ကိုလိုနီခေတ် မြေထည်၊ စဉ့်ထည်လုပ်ငန်းများ

သိပ္ပံစာရေးဆရာကိုကိုအောင်

 

မြန်မာ့သမိုင်းတစ်လျှောက် မြေထည်လုပ်ငန်းများ

မြန်မာတို့သည် ပျူခေတ်ကပင် မြေအိုးမြေထည်များကို လုပ်တတ်ကြပြီး အုတ်ဖုတ်လုပ်ငန်းတွင်လည်း ကျွမ်းကျင်ကြသည်။ ၁၁ ရာစုခန့်မှစ၍ စဉ့်သုတ်မြေထည် စဉ့်အိုးစဉ့်ခွက်များကို ထုတ်လုပ်နိုင်ခဲ့ကြသည်။ မုတ္တမအိုး၊ ပဲခူးအိုးဟု ခေါ်တွင်သော စဉ့်အိုးကြီးများကို ၁၃ ရာစုခန့်ကတည်းကပင် ပြည်ပနိုင်ငံများက သိကြ၊ သုံးနေကြပြီဖြစ်သည်။ ဒေသအလိုက်နှင့် ထွက်ရှိသောမြေ အမျိုးအစားအလိုက် မြေအိုးမြေထည်များကို ပုံစံအမျိုးမျိုးဖြင့် ပြည်တွင်းသုံး ထုတ်လုပ်ကြရာ ထွက်ကုန်ပစ္စည်းများကို အမျိုးအစားသုံးမျိုး ခွဲခြားနိုင်သည်။

 

ပထမအမျိုးအစားမှာ ဈေးအလွန်ချိုသော မြေထည်များဖြစ်ကြပြီး ပုစွန်မြောင်း၊ ဇာသပြင်၊ ညောင်ပင်ဆိပ်၊ ရွှေဂူ၊ လက်သစ်တို့မှ အများဆုံးထွက်ရှိသည်။ ညောင်ပင်ဆိပ်တွင် အိမ်မိုးအုတ်ကြွပ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ ထိုကဲ့သို့သော မြေအိုးမြေထည် အကြမ်းစားများကို ရပ်သုံးရွာသုံးအတွက် ထုတ်လုပ်ပေးသည့် အခြားကျေးရွာဒေသများလည်းရှိရာ တွံတေး၊ မုပွန်၊ ရွှေဘိုကျောက်မြောင်း တို့သည် စဉ့်အိုးစဉ့်ခွက်များထုတ်လုပ်ရာ ထင်ရှားသောဒေသများ ဖြစ်ခဲ့သည်။ ပျဉ်းမနား၊ ရွှေဂူ၊ လွိုင်လင်တို့မှာ မြေထည်စဉ့်သုတ် အချောထည်၊ လက်ဖက်ရည် ကရား၊ ညောင်ရေအိုး စသည့်ပစ္စည်းများ ထွက်ရှိရာဒေသများအဖြစ် ထင်ရှားခဲ့ကြသည်။ အိုးထိန်းစက်(Potters Wheel)ကိုသုံး၍ မီးဖုတ်သော ရှေးသမားရိုးကျ နည်းဖြင့်ပင် ထုတ်လုပ်ကြသဖြင့် ရပ်သုံးရွာသုံး ပြည်တွင်းသုံးအဆင့်ထက် မတိုးတက်နိုင်ဘဲ ရှိခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ပြည်ပမှ ကြွေထည်ဖန်ထည် နှင့် ဒန်အိုးဒန်ခွက်တို့ ဝင်ရောက်လာသောအခါ ရိုးရာအိုးလုပ်ငန်းမှာ ပျောက် ကွယ်မသွားသည့်တိုင် ရက်ကန်းလုပ်ငန်းကဲ့သို့ပင် မှေးမှိန်ကျဆင်းသွားလေ တော့သည်။

 

