ကိုရိုနာဗိုင်းရပ်စ်နဲ့ ၂၁ ရာစု ကူးစက်ရောဂါများ

mdn

ထွန်းသစ်စ - ရေးသားသည်

 

ဒီနေ့ကမ္ဘာမှာ ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် မပေါ်ပေါက်ခင် အခြားကူးစက် ရောဂါတွေဟာ ၂၁ ရာစုအစောပိုင်းက ဖြစ်ပွား ခဲ့ပါသေးတယ်။ အရင်ရာစုတွေက ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါကြောင့် သေဆုံး ခဲ့တဲ့သူအရေအတွက်နဲ့ ဒီနေ့ခေတ်သေဆုံးသူအရေအတွက်ကို နှိုင်းယှဉ် ကြည့်ရင် အရင်တုန်းက သေဆုံးသူအရေအတွက် ပိုများခဲ့တယ်လို့ ဆိုပါတယ်။

 

၂၁ ရာစုရဲ့ ကူးစက်ရောဂါများ

 

၂၀၁၃-၂၀၁၆ ခုနှစ်မှာ အီဘိုလာရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ ပြင်းထန် အီဘိုလာကူးစက်ရောဂါဟာ အနောက်အာဖရိကမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့ပြီး နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ အီဘိုလာကူးစက်ရောဂါကြောင့် ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရာယာလီယွန်နိုင်ငံတွေမှာ လူပေါင်း ၁၁၃၀၀ သေဆုံးခဲ့ပါတယ်။

 

အီဘိုလာရောဂါကို ၁၉၇၆ ခုနှစ်က ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ အီဘိုလာရောဂါဟာ တခြားဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေထက်စာရင် ကူးစက်မှုနှုန်းနည်းခဲ့တယ်လို့ဆိုရမှာပါ။ သို့သော်လည်း ရောဂါကူးစက်ခံရသူ ၄၀ ရာခိုင်နှုန်းလောက် သေဆုံးခဲ့ပါတယ်။

 

အီဘိုလာဗိုင်းရပ်စ်ကို ၂၀၁၈ခုနှစ်မှာ ကွန်ဂိုဒီမိုကရက်တစ်ပြည်ထောင် စုအရှေ့ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာဖြစ်ပွားခဲ့တဲ့ အီဘိုလာ ရောဂါကြောင့် လူပေါင်း ၂၂၀၀ သေဆုံးခဲ့ပါတယ်။

 

ဆားစ်ရောဂါ

 

၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဆားစ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ ဆားစ်ရောဂါကို ပထမဆုံး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၃ ခုနှစ် နှစ်လယ် လောက်မှာ အဲဒီရောဂါဟာ တကယ်ကြောက်စရာကောင်းအောင် ပျံ့နှံ့ခဲ့ပြီး တော့ ကျန်းမာရေးအကျပ်အတည်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာရှမှာ အဲဒီရောဂါကြောင့် ပရိဒေဝမီးတွေ တောက်လောက်ခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် လူဦးရေစုစုပေါင်း ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲ က ငါးပုံပုံ လေးပုံလောက်ဟာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီရောဂါဟာ လင်းနို့ကနေပြီး လူကို ကူးစက်ခဲ့တာဖြစ်ပါ တယ်။ အဲဒီရောဂါဟာ နိုင်ငံပေါင်း ၃၀ နီးပါး ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီရောဂါကြောင့်သေဆုံးတဲ့နှုန်းဟာ ၉ ဒသမ ၅ ရာခိုင်နှုန်းလောက်အထိရှိခဲ့ပါတယ်။

 

ဝက်တုပ်ကွေး

 

၂၀၀၉-၂၀၁၀မှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ဝက်တုပ်ကွေးကြောင့် လူပေါင်း ၁၈၅၀၀ ခန့် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား ခဲ့ပါတယ်။ အဆိုပါ ဝက်တုပ်ကွေးရောဂါကို မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ ၂၀၀၉ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပါတယ်။ သို့သော်လည်း လန်ဆက်ဆေးဘက်ဆိုင်ရာ စစ်တမ်းမှာတော့ ဝက်တုပ်ကွေး သို့မဟုတ် အိတ်ချ်ဝမ်းအင်န်ဝမ်းကြောင့်သေဆုံးသူဟာ ၁၅၁၇၀၀ကနေ ၅၇၅၄၀၀ အထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တုပ်ကွေးဆိုင်ရာသတိပေးမှုတွေကို ၂၀၀၉ ခုနှစ် ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့ပြီးတော့ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ကာကွယ်ဆေးဝါးတွေလည်း ပြတ်ခဲ့ပါတယ်။

 

 ငှက်တုပ်ကွေး

 

၂၀၀၃-၂၀၀၄ ခုနှစ်မှာ ငှက်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီတုပ်ကွေးကို အိတ်ချ်ဖိုက်အင်န်ဝမ်းလို့ ခေါ်ခဲ့ပါတယ်။ အဲဒီငှက်တုပ်ကွေးကြောင့် အထူး သဖြင့် အရှေ့တောင်အာရှမှာ လူပေါင်း ၄၀၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ အဲဒီ ငှက်တုပ်ကွေးဟာ လူသားတွေကို မကူးစက်မီ ပထမဆုံး ဟောင်ကောင် မွေးမြူရေးခြံတွေက စတင်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါတယ်။ သို့သော် လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

