ကိုဗစ်ကာလ တောင်ကိုရီးယား ရွေးကောက်ပွဲ

၂၂  ဧပြီ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဝင်မလာခင်ကတည်းက တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီ ထိုင်းမှိုင်းကျဆင်းမှု (democratic recession) ကြုံနေရတာပါ။ ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ လက်တင်အမေရိက၊ အာရှ တို့မှာ အမျိုးသားရေးဝါဒီတွေ၊ ပေါ်ပြူလစ်ဝါဒီတွေ အာဏာရလာတယ်။ စီးပွားရေးကျဆင်းမှု၊ ပြည်ပက ရွှေ့ပြောင်းအခြေချလာသူ ဆန့်ကျင်မှု၊ အလုပ်လက်မဲ့နဲ့ ကြွေးမြီပြဿနာတို့က ကမ္ဘာတစ်လွှား အမျိုးသားရေးဝါဒတွေ ခေါင်းထောင်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့လာတဲ့အခါမှာတော့ နိုင်ငံတွေကြား နံရံတံတိုင်း တွေခတ်၊ လူဝင်မှုတွေရပ်၊ ကုန်သွယ်ရေးနဲ့ ဆပ်ပလိုင်းချိန်း လုပ်ငန်းတွေဖြတ်လိုက်ပြီး ဂလိုဘယ်လ်လိုက်ဇေးရှင်းစနစ် ရပ်တန့်သွားပါတယ်။ ကမ္ဘာ့ဒီမိုကရေစီ အိပ်မက်ခရီးရှည်ဟာ ဘက်ပြန်သွားတော့မလား စိုးရိမ်ဖွယ်။

ဒီလို ကိုဗစ်နတ်ဆိုးကို အားလုံးရင်ဆိုင်နေရချိန် ဧပြီ ၁၅ ရက် တောင်ကိုရီးယား ရွေးကောက်ပွဲရလဒ်က ကမ္ဘာ့ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ရောင်ခြည် ပြန်ပေးခဲ့ပါတယ်။ ကိုဗစ်ကူးစက်ရောဂါကပ်ကြီးထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ပထမဆုံးရွေးကောက်ပွဲ ဖြစ်သွားတယ်။ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့တိုင်းပြည်မှာ မဲပေးသူ ၆၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဆယ်စုနှစ်သုံးခုအတွင်း မဲပေးမှုအများဆုံး စံချိန်ချိုးသွားတယ်။ အာဏာရပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး ကမ္ဘာတစ်လွှား စိတ်အားငယ်နေကြတဲ့ ဒီမိုကရေစီနိုင်ငံတွေကို အားတက်စေခဲ့ပါတယ်။

တကယ်က ရွေးကောက်ပွဲမတိုင်မီ လွန်ခဲ့တဲ့ ခြောက်ပတ်ကျော်အထိ တောင်ကိုရီးယားအခြေအနေက ရေထဲ၊ မိုးထဲပါ။ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာ တရုတ် ပြီးရင် ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက် အများဆုံးနိုင်ငံ။ အီတလီ၊ အီရန်တို့နဲ့အတူ အစိုးရိမ်ရဆုံး အခြေအနေမှာ ရှိနေခဲ့တယ်။ မတ်လ ၄ ရက်နေ့မှာဆို တစ်ရက်တည်း ကူးစက်ခံရသူ ၈၅၁ ဦးအထိ အများဆုံးရှိခဲ့ပြီး အမှောင် မိုက်ဆုံး နေ့ရက်တွေပါပဲ။ နိုင်ငံရေးမှာလည်း ကိုဗစ် မဝင်ခင် သမ္မတ မွန်ဂျေအင်းနဲ့ သူ့မဟာမိတ်ညွန့်ပေါင်းပါတီတို့ အခြေအနေမကောင်းပါ။

တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက အရင်ထက် နှေးကွေးနေသလို မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ နိုင်ငံခြားရေးမူဝါဒကလည်း ထူးခြားမှု တစ်စုံတစ်ရာ မပြနိုင်သေးပါ။ ဖေဖော်ဝါရီလကုန်ပိုင်း ကူးစက်ရောဂါ စမြင့်လာချိန်မှာတော့ အတိုက်အခံ ကွန်ဆာဗေးတစ်အုပ်စုက အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တယ်။ လူထုကလည်း နှာခေါင်းစည်း ဝယ်ရခက်တာကအစ အပြစ်တင်တယ်။ သမ္မတအပေါ် လူကြိုက် နည်းသည်ထက်နည်းလာတယ်။ ဒါပေမယ့်လို့ တစ်လခွဲအတွင်း အစိုးရက အရာရာကို ပဉ္စလက်ဆန်အောင် ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ကူးစက်ရောဂါ အဆိုးဆုံးနိုင်ငံတွေရဲ့ စာရင်းပေါ်ကနေ တဖြည်းဖြည်းအောက်ကို ကျဆင်းသွားတယ်။ နိုင်ငံရေးမှာလည်း ရွေးကောက်ပွဲအောင်ပွဲနဲ့အတူ ဆန်းလာဘ်အမြင့်ဆုံး ပြန်ဖြစ်သွားပါတယ်။

 

နောက် ကိုဗစ်ကူးစက်ရောဂါကို ထူးထူးခြားခြား တုံ့ပြန်နိုင်ခဲ့တဲ့ တောင်ကိုရီးယားက အခြားနိုင်ငံတွေအတွက် မော်ဒယ်တစ်ခု ဖြစ်လာပါတယ်။ တောင်ကိုရီးယား အုပ်ချုပ်ရေးပုံစံက ကွန်ဖြူးရှပ်စတိုင်မျိုး စီးစီးပိုးပိုးရှိပြီး တစ်ဖက်မှာတော့ လူထုရဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အလိုက်သင့်ပေးထားတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုးအတွက်ဆိုရင်တော့ တစ်ဦးချင်းကိုယ်စီ စည်းကမ်း ရှိမှုကို ပြသနိုင်တယ်။ ကိုဗစ်ဖြစ်လို့ အစိုးရက လူတွေကို အိမ်မှာနေကြဖို့ ပြောတဲ့အခါ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ လိုမဟုတ်ဘဲ လူထုကြား ညည်းညူမှု အတော်နည်းပြီး လွယ်လွယ်ကူကူပဲ လိုက်နာတယ်။ အစိုးရက လူတွေကို လူချင်းခွာနေဖို့ တိုက်တွန်းတယ်။ မိုဘိုင်းဖုန်းဒေတာတွေ၊ ခရက်ဒစ်ကတ်မှတ်တမ်းတွေကတစ်ဆင့် ရောဂါကူးစက်မှုကို ပိုက်စိပ်တိုက် ခြေရာခံလိုက်တယ်။ ဒါက ၂၀၁၅ မားစ်ရောဂါ ဖြစ်ပွားမှုမှာ လူ ၃၅ ဦးသေဆုံးခဲ့တဲ့ အတွေ့အကြုံအရ ဖုန်းတွေ၊ ခရက်ဒစ်ကတ် မှတ်တမ်းတွေကို တရားဝင် စစ်ဆေးခွင့်ရရှိထားပြီး လူထုဘက်ကလည်း ကပ်ရောဂါဘေးအတွက် လိုလိုလားလား ပူးပေါင်းဆောင်ရွက်ပါတယ်။

ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ် ရေးဌာန (KCDC) ကို ၂၀၀၄ ကတည်းက တည်ထောင်ထားပြီး အတော့်ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တဲ့ ဌာနပါ။ ဖေဖော်ဝါရီလထဲ ကူးစက်ရောဂါများလာတဲ့အခါ ရောဂါထိန်းချုပ်ရေးဌာနက တစ်နေ့ လူတစ်ထောင်ကျော် စစ်ဆေးနိုင်ပြီး တစ်တိုင်းပြည်လုံးအနှံ့ ကွန်ရက်ဖွဲ့ထားတဲ့ ဓာတ်ခွဲခန်းတွေကတစ်ဆင့် နာရီအနည်းငယ်အတွင်း ရလဒ်အဖြေထုတ်ပေးနိုင်ပါတယ်။ ဒီလို စစ်ဆေးနိုင်လို့လည်း စတုတ္ထအကြီးဆုံးမြို့တော် ဒေဂူးက Shincheonji Church ဘာသာရေး ဝတ်ပြုဆုတောင်းပွဲကနေ ကူးစက်ခဲ့တဲ့ လူ ၅၀၀၀ နီးပါးကို အချိန်မီ ဖော်ထုတ်နိုင်ခဲ့တယ်။