ကိုလိုနီခေတ် မြေထည်လုပ်ငန်းများ

မြန်မာ့အိုးလုပ်ငန်းကို ခေတ်မီတိုးတက်စေရန်အတွက် ခေတ်မီနည်းပညာများ လိုအပ်သည်ဖြစ်ရာ အိုးလုပ်မည့် မြေအမျိုးအစားကို ဓာတ်ခွဲစမ်းသပ်ပြီး မြေအမျိုးအစားများကို ရောနှောပေါင်းစပ်ခြင်း စသော သုတေသနလုပ်ငန်း များကိုလုပ်ရန် လိုအပ်သလို အိုးဖုတ်သည့်မီးဖိုကို ပြုပြင်ရန်နှင့် အသုံးပြုသော လောင်စာ အကုန်အကျသက်သာစေရန် စသည်တို့ကလည်း အရေးကြီးလှသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာန ဝန်ထောက် မစ္စတာမောရစ်သည် စပါးခွံကို လောင်စာအဖြစ် အသုံးပြုနိုင်မည့် မီးလင်းဖိုကို တီထွင်စမ်းသပ်သကဲ့သို့ အိုးလုပ်ငန်း ကျွမ်းကျင်ပညာရှင် မစ္စတာနစ်ကိုလပ်ကလည်း လောင်စာသက်သာ ခြိုးခြံနိုင်မည့် မီးလင်းဖိုမျိုးကို တီထွင်ကြံဆခဲ့သည်။

ထို့ပြင် မြေထည်လုပ်ငန်းများ လက်တွေ့စမ်းသပ်ရန်နှင့် သင်ကြားပို့ချရန် အင်းစိန် အင်ဂျင်နီယာကျောင်း၌ မြေထည်လုပ်ငန်းဌာနကိုဖွင့်လှစ်၍ မြေထည် ကျွမ်းကျင်သူ အရာရှိက ဦးစီးကာ အိုးထွက်ရာဒေသများမှ မြေများကို ဓာတ်ခွဲ စမ်းသပ်ပေးခဲ့သည်။ သထုံခရိုင် ရင်းငြိမ်ဒေသ၊ ပခုက္ကူခရိုင် ကျောက်တပ်ဒေသ၊ ရမည်းသင်းခရိုင် လက်ပံနှင့် အင်းတော်ကလေးဒေသ၊ ရွှေကျင်ခရိုင် ကုသိန္နာရုံ ဒေသ၊ သာယာဝတီခရိုင် မင်းလှဒေသတို့မှ ထွက်ရှိသော မြေများတွင် ဆီလီကွန် ဒိုင်အောက်ဆိုဒ်၊ တိုက်တေနီယမ်အောက်ဆိုဒ်၊ အလူမီနီယမ် အောက်ဆိုဒ်၊ သံအောက်ဆိုဒ်၊ ကယ်လ်ဆီယမ်အောက်ဆိုဒ်၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်၊ ပိုတက် ဆီယမ်အောက်ဆိုဒ်၊ ဆိုဒီယမ်အောက်ဆိုဒ် ပါဝင်နှုန်းများကို စမ်းသပ်သည်။ ရင်းငြိမ်၊ ရမည်းသင်း၊ မင်းလှ၊ ပခုက္ကူတို့မှ မြေများသည် မြေဖြူမျိုး(White Clay)ဖြစ်ကြောင်း တွေ့ရှိရသည်။ မင်းလှမြေတွင် ကေအိုလင် ၄၇ ရာခိုင်နှုန်း ပါဝင်ပြီး ပခုက္ကူမြေတွင် ကေအိုလင် ၇၅ ရာခိုင်နှုန်းပါဝင်ကာ ထိုမြေများနှင့် ရောနှောပါရှိသောသဲသည် ဆေးထည့်ရန် ဖန်ပုလင်းများကို ပြုလုပ်နိုင်ကြောင်း ကိုလည်း တွေ့ရှိခဲ့သည်။

 

