ကိုဗစ်အလွန်ကာလနှင့် ခရီးသွားလုပ်ငန်း

 

ကိုဗစ်ကပ်ရောဂါ၏ ကမ္ဘာကြီးပေါ်သို့ ရိုက်ခတ်မှုများတွင် ကျန်းမာရေးရာသာမက စီးပွားရေးအရထိခိုက်မှုကလည်း အတော်ပင်ကြီးမား၏။ စီးပွားရေးရာထိခိုက်မှုဆိုရာတွင် ကမ္ဘာနှင့်အဝန်း ဆက်စပ်ပတ်သက်နေသော ခရီးသွားလုပ်ငန်းများအပေါ်သက်ရောက်မှုက အထူးကြီးမားများပြားလှသည်ဟု ဆိုရပါမည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတစ်ခုလုံး လုံးဝရပ်ဆိုင်းသွားသကဲ့သို့ ဖြစ်ပါသည်။

ရောဂါပိုးကူးစက်ပြန့်ပွားမှု အန္တရာယ်အရ အပန်းဖြေခရီးစဉ် မဆိုထားနှင့် ပုံမှန်မိသားစုအလည်အပတ်ခရီးစဉ်များ၊ ဆေးကုသမှုဆိုင်ရာ ခရီးစဉ်များ၊ စီးပွားရေးအရ တစ်နယ်တစ်နယ် သွားလာမှု ခရီးစဉ်များ စသည့် အလုံးစုံသောခရီးသွားလာမှုတို့ ရပ်သွား၏။ တစ်နယ်မှ တစ်နယ်သို့ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးသန်းသွားလာမှုများမရှိတော့။ ပုံမှန်ရှိနေသောလေယဉ်ပျံသန်းမှုများ၊ ရထား၊ ကား သင်္ဘောရီးစဉ်များ အားလုံးရပ်တန့်သွား၏။ ခရီးသွားအများအပြား လာရောက်ရာဒေသများမှ ဟိုတယ်နှင့် တည်းခိုစရာများ၊ စားသောက်ဆိုင်များ၊ အမျိုးမျိုးသော ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းများနှင့်အတူ လုပ်ငန်းရှင်များ၊ လုပ်ငန်းများရပ်၊ ဝင်ငွေအလုံးရပ် ဖြစ်ကုန်၏။ ယင်းနှင့်အတူ ဝန်ထမ်းများ၊ အလုပ်သမားများအားလုံး အလုပ်မရှိတော့သည့် ပြဿနာကို စတင်ရင်ဆိုင်ရတော့သည်။

ထို့ပြင် ဟိုတယ်နှင့်သွားလာရေးလုပ်ငန်းများ ရပ်ဆိုင်းရ ခြင်း၊ ကျဆင်းရခြင်းဖြစ်သည့်အခါ ဒေသခံပြည်သူတို့၏ ဆက်စပ်လုပ်ငန်းများပါ ထိခိုက်မှုများစွာ ဖြစ်ရပါသည်။ ပျံကျဈေးသည်များ၊ အနှေးယာဉ်လုပ်သားများ၊ သေခံအစားအစာနှင့် ခရီးသွား အမှတ်တရလက်ဆောင်ထုတ်လုပ်သည့် အိမ်တွင်းလုပ်ငန်းများ၊ လက်မှုပညာရှင်များ၊ လက်လီရောင်းချသူများ၊ ဧည့်လမ်းညွှန်များ စသည်ဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အလုပ်လုပ်သူ အများအပြားထိခိုက်နစ်နာမှုများ ရှိလာရပါသည်။

