ကိုရီးယားနိုင်ငံ၏ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ် အကဲဖြတ်ခြင်းစနစ်

လင်းလက်

 

လေ့လာအတုယူ

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအတွေ့အကြုံများကို လေ့လာအတုယူ၍ မိမိနိုင်ငံနှင့်သင့်တော်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ် ရာ အာရှဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများတွင် အောင်မြင်နေသည့်နိုင်ငံများအနက် ကိုရီးယားနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်မှုများမှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းစနစ်ကို အကျဉ်းမျှ လေ့လာတင်ပြလိုပါသည်။

 

သမိုင်းကြောင်း

 

 ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (Anti-Corruption and Civil Rights Commission - ACRC) သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းများ၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်း လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ အရာရှိများအတွက် ကျင့်ဝတ်လိုက်နာစေရေး ဆောင်ရွက်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သင်တန်း များပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စုံစမ်း စစ်ဆေး အရေးယူခြင်းနှင့်စပ်လျဉ်း၍ တိုင်ကြားစာများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ကျင့်ဝတ် ဖောက်ဖျက်မှုများကို အရေးယူခြင်းနှင့် အများ ပြည်သူအကျိုးစီးပွားအတွက် သတင်းပေးဖော်ထုတ် တိုင်ကြားသူများအား အကာအကွယ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု လေ့လာသိရှိရပါသည်။

 

ဖြောင့်မတ်တည်ကြည်မှုဆန်းစစ်ခြင်း

 

 ACRC သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် ၂၀၀၂ ခုနှစ်မှစ၍ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အတွင်း ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်း လုပ်ငန်းများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ ဖြင့် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပါသည် -

 

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများ ထိရောက်အောင်မြင် စေရေးအတွက် လိုအပ်သော ပြဋ္ဌာန်း ချက်များ ပြဋ္ဌာန်းနိုင်ရေးအတွက် အခြေခံအချက်အလက်များရရှိနိုင်ရန်၊

 

အများပြည်သူဝန်ဆောင်မှု လုပ်ငန်း များဆောင်ရွက်ပေးနေသည့် ဌာနခွဲများ၏ ဖြောင့်မတ်တည်ကြည်မှု အဆင့်ကို စိစစ်သုံးသပ်ခြင်းအားဖြင့် အဖွဲ့အစည်းအတွင်းရှိ တစ်ဦးချင်းစီ၏ ဖြောင့်မတ်တည်ကြည်မှု အဆင့် အတန်းကို မြှင့်တင်ပေးနိုင်ရေး ဦးစား ပေးနယ်ပယ်နှင့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရန်၊

 

ရလဒ်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာမှုမှတစ်ဆင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းတစ်ခု ချင်းစီအနေဖြင့် မိမိ၏ကိုယ်ပိုင်အစီအစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများ ဆောင်ရွက်လာစေမည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ပုံဖော်နိုင်ရန်၊

ရလဒ်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာမှုမှတစ်ဆင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း သာမက လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ်များ ဖန်တီးပုံဖော်နိုင်ရန်။

 

အခြေခံတွက်ချက်သည့်အညွှန်းကိန်းများ

 

 အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုကို ဆန်းစစ်အကဲဖြတ် နိုင်ရေး စစ်တမ်းကောက်ယူရာတွင် အောက်ဖော်ပြပါ အညွှန်းကိန်းလေးခုကို အဓိကအခြေခံ ကောက်ယူ တွက်ချက်သည်ဟု လေ့လာတွေ့ရှိရပါသည် -

 

External Integrity - ဝန်ဆောင်မှုပေး သည့် တာဝန်ရှိသူများအပေါ် ၎င်းတို့ တာဝန်ထမ်းဆောင်မှုများတွင် အဂတိ လိုက်စားမှုနှင့်စပ်လျဉ်းသည့် အပြုအမူများ ရှိ/မရှိနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ/မရှိ တို့ အပေါ် ဝန်ဆောင်မှုရယူသည့် ပြည်သူ လူထု၏ သဘောထားအမြင်များကို အခြေခံကာ အကဲဖြတ်အမှတ်ပေးခြင်း။