မြေထည်လုပ်ငန်းများတိုးတက်ရန် ဆောင်ရွက်မှုများ

ထိုသင်တန်း၌ မြေထည်များကို စဉ့်ရည်သုတ်နိုင်ရန် ဒေသအမျိုးမျိုးမှ ထွက်ရှိသော မြေထည် အမျိုးအစားအလိုက် စဉ့်ရည်စပ်နည်းများကို ညွှန်ကြား သင်ပြပေးခဲ့သည်။ မြေအမျိုးအစားအလိုက် ပြုလုပ်နိုင်မည့် ပစ္စည်းနှင့် ပြုလုပ် နည်းများကိုလည်း သင်ကြားပေးခဲ့သည်။ ပျဉ်းမနား၊ တွံတေး၊ မုပွန်၊ ညောင် ပင်ဆိပ်၊ ဇာသပြင်၊ ပုစွန်မြောင်း၊ ကျောက်မြောင်းနှင့် လွိုင်လင်မြို့တို့သို့ လှည့်လည်ကာ အကြံဉာဏ်များပေးခဲ့သလို Burma Pottery Works ခေါ် ဦးသော်ပန်းကန်စက်အတွက် လိုအပ်သောအကူအညီများကိုလည်း ပေးခဲ့သည်။

 

အင်းစိန် မြေထည်လုပ်ငန်း သင်ကြားရာဌာနတွင် ကျောင်းသားများကို ပညာသင်စရိတ်များပေး၍ အခြေခံ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပုံဆွဲပညာ၊ အိုးထိန်းဘီး အသုံးပြုနည်း၊ အုတ်နှင့်အုတ်ကြွပ် ပုံသွင်းခြင်း၊ မြေထည်များပုံသွင်းခြင်း၊ ဖိအား ပေးခြင်း၊ မြေထည်ဖုတ်ခြင်း၊ စဉ့်ရည်ပြုလုပ်နည်း၊ ကြွေရည်ပြုလုပ်နည်းနှင့် ကြွေထည်စဉ့်ထည်ဖုတ်နည်းများကို သင်ကြားပေးပြီး သင်တန်းကာလမှာ နှစ်နှစ်ဖြစ်သည်။ ဦးသော်ပန်းကန်စက်မှ အလုပ်သမားအချို့ကိုလည်း သင်တန်း သို့စေလွှတ်ကာ ပညာသင်ယူစေခဲ့သည်။ အစိုးရဌာနရုံး အဆောက်အအုံများကို ဆောက်လုပ်ရန်အတွက် အုတ်ဖုတ်ပေးသော အစိုးရအုတ်လုပ်ငန်းဌာန(ကံဘဲ့)မှပေးပို့သော မြေကြီးများကိုလည်း စမ်းသပ်ပေးခဲ့သလို လက်ဖက်ရည်အိုး၊ ပန်းအိုး၊ ပန်းကန်ပြား၊ ကြွေကရားစသော ပစ္စည်းအမျိုးမျိုးကိုလည်း စမ်းသပ် ပြုလုပ်ပေးခဲ့သည်။

 

အိုးလုပ်ငန်းကျွမ်းကျင်ပညာရှင် မစ္စတာနီကိုလပ်သည် ၁၉၂၆ ခုနှစ် မတ်လ တွင် ထားဝယ်နှင့် မြိတ်မြို့ရှိ အိုးလုပ်ငန်းများကို သွားရောက်ကြည့်ရှုလေ့လာပြီး ထိုဒေသ၌ အုတ်ဖုတ်လုပ်ငန်းစတင်နိုင်ရန် ကြိုးပမ်းနေသူများအား အကြံဉာဏ် များပေးခဲ့သည်။ ထိုခရီးစဉ်တွင် မစ္စတာနီကိုလပ်သည် မြိတ်မြို့မှ သုံးမိုင်ကွာ အရပ်၌ ဖန်ထည်လုပ်ငန်းအတွက် အရည်အသွေးအလွန်ကောင်းသော ကျောက် သလင်း(Quartz)၊ ကျောက်နှင့်သဲများရှိကြောင်း သိရှိခဲ့ရသည်။ ထိုနှစ်မေလတွင် မော်လမြိုင် အိုးလုပ်ငန်းများကိုလည်းကောင်း၊ ကျောက်မြောင်း အိုးလုပ်ငန်းများ ကိုလည်းကောင်း သွားရောက်လေ့လာခဲ့သေးသည်။ ထိုစဉ်က ကျောက်မြောင်း အနီးရှိ ရွှေဂွန်းတွင် အိုးသည်များ ကုန်ထုတ်သမဝါယမကို တည်ထောင်ပြီး ထုတ်လုပ်လျက်ရှိနေပြီဖြစ်သည်။

