ကျိုးကြောင်းယုတ္တိကင်းမဲ့သော အကြောင်းကြားချက်

၂၄ ဇွန်

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)က ၎င်းတို့ကြားနာစစ်ဆေးရန်သင့်/မသင့် သုံးသပ်နေသည့် တရားစွဲဆိုမှုဆိုင်ရာ တောင်းဆိုချက်တစ်ရပ်အပေါ်၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ကိုနောက်ဆုံးထား၍ တုံ့ပြန်ရန်နိုင်ငံတော်အစိုးရထံ အကြောင်းကြားလာပါသည်။ အပြည်ပြည်ဆိ်ုင်ရာ ရာဇဝတ်မှုခုံရုံး၏ ရှေ့နေချုပ် ဖာတူးဘင်ဆူဒါက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတို့၏ အရေးသည် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ် သက်ရောက်မှုရှိသောကြောင့် စစ်ဆေးပေးရန် အပြည်ပြည်ဆိ်ုင်ရာ ရာဇဝတ်မှုခုံရုံးသို့ လျှောက်ထားခဲ့ခြင်းကြောင့် ဤသို့အကြောင်းကြားလာခြင်း ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ ရှေ့နေချုပ် ဖာတူးဘင်ဆူဒါက“နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုရှိသော”ဟူသော ရှင်းလင်းချက်ကို အသုံးပြုခဲ့ခြင်းသည် အကြောင်းရင်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဤရှင်းလင်းချက်ကိုသာ အသုံးမပြုပါကအပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်ဆေးပိုင်ခွင့်မရှိသည်မှာ ရာနှုန်းပြည့် သေချာနေသောကြောင့် ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သော မြန်မာနိုင်ငံအပေါ် ဤခုံရုံးက မည်သို့မည်ပုံ စစ်ဆေးပိုင်ခွင့် ရှိနိုင်ပါမည်နည်း။ သို့ဖြစ်၍ ရှေ့နေချုပ်ဖာတူးဘင်ဆူဒါက “နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုရှိသော”ဟူသည့် ရှင်းလင်းချက်ကို အကြောင်းပြချက်အဖြစ် အသုံးချလာခြင်းဖြစ်ပါသည်။

 

ဤသို့သောအနေအထား၌ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် ပထမဦးဆုံးလုပ်သင့်သည့် ကိစ္စမှာ ၎င်းတို့က ရခိုင်ပြည်နယ်အရေးကိစ္စအား အဘယ်ကြောင့် လက်ခံစဉ်းစားရသည်ဆိုသည့် အကြောင်းပြချက်ကို ကမ္ဘာ့ပြည်သူများထံ ရှင်းလင်းတင်ပြပေးရန် ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက မြန်မာနိုင်ငံထံ ပေးပို့ချက်၌ “အတင်းအဓမ္မ မောင်းထုတ်မှုသည် မြန်မာနိုင်ငံပိုင်နက်၌ အစပြု ဖြစ်ပွားခဲ့သည်”ဟူသော စွပ်စွဲချက်ကို ရည်òန်းဖော်ပြထားပါသည်။ နေရပ်စွန့်ခွာသူတို့ကို မြန်မာနိုင်ငံက အတင်းအဓမ္မ မောင်းထုတ်မှု ရှိ/မရှိသည် ဒုတိယအဆင့်ကိစ္စသာဖြစ်ပြီး ဤကိစ္စရပ်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပထမအဆင့် ကိစ္စမှာ အပြည်ပြည်ဆိ်ုင်ရာ ရာဇဝတ်မှု ခုံရုံးက ရခိုင်ပြည်နယ်အရေးအပေါ် အဘယ်ကြောင့် စစ်ဆေးပိုင်ခွင့် ရှိသည်ကို ကမ္ဘာ့ပြည်သူများထံ ရှင်းလင်း တင်ပြရမည်ဖြစ်ပါသည်။နေရပ်စွန့်ခွာသူတို့အား အတင်းအဓမ္မ မောင်းထုတ်ခဲ့ခြင်း မရှိကြောင်းကို နိုင်ငံတော်အစိုးရက အကြိမ်ကြိမ်အထပ်ထပ် ရှင်းလင်းပြီးဖြစ်ပါသည်။

 

ရှေ့နေချုပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏စဉ်းစားချက်၌ နယ်စပ်ကိုဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် အကျိုးသက်ရောက်ခြင်းသည် အဓိကအချက် ဖြစ်နေပါသည်။ သုံးသပ်ကြည့်ပါက နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် အကျိုးသက်ရောက်သည့်ကိစ္စမှာ နေရပ်စွန့်ခွာသူတို့၏ ကိစ္စရပ်သာရှိ်ပါသည်။ သို့သော် နေရပ်စွန့်ခွာသူတို့ ရခိုင်ပြည်နယ်၌ ပြန်လည်အခြေချမည့်ကိစ္စအပေါ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်ရရှိပြီး ဖြစ်ပါသည်။ နေရပ်စွန့်ခွာသူတို့ ဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ ပြန်လည်အခြေချနိုင်ရေးအပါအဝင် ရခိုင်ပြည်နယ်ရှိ မတူကွဲပြားသော အသိုင်းအဝိုင်းနှစ်ရပ်စလုံး၏ လုံခြုံရေးနှင့်ဖွံ့ ဖြိုးရေးတို့အား အာမခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နေရပ်စွန့်ခွာသူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မည်သို့မည်ပုံ အကျိုးသက်ရောက်မှု ရှိနိုင်ပါမည်နည်း။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ချုပ်ဆိုသော စာချုပ်နှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရုံမျှဖြင့် နေရပ်စွန့်ခွာသူတို့၏ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ သို့သော် လက်တွေ့ပြဿနာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စာချုပ်ပါ ကတိကဝတ်တို့အား အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေဖြင့် အကြောင်းပြချက် မခိုင်လုံသောကိစ္စအပေါ် ရှေ့တိုး ဆောင်ရွက်ရန် အဘယ်ကြောင့် သုံးသပ်နေသည်ကို ပြန်လည်သုံးသပ်သင့်နေပြီဖြစ်ပါကြောင်း လေးနက်စွာ ဖော်ပြအပ်ပါသည်။ ။