နောက် သူတို့ကနေ ပြန့်သွားတဲ့ လူနှစ်သိန်းကျော် ကိုလည်း CCTV တွေ၊ မိုဘိုင်းဖုန်းဒေတာတွေ၊ ဖုန်း APP တွေ၊ သူတို့သွားလာလှုပ်ရှားတဲ့ မြေပုံတွေကတစ်ဆင့် ခြေရာခံနိုင်ခဲ့တယ်။ နှစ်လအတွင်း လူလေးသိန်းကျော်ကို စစ်ဆေးနိုင်ခဲ့တာမို့ ကမ္ဘာမှာ စမ်းသပ်စစ်ဆေးမှုနှုန်း အများဆုံးပါပဲ။ အခု တစ်ရက် လူ ၁၅၀၀၀ စစ်ဆေးပေးနိုင်ပြီး စစ်ဆေးခ အခမဲ့မို့ အနောက်နိုင်ငံတွေနဲ့ ကွာပါတယ်။ (မြန်မာနိုင်ငံလည်း အခမဲ့ပါပဲ)။ စမ်းသပ်စစ်ဆေးတဲ့ test kits ကို ကိုရီးယားကုမ္ပဏီတွေက တစ်ရက် ၃၅၀၀၀ ထုတ်လုပ်နေပြီး နောက်ပိုင်း တစ်ရက် အခုရေ တစ်သန်း အထိ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ကူးစက်မှုနဲ့ပတ်သက်လို့ သံသယရှိသူ မည်သူမဆို တိုင်းပြည်ထဲရှိ ဓာတ်ခွဲခန်းတွေနဲ့ချိတ်ထားတဲ့ ဆေးခန်း ၁၀၀ ကျော်မှာ အလွယ်တကူ သွားရောက်စစ်ဆေးနိုင်တယ်။ ကိုယ့်ဘာသာစစ်ရင် စစ်ဆေးခ ဝမ်ငွေ ၁၆၀၀၀၀ (၁၃၅ ဒေါ်လာ) ကျမယ်။ ရောဂါပေါ်ရင် ဆေးရုံခေါ်သွားပြီး ပြည့်စုံတဲ့ ကွာရတင်းအစီအစဉ်အောက်မှာ ထားပေးတယ်။ ကွာရတင်းကို ချိုးဖောက်ရင် ဝမ်ငွေ ၁၀ သန်း (ဒေါ်လာ ၈၁၇၀) ကနေ ထောင်ဒဏ်တစ်နှစ်အထိ ကျမယ်။ နိုင်ငံခြားသားတွေကိုတော့ သူတို့တိုင်းပြည် ပြန်ပို့တယ်။ ကိုရီးယားမှာ ကိုဗစ်က Outbreak ဖြစ်တာမို့ လူ ၁၀၀၀၀ ကျော် ကူးစက်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးတယ်။

ဒီအရေအတွက်က အမေရိကန်၊ အီရန်၊ ဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီး နည်းပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့ ဧပြီ ၁၅ ရက်မှာတော့ တစ်ရက် ကူးစက်ခံရသူ ၂၇ ဦးအထိ ကျဆင်းသွားပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း သုံးပုံတစ်ပုံ မြို့ပိတ်ခြေချုပ် (Lockdown) လုပ်နေရချိန်မှာ ကိုရီးယားလူထုက ပုံမှန်အတိုင်း အသွား အလာမပျက်ပါ။ ကူးစက်မှုအရေအတွက် ကျဆင်းသွားသလို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပြီဖြစ်တာမို့ အားလုံး ယုံကြည်မှုအပြည့်နဲ့ လွတ်လပ်ပေါ့ပါးနေတယ်။