 

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာန၏ ဆောင်ရွက်ချက်

မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းဖြစ်သော အိုးလုပ်ငန်းကို ခေတ်မီတိုးတက် အောင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာနက ကျွမ်းကျင်ပညာရှင်ခန့်ထား၍ ကူညီသည်ဆိုသော်လည်း ထိရောက်မှုမရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ ကျွမ်းကျင် ပညာရှင်၏ အိုးလုပ်ငန်းဌာန ဓာတ်ခွဲခန်းတွင် ကြွေထည်မြေထည်သုံး ကုန်ပစ္စည်း အမျိုးမျိုးကို စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့သော်လည်း စီးပွားဖြစ်လုပ်ငန်း ကြီးများ တည်ထောင်ပေါ်ထွန်းလာခြင်း မရှိခဲ့ပေ။ အင်းစိန်အင်ဂျင်နီယာ ကျောင်းရှိ ကြွေထည်မြေထည်လုပ်ငန်းဌာန၏ သင်တန်းများသို့ တက်ရောက် သင်ကြားခဲ့သူများသည် အိုးလုပ်ငန်းထွန်းကားရာ ဒေသများမှ ဖြစ်ကြကာ သင်တန်းမှတတ်မြောက်လာသော ပညာရပ်များဖြင့် ရပ်ရွာရှိ အိုးလုပ်ငန်းတွင် ပြုပြင်မှုအနည်းငယ်ကိုသာ လုပ်နိုင်ခဲ့ကြသည်။ မြေများကို ဓာတ်ခွဲစမ်းသပ်ပြီး ရောစပ်မှု၊ မီးလင်းဖိုပြုပြင်မှုများကို လက်တွေ့ မလုပ်နိုင်ခဲ့ကြပေ။ ထို့အတူ ခေတ်မီမြေကြိတ်စက်စသော စက်ပစ္စည်း ကိရိယာများကိုလည်း ဝယ်ယူအသုံး မပြုနိုင်ကြသဖြင့် မျှော်မှန်းသည့် ခေတ်မီတိုးတက်မှုကို မရနိုင်ဘဲဖြစ်ခဲ့သည်။ နိုင်ငံခြားမှတင်သွင်းသော ပစ္စည်းအမျိုးမျိုး၏ လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သဖြင့် မြန်မာ့မြေထည် စဉ့်ထည်လုပ်ငန်းမှာ ကျေးလက်တောရွာသုံးအတွက်မျှသာ ဖြစ်နေခဲ့သည်။ အိုးလုပ်ငန်းဖြင့် အသက်မွေးသူများမှာလည်း ဝမ်းမဝ ခါးမလှ သော အခြေအနေတွင်ပင် သံသရာလည်နေခဲ့ကြရသည်။

 

