ကျိုက်ဒုံမြို့တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး 

ကျိုက်ဒုံ  ၈   ဇူလိုင် 

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့နံနက် ၉ နာရီက တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့အဖွဲ့ခွဲ၍ သွားရောက်ကာ အသွင်ပြောင်း ပိုလီယိုပိုး ကူးစက်မှုကို ဖြတ်တောက်ရန်၊ ကလေးငယ်များ ရာသက်ပန်မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ရန်အတွက်ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မွေးကင်းစမှအသက် ၅ နှစ်အရွယ် ကလေးများအားလုံး ပိုလီယို ကာကွယ်ဆေး တိုက်ဖူးသည်ဖြစ်စေ မတိုက်ဖူးသည်ဖြစ်စေ ကလေးတိုင်းကို အပိုဆောင်း(၃)ကြိမ်ဆက်တိုက် တစ်ကြိမ်နှင့်တစ်ကြိမ် (၂)ပတ်ခြား၍ တိုက်ကျွေးမည်ဖြစ်သည်။ 

 

ယခုပထမအကြိမ်အဖြစ် ဇူလိုင် ၇ ရက်နေ့မှ ၉ ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို ဇူလိုင် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ တတိယအကြိမ်ကို သြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းနိုင် (ပြန်/ဆက်)