အကယ်၍ လာမည့် ဒီဇင်ဘာလဆန်းပိုင်းကာလတွင် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်လာသောကြောင့် ခရီးသွားလုပ်ငန်းများကို ပြန်လည်ခွင့်ပြုမည်၊ နိုင်ငံများအကြား ပြည်ဝင်ခွင့်ဗီဇာများ ပြန်လည်ထုတ်ပေးနိုင်မည်ဆိုလျှင်ပင် နိုင်ငံတကာခရီးသွားလာမှုသည် ယမန်နှစ်ကထက် ၇၈ ရာခိုင်နှုန်းထိလျော့ကျသွားနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်းထား၏။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင် မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းအဖြစ် တင်စားပါသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွင် အဓိကအကျဆုံးလုပ်ငန်း အဖြစ် သတ်မှတ်သည့် နိုင်ငံများလည်း ရှိပါသည်။ ခရီးသွားလုပ်ငန်းကို မြှင့်တင်စေခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရာရောက်သလို ကျေးလက်ဒေသများ မဖွံ့ဖြိုးသေးသည့်ဒေသများကိုပါ မြှင့်တင်ပေးနိုင်သည့် အလားအလာကောင်းများ ရှိပါသည်။

 

မြန်မာနိုင်ငံကဲ့သို့ ရီးသွားများစိတ်ဝင်စားစရာ ယဉ်ကျေးမှုအမွေအနှစ်၊ မြို့ပြအမွေအနှစ်၊ သဘာဝ အမွေအနှစ်များ ကြွယ်ကြွယ်ဝဝရှိသောနိုင်ငံအဖို့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတို့ကို ချိန်ဆတိုးမြှင့်နိုင်သည့် အလားအလာနှင့် အခွင့်အလမ်းကောင်းများ တူတူတန်တန်ရှိနေပါသည်။ ယင်းအလားအလောနှင့် အခွင့်အလမ်းတို့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်တွဲလျက်ရှိနေသည့် စီးပွားရေးလုပ်ငန်းများဖြစ်ပါသည်။ ကိုဗစ်ကပ်ရောဂါကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ကာကွယ်နိုင်သည့် အနေအထားသို့ရောက်ရှိရေးသည် နိုင်ငံ၏ အကျပ်အတည်းမျိုးစုံမှ လွတ်မြောက်ရာလမ်းတစ်ခုဖြစ်ပါသည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန် အစိုးရက ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ ပြည်သူတို့ကလည်း ဥပဒေနှင့် စည်းမျဉ်းများကို တိတိကျကျ လိုက်နာကျင့်ကြံကြရန် လိုပါသည်။

ကိုဗစ် အလွန်ကာလအတွက်လည်း အထက်ပါ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စိတ်ကူးသစ်များ၊ နည်းနာသစ်များ၊ ပုံစံသစ်များကို ကြံဆကြရန်လည်း လိုအပ်မည်ဟု ယူဆပါသည်။ ကပ်ရောဂါအေးချမ်းသည်နှင့် ခြေချုပ်မိနေကြရသည့် လူအပေါင်းသည် ဘေးကင်းလုံခြုံရာအရပ်များဆီသို့ ခရီး သွားလာကြရန် အလားအလာရှိပါသည်။ မိမိတို့က လွတ်လပ်စိမ်းမြ ကျယ်ဝန်းသော ဘာဝဝန်းကျင်များကို စနစ်တကျ ဖန်တီးနိုင်လျှင် အမွေအနှစ်ဒေသများကို ကျယ်လွင့်သည့် အာဝါသများဖြင့် ဆွဲဆောင် နိုင်မည်ဆိုလျှင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အခြေခံများဖြစ်လာမည်ဟု ယုံကြည်ပါသည်။

မူလလုပ်ရိုးလုပ်စဉ် ခရီးသွားလုပ်ငန်းများနေရာတွင် ခေတ်အခြေအနေနှင့်ကိုက်ညီသော လူမူနေထိုင်ရေး စံနှုန်းသစ် လုပ်ငန်းအဖြစ် ကြံဆဖန်တီးပြင်ဆင်ကြခြင်းဖြင့် မြန်မာနိုင်ငံ၏ ကပ်ဘေးအလွန် ခရီးသွားလုပ်ငန်းတိုးတက်ပါစေကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း (၂၀၂၀) ကို ဂုဏ်ပြုဆုတောင်းလိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း