အစိုးရ၏အကူအညီကလည်း ငွေကြေးအရင်းအနှီးအကူအညီ မဟုတ်သလို စက်ရုံအလုပ်ရုံ တည်ထောင်ပေးခြင်းမျိုးလည်း မဟုတ်ခဲ့ပေ။ ထို့ကြောင့်လည်း ကိုလိုနီခေတ်က စွန့်စွန့်စားစားကြိုးပမ်း၍ တည်ထောင်သော ဦးသော် ပန်းကန် စက်မှာ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ထို့အတူ ၁၉၂၅-၁၉၂၆ ခုနှစ်ခန့်က မြိတ်မြို့တွင် တီထွင်ကြိုးပမ်း တည်ဆောက်ခဲ့သော ဖန်ချက်လုပ်ငန်းတစ်ခု မှာလည်း တစ်နှစ်အတွင်းမှာပင် ရင်ဆိုင်းသွားခဲ့ရသည်။

 

မအောင်မြင်ခဲ့သော ဖန်ချက်လုပ်ငန်း

ကိုလိုနီခေတ်တွင် ပန်းကန်စက်တည်ထောင်သူ ဦးသော်ကဲ့သို့ပင် မြိတ်မြို့ တွင် ဖန်ချက်လုပ်ငန်းကို စွန့်စားတည်ထောင်သူတစ်ဦး ပေါ်ပေါက်ခဲ့သည်။ လင်ဦးခိုင်အမည်ရှိ သတ္တုတွင်းပိုင်ရှင်၊ ရော်ဘာခြံပိုင်ရှင် တရုတ်လူမျိုး ကုန်သည်ကြီးသည် ၁၉၂၅ ခုနှစ်ခန့်တွင် ဂျပန် ကျွမ်းကျင်ပညာရှင်တစ်ဦးကို ငှားရမ်းပြီး ဖန်ချက်စက်တစ်ခုကို တည်ထောင်ခဲ့သည်။ ထိုစက်ရုံမှ မီးအိမ် မှန်ပြောင်းများနှင့် ဖန်ခွက်များကို ထုတ်လုပ်နိုင်ခဲ့သည်။ ထုတ်လုပ်လိုက်သော ဖန်ပစ္စည်းများမှာ ကြည်လင်၍ အလားအလာကောင်းသော်လည်း မီးလင်းဖို၏ အပူရှိန်ပေးမှုက မမှန်သည့်အပြင် ပြန်နှပ်ရာ၌ လိုနေသေးသဖြင့် လေပူဖောင်း ကလေးများ ရှိနေခဲ့သည်။ ဖန်ရည်ကျိုရန်အတွက် အိုးများကို ဂျပန်နိုင်ငံမှ မှာယူတင်သွင်းရပြီး ထိုလုံအိုးများမှာ တန်ဖိုးကြီးသည့်အပြင် မကြာခဏ အသစ်လဲရန် လိုအပ်သောကြောင့် အရင်းအနှီးစိုက်ထုတ်မှုက များပြားလှသည်။ လုပ်ငန်းမှာ တစ်နှစ်ခန့်မျှသာခံပြီး အခြေမလှသဖြင့် ပိတ်သိမ်းလိုက်ရသည်။

 

အစိုးရကျွမ်းကျင်ပညာရှင် မစ္စတာနီကိုလပ်သည် ထိုဖန်ချက်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။ လေ့လာတွေ့ရှိချက်များကို အစီရင်ခံသည်မှတစ်ပါး အစိုးရထံမှ မည်သည့်အကူအညီကိုမျှ မရခဲ့ပေ။ ဦးသော်ပန်းကန်စက်နှင့် လင်ဦးခိုင်၏ ဖန်ချက်လုပ်ငန်းတို့သည် ကိုလိုနီခေတ်မှ စွန့်စားကြိုးပမ်းချက် များဖြစ်ကြပြီး တစ်ခုတည်းသော ပန်းကန်စက်နှင့် တစ်ခုတည်းသော ဖန်ချက် လုပ်ငန်းတို့ပင် ဖြစ်ကြသည်။ ဦးသော်၏ပန်းကန်စက်မှာ အရှုံးနှင့် ရင်ဆိုင် ရသော်လည်း လုပ်ငန်းရပ်ဆိုင်းလိုက်ရသည့် အခြေအနေသို့ မရောက်ရအောင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ လင်ဦးခိုင်၏ ဖန်ချက်လုပ်ငန်းကမူ တစ်နှစ်မျှသာ လည်ပတ်ထုတ်လုပ်နိုင်ခဲ့သည်။

