ကိုဗစ် -၁၉ ကာကွယ်ဆေးနှင့် ကမ္ဘာ့နိုင်ငံများအားလုံးအတွက် သာတူညီမျှ အခွင့်အရေး

၁၄  ဒီဇင်ဘာ

ဒီဇင်ဘာ ၈ ရက်မှာပဲ ဗြိတိန်နိုင်ငံက မာဂရက်ကီနမ်လို့ခေါ်တဲ့ အမျိုးသမီးကို ပထမဆုံး ကိုဗစ် -၁၉ ကာကွယ်ဆေးကို ထိုးပေးခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးအနှံ့ ကာကွယ်ဆေးထိုးဖို့အတွက် ပထမဆုံး စတင်လိုက်တဲ့ ခြေလှမ်းပါပဲ။ အမေရိကန်မှာလည်း ဒီဇင်ဘာ ၁၄ရက်ကစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ လုပ်ဆောင်နေပါပြီ။ အခုလိုမျိုး ကာကွယ်ဆေးတွေ ထွက်ပေါ်လာတာကြောင့် တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုဗစ်-၁၉ကပ်ရောဂါကနေ လွတ်မြောက် တော့မယ်လို့ မျှော်လင့်ချက်လမ်းစတွေ ပေါ်ပေါက်လာပါတော့တယ်။

ညီညီမျှမျှဖြန့်ဖြူးပေးမှာလား

ဒီနေရာမှာ အားလုံးသိချင်နေကြတဲ့ မေးခွန်းကတော့ ကာကွယ်ဆေးကို ညီညီမျှမျှ ဖြန့်ဖြူးပေးမှာလားဆိုတာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ထားတဲ့ COVAX (ကိုဗက်)အစီအစဉ်နဲ့ အခြားသော အဖွဲ့အစည်းတွေ အတွက်ကတော့ ဒီမေးခွန်းကို ကိုဖြေရမှာပါပဲ။ ကာကွယ်ဆေးဖြန့်ဖြူးတဲ့နေရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကျန်ရစ်မနေစေရဘူးလို့ ဆိုပါတယ်။

လက်ဝါးကြီးအုပ်သွားမှာ စိုးရိမ်

ကူးစက်ရောဂါထိန်းချုပ် ကာကွယ်ရေးအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ CEPI က စီအီးအို ရစ်ချက်ဟတ်ချက်ကတော့ ကိုဗက်အဖွဲ့အစည်းအနေနဲ့ ကာကွယ်ဆေးကို တန်းတူညီမျှ ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးစားနေတာ မှန်ပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ကာကွယ်ဆေးကို လက်ဝါးကြီးအုပ်သွားမှာ စိုးရိမ်နေရတုန်းပဲလို့ ပြောပါတယ်။

ဆေးဝါးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့

၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးနဲ့ နမူနာယူပြီး နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေးအများစုကို ဝယ်ယူသွားတဲ့အတွက် ဖွံ့ဖြိုးဆ နိုင်ငံတွေက လူနာတွေအတွက် ဆေးဝါးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ အခု ကိုဗစ်-၁၉ ကာလမှာလည်း လိုအပ်တဲ့နေရာက လူတွေကို ဦးစွာဆေးပေးခြင်းဖြင့်သာ ကပ်ရောဂါကို အဆုံးသတ်နိုင်မှာပဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကပ်ရောဂါ ဆက်လက်ရှည်ကြာနိုင်

ကိုယ့်နိုင်ငံက လူဦးရေအတွက် ကာကွယ်ဆေးကို အပြည့်အဝပေးနိုင်ပြီ ဆိုရင်တောင် ကမ္ဘာ့နေရာ အစိတ်အပိုင်းတွေမှာ ကပ်ရောဂါဖြစ်ပွားနေဦးမှာပဲလို့ သူကဆက်ပြောပါတယ်။ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ကိုယ့်တိုင်းပြည်ကလူတွေအတွက်ပဲ ထည့်စဉ်းစားမယ်ဆိုရင် ကပ်ရောဂါဟာ ဆက်လက်ရှည်ကြာ နေဦးမှာပဲလို့ ရစ်ချက်ဟတ်ချက်က ပြောပါတယ်။

အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်

၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ဆေးကို လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ရစ်ချက်ဟတ်ချက်က ယုံကြည်ထားပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးက ကိုဗက်အစီအစဉ်ကို ထောက်ပံ့မှုတွေ ပြုလုပ်နေ ကြပေမယ့် အမေရိကန်ကတော့ လျစ်လျူရှုထားတုန်းပါပဲ။ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းဖြစ်တဲ့ Gavi က စီအီးအိုဖြစ်သူ ဆက်ဘာကလေကတော့ သူ့ရဲ့အဖွဲ့အစည်းကတော့ ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ရန်ပုံငွေတွေကို စုဆောင်းပေးနေပါတယ်။ လာမယ့်နှစ် အကုန်ပိုင်းမှာ ကာကွယ်ဆေး နှစ်ဘီလီယံထိ ထုတ်လုပ်ပေးနိုင်ဖို့ ရည်မှန်းချက်ထားပြီးဆောင်ရွက်နေပါတယ်။ ရည်မှန်းချက်ပြည့်မီဖို့ဆိုရင် နောက်ထပ်ကာကွယ်ဆေး ငါးဘီလီယံ လိုအပ်နေတုန်းပါပဲ။ အမေရိကန်ဘက်ကလည်း မကြာမီ အချိန်အတွင်းမှာ ဘဏ္ဍာရေးအကူအညီတွေ ထောက်ပံ့ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေး

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေး ဘယ်လိုဖြန့်ဝေပေးမှာပါလဲ။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့အတူ ပူးပေါင်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးဖြန့်ဝေပေးနိုင်ဖို့ ပြင်ဆင်နေ ပါတယ်။ ဆေးထိုးပြွန်ပေါင်း သန်း ၅၂၀ ကို အခုနှစ်ကုန်ပိုင်းမှာပြင်ဆင်ထား ပြီး လာမယ့်နှစ်ပထမလေးလမှာပဲ အစုလိုက်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတင်နိုင်မှာပဲဖြစ်ပါတယ်။

ရေခဲသေတ္တာ လိုအပ်ချက်

ဒီနေရာမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ကာကွယ်ဆေးတွေ သယ်ယူပို့ဆောင်ဖို့နဲ့ သိမ်းဆည်းဖို့အတွက် ရေခဲသေတ္တာ လိုအပ်ချက်ပါပဲ။ ကိုဗက်အစီအစဉ်က ထောက်ပံ့ပေးထားတဲ့ ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ မော်ဒန်နာနဲ့ AstraZeneca ဆေးတို့ကို ထိန်းသိမ်းဖို့ဆိုရင် ရေခဲသေတ္တာတွေ လိုပါတယ်။ လိုအပ်တဲ့အခြေခံပစ္စည်းအချို့ကတော့ ရှိနှင့်ပြီးသားပါ။ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းမှာ ယူနီဆက်ဖ်ဟာ ရေခဲသေတ္တာပေါင်း ၄၀၀၀၀ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြန့်ဝေထားခဲ့ပါတယ်။

အဆုတ်ရောင်ရောဂါနဲ့ အခြားသော ရောဂါကာကွယ်ဆေးတွေကို ထိန်းသိမ်းထားဖို့ အတွက်ပါ။ အခုအချိန်မှာတော့ ကိုဗစ် -၁၉ ကာကွယ်ဆေး ပမာဏအများကြီး ဖြန့်ဝေပေးနိုင်ဖို့အတွက် ယူနီဆက်ဖ်ဟာ ကြိုးပမ်းနေတယ် လို့ သိရပါတယ်။ ကိုဗက်အစီအစဉ်မှာ ပါဝင်ကြတဲ့ နိုင်ငံတွေအားလုံးဟာ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးဝယ်ယူနိုင်ပါတယ်။ အဲဒီ ပမာဏဟာ ကျန်းမာရေးလုပ်သားတွေနဲ့ အမှန်တကယ် ထိခိုက်နစ်နာနေရတဲ့ လူတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ထားပါတယ်။

ညီညီမျှမျှ ဖြန့်ဝေပေးနိုင်ရမယ်

ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ ကာကွယ်ဆေးအတွက် အချိန်ကိုပျံ့နိုင်ဖို့ ပြင်ဆင်ထားကြရန်နဲ့ အဲဒီအောင်မြင်မှုကို အသိအမှတ်ပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီ ယက်ဆုက တိုက်တွန်းခဲ့ပါတယ်။ သမိုင်းမှာ ဒီလောက်မြန်မြန်ကြီး ကာကွယ်ဆေးကို ထုတ်လုပ်နိုင်တာမျိုး မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ကြီး ထုတ်လုပ်နိုင်တာမှန်ပေမယ့် ညီညီမျှမျှနဲ့ အကျိုးရှိရှိ ဖြန့်ဖြူးမပေးနိုင်ဘူးဆိုရင် ဒီအောင်မြင်မှုဟာ အလကားပဲလို့ တက်ဒရို့စ်က ပြောပါတယ်။ ကာကွယ်ဆေးကို ထုတ်လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ညီညီမျှမျှ ဖြန့်ဝေပေးနိုင်ရမယ်လို့ သူက ဆက်ပြောပါတယ်။

လူတစ်ဦးချင်းစီ လုံခြုံဖို့လို

အခုဆိုရင် တချို့သောနိုင်ငံတွေမှာ ကာကွယ်ဆေးကို စတင်ထိုးပေးနေပါပြီ။ ကာကွယ်ဆေးကို အစုလိုက်ထိုးပေးနိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီမှာ လုံခြုံစိတ်ချရမှု မရှိသေးသရွေ့ ကပ်ရောဂါကြီးပြီးဆုံးသွားဖို့ မျှော်လင့်လို့ မရနိုင်သေးပါဘူး။

ကိုးကား - အင်န်အိတ်ချ်ကေ

ခြူးစန္ဒီနွေး