ကိုယ်ကျင့်တရားကောင်းမွန်မှ နိုင်ငံ့ပုံရိပ်လှ

၃၀   ဧပြီ

 

ဤကမ္ဘာမြေပေါ်တွင် တည်ရှိကြကုန်သော နိ်ုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံအချင်းချင်း စိတ်ဝင်စားမှုအပြည့်ဖြင့် အကဲခတ်ကြပါ၏။ ဟိုနိ်ုင်ငံသည် ဖွံ့ ဖြိုးပြီးနိုင်ငံလား၊ အင်အားကြီးရုံမျှမက၊ စူပါပါဝါနိုင်ငံကြီး ဖြစ်နေပြီလား၊ ဒီနိုင်ငံကဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံလား၊ သူ့ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိရဲ့လား၊ အစိုးရက ဘာစနစ်နဲ့ အုပ်ချုပ်သလဲ၊ တစ်နိုင်ငံလုံး၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာကအစ ကွာခြားမှုချင်းယှဉ်၍ လေ့လာကြ၏။ ယခုခေတ်တွင် ပြိုင်ဆိုင်မှု အမြင့်မားဆုံးဖြစ်သည့် နျူကလီးယားရှိနေလား၊ စစ်ရေးတွင်လည်း စစ်လက်နက် ပစ္စည်းတွေက ကမ္ဘာ့နောက်ဆုံးပေါ် လက်နက်ဆန်းတွေ ရှိနေပြီလား၊ ဂြိုဟ်တုလွှတ်တင်နိုင်ပြီလား၊ စသည် စသည်ဖြင့် အကြီးမားဆုံးသော ခေတ်မီကိစ္စရပ်ကြီးများမှ အစပြုကာ၊ လူမျိုးဘယ်နှမျိုး ရှိသည်၊ မည်သို့ ဝတ်စားဆင်ယင်သည်၊ မည်သည့်ဘာသာစကားကို ပြောသည်တို့ကိုလည်း စိတ်ဝင်တစား လေ့လာတတ်ကြပါသည်။

 

တချို့ကလည်း ထိုနိုင်ငံရှိ လူများ၏ ယနေ့ခေတ်တွင် တည်ရှိနေသည့် ကိုယ်အမူအရာ (နှုတ်အမူအရာ) စိတ်နေစိတ်ထား မည်သို့ရှိသည်၊ နိုင်ငံအလိုက်၊ လူမျိုးအလိုက်မည်သို့ ကွာခြားသည်တို့ကိုလည်း လေ့လာဆန်းစစ်ကြပါ၏။ နှစ်သက်သည် မနှစ်သက်သည်တို့ကိုလည်း ပြောဆိုကြလေ့ရှိပါ၏။ ၎င်းအပြင် လူသားများ၏ အရေးအကြီးဆုံး ပြဋ္ဌာန်းချက်ဟု ဆိုရမည့် ကိုယ်ကျင့်သိက္ခာကိုလည်း လေ့လာတတ်ကြ၍၊ ကိုယ်ကျင့်သီလပျက်ယွင်းကာ ရက်စက်ကြမ်းကြုတ်သော နိုင်ငံများအပေါ် ပြစ်တင်ရှုတ်ချကြရုံမျှမက၊ ထိုကြောက်လန့်ဖွယ်ရာ နိုင်ငံများ၏သတင်းကို ကြားရုံမျှဖြင့် သွားရောက်လိုစိတ် အလျဉ်းမရှိကြပါပေ။ သို့ပါသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ပုံရိပ်ကောင်းမွန်မှုသည် အလွန်အရေးကြီးသည်ဟု ဆိုချင်ပါသည်။ နိုင်ငံသူ နိုင်ငံသားများ၏ အကျင့်သီလ ပျက်ယွင်းလောက်အောင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့၊ နိုင်ငံသားအချင်းချင်း သတ်ဖြတ်ညှဉ်းဆဲနေသောကြောင့် အားအင်ကုန်ခန်းကာ၊ နိုင်ငံတည်ဆောက်ပြုပြင်ရေး အလျဉ်း မလုပ်နိုင်သောကြောင့် ကမ္ဘာတွင် ဆင်းရဲနိမ့်ကျနေပါလျှင်၊ မည်သူမျှပေါင်းသင်း ဆက်ဆံလိုမည် မဟုတ်ပါချေ၊ မည်သူမျှ ယုံယုံကြည်ကြည် ပူးပေါင်းကာလက်တွဲ ဆောင်ရွက်ခြင်း၊ ကူညီကယ်တင်ခြင်းလည်း ပြုလုပ်လိုမည် မဟုတ်ပါပေ။

 

ဤနိုင်ငံမျိုးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ချီတက်နေကြသော ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အလှမ်းကွာဝေး သွားရတော့မည် သာမက၊ နိုင်ငံသူ နိုင်ငံသားများမှာလည်း၊ လူချင်းတူတူ သူချင်းမျှမျှ မဖြစ်နိ်ုင်တော့ဘဲ လူ့အဆင့်အတန်းလည်း မြင့်မားလာမည် မဟုတ်တော့ပါပေ။ သို့ပါသောကြောင့် နိုင်ငံ၏အဆင့်အတန်း မြင့်မား တိုးတက်ရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း၊ နိုင်ငံအတွက် စိတ်စေတနာမှန်မှန်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြခြင်းတို့မှာ နိုင်ငံသားများ၏ အရေးအကြီးဆုံးတာဝန်ပင်ဖြစ်ပါ၏။