 

မြန်မာ့ရိုးရာယွန်းလုပ်ငန်း

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာနက မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းကို လည်း တိုးတက်ဖွံ့ဖြိုးစေရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ယွန်းလုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသော ဒေသများမှာ ပုဂံ၊ မုံရွာနှင့် ကျောက်ကာတို့ ဖြစ်ကြပြီး ရှမ်းပြည်နယ် မိုင်းကိုင်ဒေသတွင်လည်း အနည်းငယ် လုပ်ကိုင်ခဲ့ ကြသည်။ ဗြိတိသျှတို့၏ စိုးမိုးမှုအောက်တွင် ယွန်းထည်လုပ်ငန်းမှာ မတွင် ကျယ်ဘဲ မှေးမှိန်နိမ့်ကျနေသဖြင့် ယွန်းလုပ်ငန်းသမားများမှာ ချောင်လည်မှု မရှိခဲ့ကြပေ။ မြန်မာ့ယွန်းထည်များသည် ဂျပန်၊ ထိုင်းတို့မှ လက်ရာများကိုမမီ ဘဲ ပြည်တွင်းသုံးနှင့် ရပ်သုံးရွာသုံးမျှသာ ဖြစ်သည့်အပြင် နိုင်ငံခြားမှတင်သွင်း သော ကြွေထည်၊ ဖန်ထည်နှင့် ဒန်သတ္တုပစ္စည်းများက နေရာယူလာသဖြင့် ယွန်းလုပ်သားများမှာ လုပ်အားရှိပါလျက် လုပ်ခွင့်မသာ ဖြစ်ခဲ့ကြရသည်။

 

ယွန်းလုပ်ငန်းသင်တန်းကျောင်း

မြန်မာ့ရိုးရာယွန်းလုပ်ငန်းကို အားပေးမြှင့်တင်ရန်ဟူသော ရည်ရွယ်ချက် ဖြင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာနသည် ၁၉၂၄ ခုနှစ် ဇူလိုင်လတွင် ပုဂံ၌ ယွန်းလုပ်ငန်းသင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ကာ ဦးစိန်ကို အစိုးရ ယွန်းအတတ်ပညာ ကျွမ်းကျင်သူအဖြစ် ခန့်ထားခဲ့သည်။ သင်တန်းသို့ တက် ရောက်သင်ကြားခွင့်အတွက် ပုဂံမြို့၌ ယွန်းလုပ်ငန်းဖြင့် အသက်မွေးသော မိသားစုဝင်များကို ဦးစားပေး ရွေးချယ်ခေါ်ယူခဲ့သည်။ သင်တန်းကာလ သုံးနှစ် အတွင်း ယွန်းထည်လုပ်ငန်းနှင့်သက်ဆိုင်သမျှကို အခြေခံမှစ၍ သင်ကြားပေးခဲ့ သည်။

 

အိမ်တွင်းစက်မှုလက်မှုဝန် မစ္စတာဟာဗေ လက်ထက် ၁၉၂၅ ခုနှစ်တွင် ဇင်းမယ်မှ ယွန်းထည်များကိုမှာယူ၍ ပုဂံသင်တန်းကျောင်းသို့ပေးပို့ပြီး နည်းယူ စေခဲ့သည်။ အစိုးရအရာရှိကြီးများ၊ ဝန်ကြီးများက ကျောင်းသို့ အခါအားလျော်စွာ လာရောက်အားပေးကြပြီး ကျောင်းသားများ၏ လက်ဖြစ်ယွန်းထည်များကို နှစ်စဉ်ကျင်းပသော လက်မှုအနုပညာပြပွဲတွင် တင်သွင်းပြသ ရောင်းချစေခဲ့သည်။