 

Internal Integrity - သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများက ၎င်းတို့ ဌာန/အဖွဲ့အစည်းအပေါ် ၎င်းတို့ကိုယ်တိုင် သုံးသပ်အကဲဖြတ်မှုအပေါ် အခြေခံကာ အကဲဖြတ် အမှတ်ပေးခြင်း။

 

Policy Customer Evaluation - ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း ဆက်စပ်လုပ်ကိုင်သူများနှင့် ဒေသခံ များ စသည့်မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်း ဆက်စပ်သူများ၏ အဖွဲ့အစည်း၏ မူဝါဒချမှတ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သဘောထားအမြင်များကို အခြေခံကာ အကဲဖြတ်အမှတ်ပေးခြင်း။

 

Occurrences of Corruption - အမှန် တကယ် ဖြစ်ပွားခဲ့သည့် အဂတိလိုက်စားမှုများကို အခြေခံတွက်ချက်ကာ အကဲဖြတ်အမှတ်ပေးခြင်း။

 

စစ်တမ်းကောက်ယူခြင်း

 

စစ်တမ်းကောက်ယူနိုင်ရေး ဦးတည်အုပ်စု ရွေးချယ်သတ်မှတ်ရာတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ အရွယ်အစားနှင့် လုပ်ငန်းဆောင်ရွက် မှု အခြေအနေများကို မူတည်ကာ စစ်တမ်းကောက်ယူရမည့် ဦးတည်အုပ်စု ရွေးချယ်သတ်မှတ် ခြင်းဆောင်ရွက်သည်ကို လေ့လာသိရှိရပါသည်။ ဦးတည်အုပ်စုသတ်မှတ်ပြီးပါက External Integrity အညွှန်းကိန်းအတွက် စစ်တမ်းကောက်ယူမည့် ဌာန/အဖွဲ့အစည်းတစ်ခုစီအတွက် နမူနာမေးခွန်း လွှာ ၅၀ ကောက်ယူပါသည်။ Internal Integrity အညွှန်းကိန်းအတွက် နမူနာအရွယ်အစားကိုမူ စစ်တမ်းကောက်ယူမည့် ဌာန/အဖွဲ့အစည်း၏ အရွယ်အစားနှင့် ဝန်ထမ်းအရေအတွက်တို့အပေါ် အခြေခံကာ တွက်ချက်သတ်မှတ်ပါသည်။ Policy Customer Evaluation အညွှန်းကိန်းအတွက်မူ စစ်တမ်းကောက်ယူမည့် ဌာန/အဖွဲ့အစည်းနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်လျက်ရှိသည့် အဖွဲ့ အစည်းများ၏ အချက်အလက်များအပေါ် အခြေခံ တွက်ချက်သတ်မှတ်ပါသည်။

 

၂၀၂၁ ခုနှစ်အတွက် ရလဒ်များထုတ်ပြန်ခြင်း

 

 ၂၀၂၁ ခုနှစ်အတွက် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဗဟိုအုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်း ၄၇ ခု၊ ပြည်နယ်အစိုးရအဖွဲ့ ၂၄၃ ဖွဲ့၊ ပညာရေးဌာန ၉၀ နှင့် အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရသည့် ဌာန/ အဖွဲ့ အစည်း ၂၁၂ ခု စုစုပေါင်း အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ၅၉၂ ခုသို့ စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ရလဒ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်၌ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှုဆန်းစစ် အကဲဖြတ်ခြင်းရလဒ်များကို လေ့လာကြည့်ပါက အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါသည် -

 

