ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၈ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၁ ဇူလိုင်

ဒါရိုက်တာထုတ်လုပ်သူအသစ်နှင့် သရုပ်ဆောင်သစ်လူငယ်များက အကယ်ဒမီ ဝါရင့်သရုပ်ဆောင်နှစ်ဦး၏ အားပေးဖြည့်ဆည်းမှုများနှင့်အတူ ရိုက်ကူးထားသည့် ကြိမ်နှုန်း ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၈ ရက်တွင် ရုံတင်ပြသမည်ဖြစ်ပြီး ရုပ်ရှင်အထူးပြပွဲကို ယမန်နေ့ညက ရန်ကုန်မြို့ Junction City (JCGV) အဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့သည်။

ကြိမ်နှုန်းဇာတ်ကားတွင် အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ငှက်ပျောကြော်၊ ကိုကိုဦးတို့နှင့်အတူ လူငယ်သရုပ်ဆောင် ၁၀ ဦးကျော်ပါဝင် သရုပ်ဆောင်ထားပြီး SY ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူနှင့်ဒါရိုက်တာ ကိုခန့်မာန်ထည်၏ ပထမခြေလှန်းအဖြစ် မေမြို့ရှိ Governor House တွင် သည်းထိပ်ရင်ဖို ဇာတ်ကားအဖြစ် ကြိုးပမ်းရိုက်ကူးထားသည်။

“ဒီဇာတ်ကားထဲမှာ ကျမက ပရလောကလူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာပါ၊ ဘုရားဟောတရားတွေထဲမှာဆို ၃၁ ဘုံက ပြိတ္တာဘုံသားတွေပေါ့၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်အသစ်လေးတွေရဲ့ ဇာတ်ပါ၊ ကျမနဲ့ အူဝဲက ဇာတ်ကားမှာ အားဖြည့်ပေးထားတာပါ၊ အသစ်လေးတွေကတော့ ကြိုးစားထားတာ တွေ့ရပါတယ်၊ ဒါရိုက်တာကလည်း အသေးစိတ်ကြိုးစားထားပါတယ်၊ အခုအနုပညာလောကမှာ လူငယ်တွေ အများကြီးပဲ တက်လာတယ် အားလုံးကို ကြိုဆိုပါတယ်၊ ဒီဇာတ်ကားက သရဲကားကြိုက်တဲ့ ပရိသတ်အတွက်တော့ ကြိုက်နှစ်သက်လိမ့်မယ်လို့ မြင်ပါတယ်” ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပြောသည်။

ကြိမ်နှုန်းရုပ်ရှင်လက်မှတ် ၆ စောင်အဖွဲ့လိုက်ဝယ်ယူ ကြည့်ရှုသူများကို ပြင်ဦးလွင်မြို့၊ Governor House သို့ ကံစမ်းမဲရွေးချယ် လည်ပတ်ခွင့်ရနိုင်မည်ဟု သိရသည်။

သန့်ဇင်ဝင်း