 

ပုဂံယွန်းလုပ်ငန်းပညာသင်ကျောင်း စတင်ဖွင့်လှစ်သောနှစ်တွင် ကျောင်းသား ၁၄ ယောက်ရှိသည့်အနက် ၁၀ ယောက်ကို ပညာသင်ထောက်ပံ့ကြေး တစ်လ လျှင် ပထမနှစ်အတွက် ၇ ကျပ်၊ ဒုတိယနှစ်အတွက် ၁၀ ကျပ်နှင့် တတိယနှစ် အတွက် ၁၂ ကျပ် ထောက်ပံ့ပေးခဲ့သည်။ ကျောင်းစဖွင့်သည့် ၁၉၂၄-၁၉၂၅ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်လျှင် သုံးတန်းပေါင်း ကျောင်းသားဦးရေမှာ ၂၀ မှ ၃၀ အတွင်း ရှိခဲ့သည်။ ၁၉၂၇ ခုနှစ် တစ်နှစ်တွင်သာ ၃၄ ဦးအထိ ရှိခဲ့သည်။ တစ်နှစ်လျှင် ကျောင်းသားသစ် ၁၀ ယောက်ထက်ပို၍ လက်မခံခဲ့ပေ။ ၁၉၃၃ ခုနှစ်မှစ၍ စတိုင်ပင်ထောက်ပံ့ကြေးဖြင့် တစ်နှစ်လျှင် ကျောင်းသားသစ် ငါးယောက်ကိုသာ လက်ခံခဲ့သည်။ ပုဂံယွန်းလုပ်ငန်း အတတ် သင်ကျောင်းမှ ပညာသင်ကြား တတ်မြောက်သွားသူ စုစုပေါင်းမှာ ၁၉၃၇ ခုနှစ် နှစ်ကုန်အထိ ဦးရေ ၁၀၀ ရှိခဲ့သည်။

 

ပုဂံ ယွန်းအတတ်သင်ကျောင်းသည် အစိုးရက တာဝန်ယူဖွင့်လှစ်သော လက်မှုပညာသင်ကျောင်း ဖြစ်သည်။ ဆရာ မလုံလောက်ခြင်းကြောင့် ကျောင်းသားဦးရေ တိုးမြှင့်လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ဆရာများမှာ ခေတ်မီနည်းပညာများကို ကျွမ်းကျင်တတ်မြောက် ကြသူများ မဟုတ်ကြပေ။ ပညာသင်စရိတ် ထောက်ပံ့ငွေကိုလည်း ၁၉၃၂ ခုနှစ် မှစ၍ တစ်တန်းလျှင် ကျောင်းသား ၁၀ ယောက်မှ ငါးယောက်အထိ လျှော့ချခဲ့သည်။

 

နှစ်စဉ်ထောက်ပံ့ကြေးကိုလည်း ပထမနှစ်အတွက် ၅ ကျပ်၊ ဒုတိယနှစ် အတွက် ၈ ကျပ်၊ တတိယနှစ်အတွက် ၁၀ ကျပ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ အစိုးရက ဘဏ္ဍာရေးကျပ်တည်းမှု အကြောင်းပြချက်ဖြင့် ပုဂံယွန်းကျောင်းကို ပိတ်ရန် ၁၉၃၁ ခုနှစ်က စဉ်းစားခဲ့ဖူးသည်။ ထို့ကြောင့်ပင် ၁၉၃၂ ခုနှစ်တွင် စတိုင်ပင် ထောက်ပံ့ကြေးပေးရသော ကျောင်းသားများကို လက်မခံတော့ပေ။ အစိုးရက ထိုကျောင်းအတွက် တစ်နှစ်လျှင် ငွေကျပ် ၅၀၀၀ ကျော်ခန့်သာ အကုန်အကျခံခဲ့သဖြင့် အချို့ကျောင်းသားများမှာ စတိုင်ပင်ထောက်ပံ့ကြေး မရဘဲ သင်တန်းတက်ကြရသည်။ သင်တန်းပြီးဆုံး၍ ကျောင်းမှထွက်သူများမှာ ယွန်းလုပ်ငန်းပိုင်ရှင် ဆရာများထံတွင် လခစား ဝင်ရောက်လုပ်ကိုင်ကြသလို အချို့ကလည်း မိဘတို့၏ ယွန်းလုပ်ငန်းတွင်ပင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြ သည်။

