ကိုးနှစ်ကြာမှ ရုပ်ရှင်လောကအတွင်း ပြန်လည်ဝင်ရောက်မယ့် လီနာယောင်း

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲသစ် “Romance is a Bonus Book အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားမှာတော့ ဇာတ်လမ်းတွဲမှာ မင်းသမီး လီနာယောင်း ပါဝင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတာပါ။ လီနာယောင်းဟာ လွန်ခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း ဇာတ်လမ်း တွဲတွေ ရိုက်ကူးခဲ့ခြင်းမရှိဘဲ လတ်တလောမှာမှ ပြန်လည်ရိုက်ကူးသွားဖို့ရှိနေတာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

လီနာယောင်းဟာ ခင်ပွန်းဖြစ်သူ မင်းသား ဝန်ဘင်းနဲ့ လက်ထပ်ပြီးနောက် ရုပ်ရှင်တွေ ရိုက်ကူးခဲ့တာ မတွေ့ရပါဘူး။ သူတို့နှစ်ဦးမှာ သားလေးတစ်ဦးရရှိခဲ့ပြီး လတ်တလောမှာမှ ရုပ်ရှင်လောကအတွင်း ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Romance is a Bonus Book” မှာတော့ လီနာယောင်းဟာ ကော်ပီစာရေးဆရာတစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ လီနာယောင်းဟာ ဇာတ်လမ်းတွဲအပြင် ရုပ်ရှင်တစ်ကားလည်း ရိုက်ကူးဖို့ရာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နှစ်တွေအတော်ကြာမှ ရုပ်ရှင်နယ်ပယ်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ လီနာယောင်းက သူ့ရဲ့ ခံစားချက်တွေကိုလည်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးက ရုပ်ရှင်သရုပ်ဆောင် အဖြစ် ရပ်တည်ရတာဟာ သူ့အတွက် ခက်ခဲတဲ့အရာတစ်ခုဖြစ်ပြီး ဒီလိုခက်ခဲတာကြောင့် ရုပ်ရှင်လောကဟာ သူ့အတွက် ဆွဲဆောင်မှုရှိကာ ပြန်လည်လုပ်ဆောင်လိုတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လတ်တလော ရုပ်ရှင်လောကအတွင်း ပြန်လည် ဝင်ရောက်ရာမှာလည်း ပျော်ရွှင်မှုထက် အခက်အခဲတွေသာ တွေ့ကြုံရတယ်လို့လည်း မင်းသမီးက ပြောကြားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ဝန်ဘင်းနဲ့ သူ့အကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီးလည်း လီနာယောင်းက သူတို့နှစ်ဦးဟာ စကားတွေ အများကြီး ပြောဖြစ်တာမျိုး နည်းပေမယ့် သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့ပိုတူကြောင်း၊ သူ့အတွက် ခက်ခဲချိန်တွေမှာလည်း ခင်ပွန်းဖြစ်သူက အားပေးလေ့ရှိကြောင်း ရင်ဖွင့်လာပါတယ်။ သူတို့နှစ်ဦးရဲ့ သားလေးနဲ့ပတ်သက်ပြီး အနာဂတ်မှာ သားလေးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ သရုပ်ဆောင်တစ်ဦးဖြစ်လိုပါက အားပေးကူညီသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့လည်း သိရပါတယ်။

အေးပြည့်