ကိုဗစ် - ၁၉ ကြောင့် ဖြစ်ရတဲ့ ကွာဝေးခြင်းပုစ္ဆာ

၁၄ ဇွန်

 

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဟာ ကမ္ဘာတစ်ဝန်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာ ဖိစီး နှိပ်စက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကိုပါ ပေးခဲ့ပါတယ်။ ကပ်ရောဂါရဲ့နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုဖြစ်တဲ့ စီးပွားရေးဆိုင်ရာထိခိုက်ဆုံး ရှုံးမှုတွေကိုလည်း နိုင်ငံတိုင်းလိုလို တွေ့ကြုံခံစား ခဲ့ရပြီးပါပြီ။ တချို့လုပ်ငန်းတွေဟာ ဆက်လက်ရပ်တည်နိုင်ဖို့ မနည်းအသက်ဆက်နေရပြီး တချို့စီးပွားရေး လုပ်ငန်းတွေဆို လုံးဝပြိုလဲခဲ့ရပါတယ်။

 

နိုင်ငံအသီးသီးမှာရှိကြတဲ့ အစိုးရတွေက ကိုယ့်နိုင်ငံ ပြည်သူတွေကိုကာကွယ်ဖို့ ကပ်ရောဂါထိန်းချုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ အသွားအလာ၊ အဝင်အထွက်ကန့်သတ်မှုကို မလုပ်ချင်ပေမယ့်လည်း လုပ်ကြရပါတယ်။

 

အခုအချိန်လောက်ဆိုရင်တော့ လူတိုင်းက ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကို မုန်းတီးလှသလို သူ့ကြောင့် နောက်ဆက်တွဲပါလာတဲ့ သွားလာကန့်သတ် ပိတ်ဆို့ခြင်းဆိုတဲ့ စကားသံကိုလည်း ကြားချင်တော့မှာ မဟုတ်တာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အသွားအလာ၊ အဝင်အထွက် ကန့်သတ်မှုတွေဟာ တစ်ဖက်ကကြည့်ရင် ရောဂါကို မြန်မြန်ဆန်ဆန်ထိန်းချုပ်နိုင်ရေး အကူအညီပေးတာမှန်ပေမယ့် တစ်ဖက်မှာ ကျတေ စီးပွားရေးထိခိုက်နစ်နာမှုတွေ ဖြစ်ရသလို ချစ်ခင်ရတဲ့မိသားစုတွေနဲ့လည်းဝေးကွာစေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အခက်အခဲဒုက္ခရောက်ရသူတွေ ရှိနေလို့ပါပဲ။

 

အငြင်းပွားစရာပေါ်ပေါက်လာ

 

ယခုရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုက အွန်လိုင်းစာမျက်နှာပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ ကာလအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်စောင့်ပြီး နေအိမ်ပြန်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦး လမ်းပေါ်မှာသေဆုံးခဲ့ရမှုက ပြည်သူလူထုကိုဒေါသထွက်စေခဲ့ပြီး ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း သောင်တင်နေကြတဲ့ အလုပ်သမားတွေအပေါ် အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံမှုနဲ့ပတ်သက် ပြီး စဉ်းစားစရာနဲ့အငြင်းပွားစရာတွေ ပေါ်ပေါက်လာ စေခဲ့ပါတယ်။

 

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မစ်ချယ်ဆီလ်ဗာတီနိုကို ပြီးခဲ့တဲ့ ဇွန် ၅ ရက်က မြို့တော်မနီလာရှိ အဝေးပြေးလမ်းမကြီးပေါ်က လူကူးတံတားတစ်စင်းပေါ်မှာ သတိလစ်မေ့မြောနေတာကို တွေ့ရှိခဲ့ရပါတယ်။ သားသမီးလေးယောက်ရဲ့ မိခင် ဆီလ်ဗာတီနိုဟာ မြို့တော်မနီလာကနေ အရှေ့တောင်ဘက်ကီလိုမီတာ ၄၀၀ ကျော်(မိုင်ပေါင်း ၂၅၀)ကွာဝေးတဲ့ ကာမရင်းဆာပြည်နယ် ကလာဘန်ဂါရှိ ၎င်းရဲ့ အိမ်ကိုပြန်ဖို့အတွက် အဝေးပြေးယာဉ်စောင့်စီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ဆိုင်ရာ အသွားအလောကန့်သတ်ထားမှုကြောင့် အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်တွေ ထွက်ခွာပြေးဆွဲမှုမရှိခဲ့ပါဘူး။

 

ကိုဗစ်- ၁၉ လက္ခဏာရှိနေ

 

ဆီလ်ဗာတီနိုဟာ မနီလာမြို့ မြောက်ဘက်ကွီဇုန် စီးတီးကနေ တောင်ပိုင်းပါစေစီးတီးကို ကားတစ်စီးတလေနဲ့များ လမ်းကြုံလိုက်လို့ရနိုင်မလားဆိုပြီး လမ်းလျှောက် သွားခဲ့ပါတယ်။ ဒါပေမယ့် ၎င်းမျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ လမ်းပေါ်က ကြမ်းခင်းတံတားတစ်စင်းပေါ်မှာ ရက်အနည်းငယ်ကြာတဲ့အထိ သောင်တင်နေခဲ့ပါတယ်။ တံတားပေါ်မှာ ဆီလ်ဗာတီနိုကို တွေ့ရှိခဲ့ချိန်မှာတော့ ၎င်းဟာ သတိလစ်မေ့မြောနေပြီဖြစ်ပြီး ဆေးရုံကိုရောက်ပြီးနောက်မှာ ၎င်းသေဆုံးသွားပြီလို့ ဆေးရုံကပြောခဲ့ပါတယ်။ ပြီးတော့ ၎င်းဟာကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ လက္ခဏာတွေလည်း ရှိနေတာကို ဆေးရုံက စစ်ဆေးသိရှိခဲ့ရပါတယ်။

 

ဆီလ်ဗာတီနိုသေဆုံးမှုဟာ ဖိလစ်ပိုင်ပြည်သူလူထုရဲ့ အမျက်ဒေါသကိုနိုးဆွဲခဲ့ပြီး ဆီလ်ဗာတီနိုအတွက် တရားမျှ တမှုရရှိအောင် ဆောင်ရွက်ပေးပါဆိုပြီး တွစ်တာပေါ်မှာ လူထုအော်သံတွေပျံ့နှံ့ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းမှာရှိကြတဲ့ ပြည်သူတွေဟာ တရားမျှတမှုကို တောင်းဆို တဲ့ လူမှုကွန်ရက်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပြီး ဆီလ်ဗာတီနိုလို လမ်းပေါ်သောင်တင်နေတဲ့ အလုပ်သမားတွေကို အကူအညီရအောင် ကောင်းစွာဆောင်ရွက်ပေးခြင်း မရှိဘူးဆိုပြီး အစိုးရအပေါ်အပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့မတ်လအတွင်း ဖိလစ်ပိုင်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မနီလာအပါအဝင် လူဇုန်ကျွန်းပေါ်က အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အမြောက်အမြားကို ရပ်နားလိုက်ပြီး ဒေသခံပြည်သူတွေအားလုံး နေအိမ်အပြင်မထွက်ကြဖို့ စည်းကမ်းတင်းကျပ်စွာ ချမှတ်ခဲ့ပါတယ်။

 

အဝေးပြေးလမ်းမအောက်မှာ စခန်းချနေခဲ့ရ

 