 

မြန်မာ့ရိုးရာယွန်းလုပ်ငန်းကို အစိုးရက အားပေး မြေတောင်မြှောက်ခဲ့သည် ဆိုသော်လည်း မျှော်မှန်းသကဲ့သို့ ထမြောက်အောင်မြင်ခြင်းမရှိဟု ဆိုရမည် ဖြစ်သည်။ အစိုးရက ကျောင်းဖွင့်ပြီး စနစ်တကျသင်ပေးသည်မှာ မှန်သော် လည်း ခေတ်မီနည်းပညာများကို ကျွမ်းကျင်တတ်မြောက်သည့် ဆရာများ မရှိခဲ့ပေ။ ကျောင်းအုပ်အပါအဝင် သင်တန်းကျောင်းဆရာတို့၏ လစာမှာ ၁၂၅ ကျပ်ခန့်သာရှိပြီး အများဆုံးမှာ ကျပ် ၂၀၀ ဖြစ်သည်။ အစိုးရက ငွေကုန်ကြေး ကျမခံသဖြင့် တစ်နှစ်လျှင် ကျောင်းသားသစ် ၁၀ ယောက်ခန့်သာ လက်ခံနိုင် ခဲ့ပြီး စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာရန်နှင့် ဈေးကွက်တွင် နေရာရလာ ရန် စွမ်းဆောင် နိုင်ခြင်းမရှိခဲ့ပေ။

 

အစိုးရ အကူအညီမယူသော လက်မှုပညာသင်ကျောင်း

အစိုးရ၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာနက တာဝန်ယူခြင်းမရှိဘဲ ရပ်ရွာမှ ဖွဲ့စည်းတည်ထောင်သော လက်မှုပညာသင်ကျောင်း တစ်ကျောင်း လည်း ရှိခဲ့သည်။ ထိုကျောင်းမှာ ရန်ကုန်အလုံရပ်ကွက်ရှိ အလုံ လက်မှုပညာ သင်ကျောင်းဖြစ်သည်။ ကျောင်း၏ရည်ရွယ်ချက်မှာ အသက်မွေးဝမ်းကျောင်း ဖြစ်စေမည့် လက်မှုပညာများ သင်ပေးရန်နှင့် အိမ်တွင်းလက်မှုလုပ်ငန်းများ တိုးတက်ကြီးပွားစေရန်တို့ ဖြစ်သည်။ ကြိမ်ထိုးလုပ်ငန်း၊ ဝါးထိုးဝါးရက်လုပ်ငန်း၊ လက်သမားလုပ်ငန်းစသော လက်မှုပညာများကို သင်ပေးပြီး နောက်ပိုင်းတွင်မူ လက်ရက်ကန်းပညာကိုပါ ပူးတွဲသင်ကြားပေးခဲ့သည်။ အိန္ဒိယတွင် ထိုသို့သော လက်မှုပညာသင်ကျောင်းများကို ဘီဟာ၊ ဩရိသ၊ ဘင်္ဂလားနှင့် မိုက်ဆိုးနယ် များတွင် အများအပြား တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးသည်ကို အတုယူကာ မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သည့် တစ်ခုတည်းသောကျောင်း ဖြစ်သည်။ အစိုးရအကူအညီ လုံးဝမပါဘဲ အိမ်တွင်း လက်မှုပညာများကို ထိန်းသိမ်းရန်နှင့် တိုးတက်ဖွံ့ဖြိုးစေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ။