ကျိုင်းတုံမြို့၌ ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်း ဖောက်လုပ်လျက်ရှိ

ကျိုင်းတုံ၊   ၂၀    ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၁၅၂၀၃ ဒသမ ၆၁၇ သန်းဖြင့်  ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်းကို တောင်ကြီးဘက်မှအဝင် ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းကျန်းမာရေး စစ်ဆေးရေး ဂိတ်အနီး (၆၂၈.၀၂ km)မိုင်တိုင်အမှတ်မှ စတင်ကာ နောင်နွန်းပူးပေါင်းဂိတ်အနီး (၆၃၉ km) မိုင်တိုင်အမှတ်အထိ ယခင် စီမံကိန်း မဆောင်ရွက်ဖြစ်ခဲ့သော မိုးနဲ-ကျိုင်းတုံ မီးရထားလမ်းစီမံကိန်း မြေနေရာတွင် လမ်းအကျယ် (၇)မီတာ၊ အရှည် (၁၀) ကီလိုမီတာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံမြို့ရှောင်လမ်းအား လက်ရှိအချိန်တွင် မြေသားလမ်းဖောက်လုပ်ခြင်း၊ တံတားလုပ်ငန်းနှင့် အခြား လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှုမှာ (၁၇)ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကုန်တွင် အမာခံလမ်း အဆင့်အနေဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကတ္တရာ ကွန်ကရစ် မြို့ရှောင်လမ်းအား အပြီးဖောက်လုပ်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးကောင်းဇံထံမှ သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်း မြေဧရိယာစုစုပေါင်း ၁၁၀ ဒသမ ၄၄၃ ဧက ရှိပြီး  မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းဧရိယာတွင် ပါဝင်သွားသည့် ယန်းလောကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာအုပ်စုနှင့် ရပ်ကွက်(၁)တို့မှ မြေဧက များအတွက် လျော်ကြေးနှင့် နစ်နာကြေး ၆၄၈ ဒသမ ၂၀၄ သန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေ ခွဲဝေရရှိကာ သက်ဆိုင်ရာ လယ်/စီအဖွဲ့အဆင့်ဆင့်၏ သတ်မှတ်ဈေးများအတိုင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရာခိုင်နှုန်းပြည့် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်း၌ ယာဉ်အစီးအရေ များပြားလာမှု၊ မြို့တွင်းလမ်းများ ကျဉ်းမြောင်းလာမှုတို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများအား မြို့ရှောင်လမ်း ဖောက်လုပ်ပြီးစီးပါက ဖြေလျှော့ပေးနိုင်မည်ဖြစ်သည်။ ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များ မြို့တွင်းသို့ ဖြတ်သန်းမောင်းနှင်စရာမလိုဘဲ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်မြင့်မားလာပြီး ဒေသလူမှုစီးပွားရေးများ မြှင့်တင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)