ရမှတ်သတ်မှတ်ချက်အနေဖြင့် “၀” (သုည) သည် ဖြောင့်မတ်တည်ကြည်မှု လုံးဝမရှိသည့် အခြေအနေကို ကိုယ်စားပြုပြီး “၁၀” သည် ဖြောင့်မတ်တည်ကြည်မှု အမြင့်ဆုံးအခြေအနေကို ကိုယ်စားပြုပါသည်။ ACRC အနေဖြင့် ဆန်းစစ်ချက် ရလဒ်များကို နှစ်စဉ် ဒီဇင်ဘာလခန့်တွင် ထုတ်ပြန် လေ့ရှိပြီး အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု အခြေအနေများကို လျှော့ချနိုင်ရေး နည်းလမ်းများကို အကြံဉာဏ်ပေးခြင်းနှင့် ၎င်းတို့၏ လုပ်ငန်း သဘောသဘာဝနှင့် အကိုက်ညီဆုံးဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒများချမှတ် နိုင်ရေးအတွက် လိုအပ်သော အကြံပြုချက်များကို ကူညီပံ့ပိုးပေးလျက်ရှိသည်ဟု သိရပါသည်။ ACRC ၏ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှုကို ဆန်းစစ် လေ့လာခြင်းအစီအစဉ်ကို နိုင်ငံတကာ အဖွဲ့အစည်းများက အသိအမှတ်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ၏ အများပြည်သူဆိုင်ရာ ကဏ္ဍအတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းဆိုင်ရာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုဆုကို ရရှိခဲ့ပါ သည်။ ထို့အပြင် ဂျာမနီနိုင်ငံအခြေစိုက် European Research Centre for Anti-Corruption and State Building မှ ၁၃-၁-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် Index of Public Integrity (IPI) အညွှန်းကိန်းတွင် ရမှတ် ၈ ဒသမ ၀၉ ဖြင့် နိုင်ငံ ပေါင်း ၁၁၄ နိုင်ငံ၌ အဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး အာရှဒေသတွင်း ၁၆ နိုင်ငံ၌ အဆင့် ၁ နေရာတွင် ရပ်တည်နေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ကိုရီးယားနိုင်ငံရှိ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှု မြင့်မားသကဲ့သို့ အစိုးရ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများမှာလည်း ထိရောက်အောင်မြင်နေသည်ဟု လေ့လာသိရှိရပါသည်။

 

တစ်ဖက်တွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်ကာလအတွင်း သမ္မတဟောင်း ငါးဦးကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီး သမ္မတဖြစ်ခဲ့သူ ပတ်ဂွန်ဟီးကို တောင်ကိုရီးယားနိုင်ငံ တရားလွှတ်တော်ချုပ်က အဂတိလိုက်စားမှုများနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားပြုမှုများအတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထောင်ဒဏ် အနှစ် ၂၀ နှင့် ငွေဒဏ် ဝမ် ၁၈ ဘီလီယံ ချမှတ်ခဲ့ပါသည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများအတွက်လည်း ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရပါသည်။ ပတ်ဂွန်ဟီးအနေဖြင့် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆမ်ဆောင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီအချို့ထံမှ ဒေါ်လာသန်းပေါင်း များစွာကို သူငယ်ချင်းဖြစ်သူနှင့် ပူးပေါင်းကြံစည် ရယူခဲ့မှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။

 

စံနမူနာထားဆောင်ရွက်စေလို

 

မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အဖွဲ့အစည်း ၃၇ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Units – CPU) များကို ဖွဲ့စည်းထားပြီး ဖြစ်သည်ကို တွေ့ရှိရပါသည်။ CPU များ၏ လုပ်ငန်းတာဝန်များတွင်လည်း အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပါဝင်သဖြင့် ကိုရီးယားနိုင်ငံ၏ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို စံနမူနာယူကာ မိမိဌာန/အဖွဲ့အစည်းနှင့် အကိုက်ညီဆုံးဖြစ်သည့် ဖြောင့်မတ် တည်ကြည်မှု ဆန်းစစ်ခြင်းစနစ်ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ကော်မရှင်က ဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဖြောင့်မတ် တည်ကြည်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အရွေ့တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

 

ကိုးကား - https://www.acrc.go.kr/en