နေပြည်တော် ဧပြီ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီစီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ လက်အိတ်(၁၃)တန်၊ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ နှာခေါင်းစည်း Mask (၅၄) တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့်အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)


