ကိုဗစ် - ၁၉ အားပြိုင်မှုနဲ့အတူ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ

ဂျပန်အာဏာရပါတီဟာ ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်နေရာက အနားယူတော့မယ့် ရှင်ဇိုအာဘေးနေရာမှာ အစားထိုးဖို့ စက်တင်ဘာ ၁၄ ရက်မှာ ဆန္ဒမဲပေးသွားတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးလုပ်ငန်းများ လည်ပတ်လျက်ရှိရာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တာဝန်ကအနားယူတော့မယ်ဆိုပြီး လွန်ခဲ့တဲ့သီတင်းပတ်က ကြေညာလိုက်ပြီးနောက်မှာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို နိုးထသက်ဝင်စေခဲ့ပါတယ်။

ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တွေ

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ လတ်တလောမှာ ရေပန်းစားနေတဲ့ပြိုင်ပွဲဝင်သုံးဦးရှိပါတယ်။ သူတို့ဟာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ နာမည်ကောင်းရထား သူတွေဖြစ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ ဂျပန်ဝန်ကြီးချုပ် ရွေးချယ်ပွဲဟာ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရေးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အဖြစ် အမည်စာရင်း တင်သွင်းထားသူတွေကတော့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဆူဂါယိုရှီဟီဒဲ၊ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရုအီရှီဘာနဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာ အကြီးအကဲဖူမီယိုကီရှီးဒါး တို့ဖြစ်ကြပါတယ်။

အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဆူဂါ

ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဆူဂါယိုရှီဟီဒဲ ကို လတ်တလောတွင် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌနေရာအတွက် ကိုယ်စားလှယ်လောင်း အဖြစ် ကြေညာခဲ့ပါတယ်။ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဟာ ဩဇာအရှိန်အဝါရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရနိုင်ခြေရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အရင်တုန်းက တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်လို့ ဆူဂါက ပြောလိုက်သလို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ရင်း တစ်ဖက်ကလည်း လူမှုရေးနဲ့ စီးပွားရေးဆောင်ရွက်ချက်တွေကိုလည်း မိမိတို့တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားကြမယ်လို့လည်း ဆူဂါက ပြောပါတယ်။ မိမိတို့အနေနဲ့ အလုပ်အကိုင်များကို ကာကွယ်ရမှာဖြစ်ပြီး စီးပွားရေးပြန်လည်ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်သလို ကိုဗစ်-၁၉ အလွန်ခေတ်ကိုကြိုတင်မှန်းဆပြီး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားဖို့လိုတယ်လို့လည်း သူကပြောပါ တယ်။

ဆူဂါဟာ ၁၉၉၆ ခုနှစ်မှာ ကာနာဂါဝခရိုင်မှ အောက်လွှတ်တော်အမတ်တစ်နေရာကို ရရှိခဲ့ပြီး အမတ် ဖြစ်ခဲ့တဲ့အချိန်ကတည်းကစကာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူ့ကို ခုနစ်ကြိမ်တောင် ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။

အာဘေးအစိုးရလက်ထက်မှာ ပြည်တွင်းရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဆူဂါကို နာမည်တင်သွင်းလိုက်တဲ့အခါမှာတော့ သူဟာ အဲဒီနေရာမှာ ပထမဆုံး အစိုးရအဖွဲ့ဝင်တစ်ဦးအဖြစ် ၂၀၀၆ ခုနှစ်မှာ ခန့်အပ်ခြင်း ခံလိုက်ရပါတယ်။ ဝန်ကြီးချုပ်ဟာ ၂၀၀၇ ခုနှစ်မှာ သူ့ရဲ့ ရာထူးသက်တမ်းက နုတ်ထွက်သွားပြီးနောက်မှာတော့ သူ့ကို နိုင်ငံရေးလောကထဲပြန်လည်ဝင်ရောက်လာအောင် စီစဉ်စရာများကို ဆူဂါက စီစဉ်ပေးခဲ့ဖူးပါတယ်။ ထို့နောက် ဆူဂါက အာဘေးကို ၂၀၁၂ လစ်ဘရယ်ဒီမိုကရက်တစ် ဥက္ကဋ္ဌနေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီမှာ အာဘေးကအနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဆူဂါဟာ လွန်ခဲ့တဲ့နှစ်ဧပြီလမှာ ဂျပန်နိုင်ငံရဲ့ ခေတ်သစ်နာမည်ပေးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ရီဝ (Reiwa) လို့ကြေညာလိုက်ချိန်ကတည်းက သူဟာ နိုင်ငံအတွင်း ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့ပြီးတော့ တချို့က သူ့ကို ဦးလေးရီလို့ ခေါ်ခဲ့ကြပါတယ်။ ယခု တစ်ကြိမ်ဟာ ဆူဂါအတွက် ပထမဆုံး ပါတီဥက္ကဋ္ဌနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းပဲဖြစ်ပြီး သူဟာ ဘယ်ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲမှ မရှိပါဘူး။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာ အကြီးအကဲ ဖူမီယိုကီရှီးဒါး

ဖူမီယိုကီရှီးဒါးဟာ ယခင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး ပထမဆုံး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရန် အမည်စာရင်းတင်သွင်းခဲ့သူပဲ ဖြစ်ပါတယ်။