မတ်လအတွင်းက ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်း ၁၂၀၀၀ ကျော်ကိုလည်း သူတို့ အလုပ်သမားတွေ လုပ်ခ လစာ ပုံမှန်ပေးနိုင်ဖို့ အစိုးရက အမတော်ကြေးအဖြစ် ကူညီပံ့ပိုးတယ်။ နောက် အမေရိကန်၊ အင်္ဂလန်အပါအဝင် နိုင်ငံအတော်များများမှာ ပြည်ဝင်ခွင့်နဲ့ ခရီးသွားလာမှု တင်းတင်းကျပ်ကျပ်ပိတ်ထားချိန်၊ တောင်ကိုရီးယားက ထူးခြားတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ကျင့်သုံးတယ်။ ခရီးသွားလာခွင့် ပိတ်မထားဘဲ ဝင်လာတဲ့ဧည့်သည်က ကိုယ်အပူချိန် တိုင်းရမယ်၊ ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့မေးခွန်းတွေ ဖြေရမယ်၊ ဆက်သွယ်ရမယ့်နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ် အတိအကျပေးရမယ်။ စိတ်မချတဲ့သူဆို ကွာရတင်း ၂၁ ရက် ဝင်ရမယ်။ ချုပ်ပြောရရင် အစိုးရနဲ့ ပြည်သူကြား ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာအချက်အလက် အပြည့်အစုံရှိမှု၊ ပွင့်လင်းမြင်သာမှုတို့ကြောင့် ဗိုင်းရပ်စ်အပေါ် အောင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုက ကိုရီးယားတစ်နိုင်ငံတည်းတော့ မဟုတ်ပါ။ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ စင်ကာပူတို့ကလည်း ဗိုင်းရပ်စ်ကို အမိအရခြေရာခံပြီး လူထုအသက်ကို ကာကွယ် နိုင်စွမ်းရှိပါတယ်။ ဒီနိုင်ငံတွေမှာ အရင်က အသက်ရှူလမ်းကြောင်း ပိတ်စေတဲ့ ဆားရ်ရောဂါနဲ့ မားစ်ရောဂါကို ကိုယ်စီရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိလို့ပါပဲ။

တောင်ကိုရီးယား ကိုဗစ်နိုင်ငံရေးရလဒ်ကတော့ ရွေးကောက်ပွဲကို ရက်မရွှေ့ဘဲ ပုံမှန်အတိုင်း ကျင်းပနိုင်ပြီး သမ္မတမွန်ဂျေအင်းနဲ့ ဒီမိုကရက်တစ်ပါတီဟာ အမျိုးသား လွှတ်တော်နေရာ ၃၀၀ အနက် ငါးပုံသုံးပုံ အနိုင်ရသွား တယ်။ တစ်လခွဲအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန် ကိုင်တွယ်မှုကနေ လူထုထောက်ခံမှု အမြင့်ဆုံးကို ရရှိ သွားပါတယ်။ မြောက်ကိုရီးယားက ခွဲထွက်လာတဲ့ သံတမန်ဟောင်း မစ္စတာ Thaw Yong-ho ကလည်း အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီကနေ ဆိုးလ်မြို့ ချမ်းသာတဲ့နေရာ ကိုယ်စားပြုပြီး ရွေးချယ်ခံရတယ်။

တောင်ကိုရီးယားအစိုးရက ကိုဗစ်အကျပ်အတည်းကို အခွင့်ကောင်းယူပြီး လူအများလက်ခံနိုင်တဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်အောင် စွမ်းဆောင်ခဲ့သလို မဲပေးသူ ၂၉ သန်းကျော် (၆၆ ဒသမ ၂ ရာခိုင်နှုန်း) ကလည်း ကပ်ဘေးကာလ သူတို့ရဲ့ ဒီမိုကရက်တစ် အခွင့်အရေးကို အပြည့်အဝ ပြသခဲ့ပါတယ်။ ဒါက လက်ရှိအခက်အခဲ တွေ့နေတဲ့ ဒီမိုကရေစီကမ္ဘာအတွက် ကပ်ရောဂါမုန်တိုင်းကို ကျော်ဖြတ်ပြီး ဒီမိုကရေစီရှင်သန်နိုင်မှုကို ပြသလိုက်ခြင်းပါပဲ။ ။

ရဲမြင့်ကျော်