အသွားအလာကန့်သတ်ပိတ်ဆို့မှုချမှတ်ပြီး ရက်ပေါင်း ၈ဝ နီးပါးကြာပြီးနောက် မြို့တော်မနီလာမှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဇွန် ၁ ရက်မှာ စတင်ဖြေလျှော့ပေး ခဲ့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြည်နယ်တစ်ခုနဲ့တစ်ခုအကြား အဝေးပြေးယာဉ်တွေ ပြေးဆွဲ ခြင်းကိုတော့ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ဆီလ်ဗာတီနို ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်က ကန့်သတ် ပိတ်ဆို့မှုချထားတဲ့ကာလအတွင်း ကန့်သတ်ချက်တွေကြောင့် နေအိမ်မပြန်နိုင်ကြဘဲ သောင်တင်နေကြတဲ့ ဖိလစ်ပိုင်အလုပ်သမားများစွာတို့ရဲ့ အခက်အခဲဒုက္ခတွေကို ကိုယ်စားပြုဖော်ပြလိုက်တာပါ။ သောင်တင်နေကြတဲ့ ခရီးသည်ရာပေါင်းများစွာတို့ဟာ ၎င်းတို့လိုက်ပါမယ့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခံလိုက်ရပြီးနောက် မနီလာ နိုင်ငံတကာလေဆိပ်အနီး အဝေးပြေးလမ်းမတစ်ခုရဲ့အောက်မှာ စခန်းချနေထိုင်ခဲ့ကြရတယ်လို့ ဖိလစ်ပိုင် သတင်းမီဒီယာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

 

သမ္မတအိမ်တော်အထိရောက်ရှိ

 

အဲဒီမှာနေနေရတဲ့ ကျွန်တော်တို့ရဲ့ အဖြစ်ဟာ တွေးကြည့်ရင် တောင်းရမ်းစားသောက်သူတွေနဲ့တောင် တူတယ်။ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့တစ်ခုတည်း သောဆန္ဒက အိမ်ပြန်ပြီး ကိုယ့်မိသားစုတွေနဲ့အတူ ရှိချင်တာပဲလို့ ခရီးသည်တစ်ဦးက စီအင်န်အင်န်သတင်းသို့ ပြောခဲ့ပါတယ်။ ဆီလ်ဗာတီနိုသေဆုံးရမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ လူထုအော်သံတွေက သမ္မတအိမ်တော် အထိရောက်ရှိခဲ့ပြီး ဇွန် ၁၁ ရက်မှာ အစိုးရက နိုင်ငံအတွင်းမှာ သောင်တင်နေကြတဲ့ အလုပ်သမားတွေကို နေရပ်ပြန် နိုင်ဖို့ အကူအညီပေးမယ်ဆိုတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

 

ဆီလ်ဗာတီနိုကြုံတွေ့ခဲ့ရတဲ့အဖြစ်မျိုးကို ဘယ်သူ ကမှ မဖြစ်စေချင်ဘူး။ နောက်ထပ်ဘယ်သူမှ ဒီလိုဖြစ်ရပ်မျိုး ထပ်မကြုံရဖို့အတွက်လည်း အစိုးရကသေချာပေါက် စီမံဆောင်ရွက်ပေးမယ်။ လေဆိပ်တွေနဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ သောင်တင်နေကြတဲ့ နေရပ်ပြန် ခရီးသည်တွေအားလုံးကို ကူညီဖို့ မူဝါဒအသစ်ချမှတ်ဆောင်ရွက်ဖို့ရှိတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က ထုတ်ပြန်ခဲ့ပါတယ်။

 

သောင်တင်နေတဲ့အလုပ်သမားတွေအနေနဲ့ စီးနင်းလိုက်ပါမယ့် ယာဉ်မရောက်ခင်မှာ ကိုဗစ်-၁၉ စစ်ဆေး စမ်းသပ်မှု မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဖော်ပြထားပါတယ်။ လာချင်သော်လည်း ခရီးဝေးဖြစ်နေတဲ့ အလုပ်သမားပြည်သူတွေအတွက် အစိုးရစီမံဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို ဖိလစ်ပိုင်ပြည်သူတွေက မျှော်တလင့်လင့်ဖြစ်နေမှာ အသေအချာပါပဲ။

 

ကိုးကား-အင်တာနက်

ကလျာမိုးမြင့်