၁၉၈၁ ခုနှစ်ကနေ အခုအချိန်အထိ အိတ်စ် (အေအိုင်ဒီအက်စ်) ရောဂါ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိ သေစေနိုင်တဲ့ ကူးစက်ရောဂါဖြစ်လျက်ရှိဆဲပါ။ ကမ္ဘာတစ်ဝန်းမှာ ဒီရောဂါကြောင့် လူပေါင်း ၃၂ သန်းသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့က ပြောပါ တယ်။ လူပေါင်း ၂၄ ဒသမ ၅ သန်းဟာ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက် ရေးဆေးတွေ သုံးဆောင်နေရပါတယ်။

 

စပိန်တုပ်ကွေး

 

၁၉၁၈-၁၉၁၉ ခုနှစ်မှာ စပိန်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ် ဖြစ်ပွားနေတဲ့အချိန်မှာ စပိန်တုပ်ကွေး ဖြစ်ခဲ့တာကြောင့် ကမ္ဘာ့လူဦးရေ အများ ကြီး ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ စပိန်တုပ်ကွေးရောဂါကြောင့် လူပေါင်းသန်း ၅၀ လောက်သေဆုံးခဲ့ပါတယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ပြောခဲ့ပါတယ်။ ဒီရောဂါဟာ ၁၉၁၈ခုနှစ် ဧပြီလမှစပြီး ၁၉၁၉ ခုနှစ် ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အလွန်တိုတောင်းတဲ့ ကာလအတွင်းမှာ လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ ရောဂါအဖြစ် သမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

ပထမကမ္ဘာစစ်မှာ သေဆုံးတဲ့လူအရေအတွက်ထက် ရောဂါဖြစ်လို့ သေဆုံးတဲ့လူအရေအတွက်က ငါးဆလောက် ပိုတောင်များနေပါသေးတယ်။ ပထမဆုံးရောဂါတွေ့ရှိခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့ခဲ့တာပါ။

 

ဟောင်ကောင်တုပ်ကွေး

 

၁၉၆၈-၁၉၇ဝမှာ ဟောင်ကောင်တုပ်ကွေးဖြစ်ခဲ့ပါတယ်။ လူတစ်သန်း လောက် ဒီရောဂါနဲ့သေဆုံးခဲ့တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနကပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်း အတာ အနေနဲ့  ရောဂါကူးစက်ပျံ့နှံ့မှုဟာ ၁၉၆၈ ခုနှစ် နှစ်လယ်လောက်နဲ့ ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီရောဂါကြောင့် ကလေးတွေအတော်များများ သေဆုံးခဲ့ပါတယ်။ အဲဒီရောဂါဟာ ဟောင်ကောင်မှာ ပထမဆုံးစတင်ဖြစ်ပွားခဲ့ပြီး အာရှကိုကျော်ကာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၈ ခုနှစ်နှောင်းပိုင်း မှာဖြစ်ပွားခဲ့ပါ တယ်။ ထို့နောက်မှာတော့ ၁၉၆၉ခုနှစ်နှောင်းပိုင်းမှာ ဥရောပကိုပါ ကူးစက်ခဲ့ပါ တယ်။ ကူးစက်ရောဂါကျွမ်းကျင်သူတွေကတော့ အဲဒီတုပ်ကွေးဟာ သမိုင်းဝင် ၊ တုပ်ကွေးဖြစ်တယ်လို့တင်စားခဲ့ပါတယ်။ အဲဒီတုပ်ကွေးဟာ လေထဲမှာ အမြန် ဆုံးနှုန်းနဲ့ သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

အာရှတုပ်ကွေး

 

၁၉၇၅-၁၉၅၈ ခုနှစ်မှာ အာရှတုပ်ကွေးဖြစ်ခဲ့ပါတယ်။ အဲဒီတုပ်ကွေးကြောင့် အာရှမှာ လူပေါင်း ၁ ဒသမ ၁ သန်းလောက် သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ် ရေးဌာနက ပြောပါတယ်။ ပထမဖြစ်ပွားမှုဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ ၁၉၅၇ ခုနှစ်ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ လပေါင်းများစွာကြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကနဲ့ ဥရောပအထိရောက်ရှိခဲ့ပါတယ်။ ဒီရောဂါဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အလွန်အမင်းရှုပ်ထွေးစေခဲ့ပါတယ်။  အထူးသဖြင့် သက်ကြီးပိုင်းတွေ အဖြစ်များခဲ့ပါတယ်။

 

ဒီအခြေအနေတွေကို ခြုံပြီးကြည့်မယ်ဆိုရင် အခုဖြစ်နေတဲ့ ကိုရို နာ ဗိုင်းရပ်စ်ဟာ ယခင်က ရောဂါတွေလောက် သေဆုံးမှုမများသေးတဲ့သဘော ကို တွေ့ရပါတယ်။ အခုဆိုရင် တရုတ်ကလည်း ဒီရောဂါကို ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း တခြားအီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတို့မှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ အတော်ဆိုးနေတယ်လို့ ဆိုပါတယ်။ ပေါ့ဆ လို့တော့ မရပါဘူး၊ ထို့အတူပဲ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် တရုတ်ဒေသတွင်း သန်းကြွယ်သူဌေးတွေသာမက နိုင်ငံတကာကလည်း ဝိုင်းဝန်းလုပ်ဆောင် နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ဖျက်သွားဖို့ဆိုရင် တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ မရပါဘူး။ တစ်ကမ္ဘာလုံးကောင်းမှ ရပါမယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