ပြည်သူ့စကားကို နားထောင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပါတယ်လို့ သူကပြောပါတယ်။ ပြည်သူတွေကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ သူက ပြောပါတယ်။

ဘဏ်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကီရှီးဒါးဟာ နိုင်ငံရေးလောကထဲကို ၁၉၉၃ ခုနှစ်မှာ စတင်ဝင်ရောက်လာ ခဲ့ပါတယ်။ အဲဒီခုနှစ်မှာ အာဘေးဟာ ဟီရိုရှီးမားခရိုင်မှ အောက်လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ သူဟာ ရှစ်ကြိမ်လောက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ကီရှီးဒါးဟာ အာဘေးအစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရပြီးတော့ လေးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အစိုးရအဖွဲ့က ထွက်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒသုတေသနကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။

ကီရှီးဒါးဟာ အာဘေးနေရာကို ဆက်ခံချင်ကြောင်း အရင်က ဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ ဝန်ကြီးတစ်ဦးအနေ နဲ့ရော အဆင့်မြင့်ပါတီအရာရှိတစ်ဦးအနေနဲ့ပါ အာဘေးအစိုးရကို တစ်သမတ်တည်း ထောက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ထောက်ခံချက်ကို မရရှိခဲ့ပါဘူး။ သူဟာ ပါတီထဲမှာ စတုတ္ထမြောက်အကြီးဆုံး အုပ်စုကို ဦးဆောင်နေပါတယ်။

ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရုအီရှီဘား

ရှီဂီရုအီရှီဘားဟာ ယခင်ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီးတော့ ပါတီရဲ့အတွင်းရေးမှူးချုပ်လည်း ဖြစ်ပါတယ်။ ပြည်သူတွေက လစ်ဘရယ်ဒီမိုကရက်တစ်ဥက္ကဋ္ဌနေရာအတွက် ရွေးချယ်ဖို့ မဲမပေးခဲ့ဘူးဆိုရင်တောင် ဘယ်ကိုယ်စားလှယ်လောင်းက ဘယ်လိုမျိုးပြောတယ်ဆိုတာ ပြည်သူလူထုကို နားထောင်ဖို့ အခွင့်အရေးပေးဖို့ကတော့ မိမိတို့ရဲ့ တာဝန်ပဲဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ကီရှီး ဒါးလိုပင် အီရှီဘားကလည်း နိုင်ငံရေးလောကထဲ မဝင်ရောက်ခင်မှာ ဘဏ်တစ်ခုမှာ လုပ်ခဲ့ပါတယ်။ သူဟာ အောက်လွှတ်တော်ကို ၁၉၈၆ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီးတော့ တိုရီခရိုင်မှ အမတ်တစ်နေရာရရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ထပ်ခါထပ်ခါ ၁၀ ကြိမ်လောက် ရွေးချယ်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်သုံးဦးထဲမှာ အီရှီဘားဟာ ပါတီကနေ လမ်းခွဲခဲ့ဖူးပါတယ်။ ၁၉၉၃ခုနှစ်မှာ သူဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ မီရာဇာဝါအစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ပါတီတွေက တင်သွင်းလာတဲ့ အယုံအကြည်မရှိအဆိုကို ထောက်ခံခဲ့ပြီး ပါတီကနေ ထွက်ခွာခဲ့ပါတယ်။ အချိန်တချို့ကြာပြီးတဲ့နောက်မှာ တခြားပါတီနှစ်ခုနဲ့အတူ ၁၉၉၇ ခုနှစ်မှာ သူဟာ နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကစပြီး သူဟာ အဆင့်မြင့်ရာထူးနေရာတွေ အတော်များများကို တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ငါးလုပ်ငန်းဝန်ကြီး၊မူဝါဒသုတေသနကောင်စီ ဥက္ကဋ္ဌစတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အဲဒီမှာ ပြိုင်ပွဲဝင်အတော်များများကို အနိုင်ယူနိုင်ခဲ့သော်လည်း ရှင်ဇိုအာဘေးကို ရှုံးနိမ့်ခဲ့ပါတယ်။

အီရှီဘားဟာ ဒုတိယအာဘေးအစိုးရသက်တမ်းမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းပြန်လည်ဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၆ခုနှစ် အစိုးရပြုပြင်ပြောင်းလဲရေးမှာတော့ သူဟာ ဝန်ကြီးအဖွဲ့ကနေ ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အာဘေးရဲ့ အဝေးတစ်နေရာကပဲ သူဟာ သူ့ရဲ့လုပ်စရာများကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ သူဟာ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ အီရှီဘားဟာ အဖွဲ့ဝင် ၁၉ ဦးပါဝင်တဲ့ အဖွဲ့ကို ဦးဆောင်နေသူဖြစ်ပါတယ်။

ဘယ်သူဝန်ကြီးချုပ် ဖြစ်လာမလဲ

သူတို့သုံးဦးထဲမှာ ဘယ်သူများ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမလဲဆိုတာ သိချင်နေမှာပါ။ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဆူဂါယိုရှီဟီဒဲလား။ ယခင်ကာကွယ် ရေးဝန်ကြီးဟောင်း ရှီဂီရုအီရှီဘားလား။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာ အကြီးအကဲ ဖူမီယို ကီရှီးဒါးလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွား ရဦးမှာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာလည်း စိတ်ဝင်စားစရာကောင်းနေပါပြီ။ ။

ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