပဲ တစ်နှစ်ကျော်လောက်ကခဲ့တယ်။ Art School မှာလည်း သရုပ်ဆောင်မေဂျာ နဲ့ ဒီပလိုမာပြီးထားတယ်။

 

ကျောင်းပြီးတော့ ကျောင်းကရိုက်တဲ့ ကားလေးတွေမှာ အမြဲပါတယ်။ အခုက Project K ကို အဓိကထားလုပ်တယ်။ အားရင်းအားသလို အမ်တီဗီ၊ ဇာတ်လမ်းတိုလေးတွေ ရိုက်တယ်။ တယ်လီနောကရိုက်မယ့် ဇာတ်လမ်းအတိုလေး ပုံစံမျိုးရိုက်ဖို့ရှိတယ်။

 

မို့မို့