 

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ခန့်တိုင်အောင် စစ်အုပ်ချုပ်ရေးရှိခဲ့ခြင်း၊ ပြည်တွင်းစစ်မှာ နှစ်ပေါင်း ၇၀ အထိ အပြီးမသတ်နိုင်သေးခြင်း၊ အနောက်တံခါးဟု ဆိုရမည့် ရခိုင်ပြည်နယ်တွင်း တရားမဝင် ဝင်ရောက်ကူးလူးနေမှုများ၊ အကြမ်းဖက်မှုများ စသည်တို့ကြောင့် နိ်ုင်ငံသူ နိုင်ငံသားများမှာ နာလန်မထူအောင် နိမ့်ကျရုံမက ဆင်းရဲဒုက္ခ ရောက်နေကြရပါ၏။ ယနေ့လို ဒီမိုကရေစီစနစ်သို့ လှည့်ပြောင်းနေသည့် ကာလတွင် ဘက်ပေါင်းစုံ၌ အခက်အခဲကြီးမားကာ စိန်ခေါ်မှုများစွာ ရှိနေပါ၏။ သို့သော် ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင် တစ်ခဲနက်ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့သဘောဆန္ဒကို ဖော်ဆောင်မည့် ပြည်သူ့အစိုးရ ရှိနေပြီ ဖြစ်ပါသောကြောင့် မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်တော့မည်ဟု ယုံကြည်ပါ၏။

 

ပြည်သူလူထုတစ်ရပ်လုံးက အစိုးရချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များကို အခြားတစ်ဖက်တွင် “ပြည်သူ့အားသည် အနန္တစွမ်းအား” ဖြစ်သောကြောင့် ပြည်သူလူထု ညီညွတ်မှုရှိခြင်း၊ ခါးစည်းကာ ကြိုးကြိုးကုတ်ကုတ် ဇွဲစိတ်သန်သန်၊ သတ္တိရှိရှိ ရုန်းကန်ကြခြင်းတို့ဖြင့် နိုင်ငံအပြောင်းအလဲကို ဖော်ဆောင်နိုင်ကာ နိ်ုင်ငံ့ပုံရိပ်ကို တောက်ပစေမည် အမှန်ပင်ဖြစ်ပါ၏။ ခေတ်ဟောင်း စနစ်ဟောင်း တစ်လျှောက်လုံးတွင် စနစ်၏ ဖန်တီးမှုကြောင့် ကိုယ်ကျင့်သီလ၊ သမာဓိသိက္ခာတို့ ပျက်ယွင်းခဲ့ရသည်တို့ကို ကောင်းသောစိတ်ဓာတ်ဖြင့် ပြန်လည် တည်ဆောက်ခြင်း ပြုကြရပါမည်။ စိတ်အညစ်အကြေးကို မိမိတို့ အသီးသီး၏ စိတ်ဖြင့်သာ ဆေးကြောကာ သန့်ရှင်းမှုကို အရယူကြရမည် ဖြစ်ပါ၏။

 

အတိတ်ကာလက အဂတိတရားလေးပါးကို ကျင့်သုံးခဲ့မိ၍ ကိုယ်ကျင့်သိက္ခာ မည်မျှပျက်ယွင်းခဲ့စေကာမူ ယခု ပြင်နိုင်လျှင် ယခုချက်ချင်း ကောင်းလာမည်။ လူအပေါင်းက နှစ်ထောင်းအားရ ဝမ်းပန်းတသာ ကြိုဆိုကြမည် ဖြစ်ပါ၏။ ပြည်သူလူထုကြီးကလည်း သဘောထား အတွေးအမြင်များ ပြောင်းလဲရမည်များရှိသကဲ့သို့ အစိုးရကလည်း မှန်ကန်သော ဦးဆောင်မှုကို ပေးရမည်ဖြစ်ပါ၏။ နိုင်ငံသူနိုင်ငံသားများ အနေဖြင့် လူမှုကျင့်ဝတ် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်းဖြင့် လည်းကောင်း၊ နိုင်ငံ့အမှုထမ်း အရာထမ်းများသည်လည်း ဝန်ထမ်း၏ ကျင့်ဝတ်စည်းကမ်းကို မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက် တာဝန်ကျေ ခြင်းဖြင့်လည်းကောင်း တိုင်းပြည်ကိုအုပ်ချုပ်သော အစိုးရကလည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်ကြလျှင်ဖြင့် ဤကဲ့သို့သော နိုင်ငံသည် လူ့အခွင့်အရေးအပြည့်အဝရရှိကာ ကမ္ဘာ့အလယ်တွင် တင့်တယ် လာမည်ပင်ဖြစ်ပါ၏။ အားလုံးအကျင့်သီလ လုံခြုံကြလျှင် မိမိတို့နိုင်ငံသည် ထိပ်တန်းရောက်မည်မှာ ဧကန်အမှန်ပင် ဖြစ်မည်ဟု ယုံကြည်ကြောင်း တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)