ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာများကုသရန် ဒုတိယမြောက်ဆေးရုံကို ဝူဟန်မြို့၌ ၁၅ ရက်အတွင်း တည်ဆောက်မည်

ပေကျင်း ၂ ဇန်နဝါရီ

တရုတ်နိုင်ငံ ဝူဟန်မြို့တော်က ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသည့်လူနာများကို ကုသမှုပေးရန် ဒုတိယမြောက် ဆေးရုံတစ်ခု တည်ဆောက်မည်ဟု ပထမဆေးရုံ တည်ဆောက်မည့်အစီအစဉ်ကို ကြေညာပြီးနောက်တစ်ရက် တွင် နိုင်ငံပိုင်ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ခုတင် ၁၃၀၀ ဆံ့ အဆိုပါဆေးရုံတည်ဆောက်မှုကို ၁၅ ရက်အတွင်း ပြီးစီးရန် စီစဉ်ထားသည်။ ပထမသီးသန့် ဆေးရုံတည်ဆောက်မှုမှာ ဖေဖော်ဝါရီ ၃ ရက်တွင် ပြီးစီးမည်ဟု ပြည်သူ့နေ့စဉ်သတင်းစာက ဇန်နဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။ ပထမဆေးရုံသစ်ကို ဝူဟန်မြို့တော် ဆင်ခြေဖုံးဒေသရှိ မူလက ဒေသခံ အလုပ်သမားများအတွက် အားလပ်ရက်အပန်းဖြေစခန်းတစ်ခုအဖြစ် တည်ဆောက်မည့် ဥယျာဉ်များ ဝန်းရံနေသော ကန်တစ်ကန်ဝန်းကျင်၌ တည်ဆောက်လျက်ရှိသည်ဟု ချန်ကျင်းသတင်းစာက ဇန်နဝါရီ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ ခုတင် ၁၀၀၀ ဆံ့ ပထမဆေးရုံကို မြေတူးစက် ၃၅ စင်း၊ မြေထိုးစက် ၁၀ စင်း အသုံးပြု၍ တည်ဆောက်လျက်ရှိသည်။

ဒီစီမံကိန်းတည်ဆောက်မှုက ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေပြတ်တောက်မှုကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ ဆေးရုံအဆောက်အဦကို ကဏ္ဍအလိုက် တည်ဆောက်မှာဖြစ်ပြီး မြန်မြန်ဆန်ဆန်အောက်လုပ်မှာ မဟုတ်သလို အကုန်အကျလည်း မများပါဘူး” ဟုအဆိုပါသတင်းစာက ဆိုသည်။ အလုပ်သမား ၁၀၀ ကျော်ဖြင့် တည်ဆောက်ရန် အတတ်နိုင်ဆုံးကြိုးစားနေကြောင်း ဆေးရုံတည်ဆောက်သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် China State Construction Engineering က ပြောကြားခဲ့သည်။ ရုပ်သံပြကွက်များတွင် အရောင်အသွေးစုံပြီး များပြားလှ သောမြေတူးစက်များက ရွံ့ ထူသော တည်ဆောက်ရေးလုပ်ငန်းခွင်၌ မြေပြုပြင်လျက်ရှိကာ ထရပ်ကားများစွာက ပစ္စည်းကိရိယာများ ပို့ဆောင်နေပုံကို ပြသခဲ့သည်။

ဝူဟန်မြို့တော်မှ အာဏာပိုင်များသည် ၂၀၀၃ ခုနှစ်အတွင်း ဆားစ်ရောဂါတိုက်ဖျက်ရန် တိုက်ပွဲဝင်ခဲ့သည့် ပေကျင်းမြို့တော်မှ အာဏာပိုင်များ၏ နမူနာအတိုင်း လုပ်ဆောင်ရန် ရည်ရွယ်သည်။ ထိုအချိန်က ပေကျင်းမြို့ မြောက်ဘက်ဆင်ခြေဖုံးဒေသတွင် ဆားစ်ရောဂါ ကုသရေးဆေးရုံတစ်ရုံကို တစ်ပတ်အတွင်း တည်ဆောက် ခဲ့သည်။

ကိုးကား-သည်စထရိတ်တိုင်းမ်

ဘာသာပြန် - ကျော်ထိုက်စိုး