ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ဖွင့်လှစ်

ကြို့ပင်ကောက် ဧပြီ ၁၃

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ကြို့ပင်ကောက်မြို့ ပြည်သူ့အားကစားကွင်းရှေ့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

မဟာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းစကားပြောကြား၍ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက “မြူ‌မှောင်ဝေကင်း” သီချင်းအားသီဆို၍ ယိမ်းအဖွဲ့ ၈ ဖွဲ့က အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ပြီး လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

 

ကြို့ပင်ကောက်မြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်ကာလအတွင်း ယိမ်းအဖွဲ့ ၈ ခုနှင့် အဆိုတော်များ၏ အကများအပြင် တီးဝိုင်းဖြင့် တေးသီချင်းများကိုလည်း နေ့စဉ်တင်ဆက်ဖျော်ဖြေ သွားမည်ဖြစ်ပြီး ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)