ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့

 ဆု (Tourism)

ခရီးသွားလုပ်ငန်း၏ အကျိုးနှင့် အပြစ်

လူသားများသည် မိမိတို့၏ ရည်ရွယ်ချက်အမျိုးမျိုးအတွက် တစ်နေရာမှ တစ်နေရာသို့ သွားလာမှုများပြုကြရာ ခေတ်အဆက်ဆက် ပြောင်းလဲ လာသည်နှင့်အမျှ သွားလာလှုပ်ရှားမှု နည်းပညာများ၊ သွား ရောက် လည်ပတ်သည့် ပုံစံများစသည်ဖြင့် ခရီးသွားလုပ်ငန်းသည်ခေတ်မီတိုးတက်လာပြီး ကမ္ဘာနှင့်တစ်ဝန်း ကြီးမားကျယ်ပြန့်သောလုပ်ငန်း တစ်ခုဖြစ်လာပါသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွား ရေးကို အဓိက ပံ့ပိုးပေးသည့်အပြင် ပြည်သူများ၏ လူမှုစီးပွားတိုးတက် ရေးနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေနိုင်သည့် မီးခိုး တိတ်စက်ရုံ (Smokeless Industry) တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး  တိုးတက်နိုင်သောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊ ထုံးတမ်းစဉ်လာ များ၊ ရိုးရာအစားအသောက်များနှင့် အခြားဆွဲဆောင်မှုရှိသောအရာ များကို ကမ္ဘာ့နိုင်ငံများအကြား သိရှိစေရုံသာမက နိုင်ငံ၏အရင်းအမြစ် များကို ဆုံးရှုံးမှုမရှိဘဲ နိုင်ငံခြားဝင်ငွေကို အဓိကဖန်တီးပေးနိုင်သကဲ့သို့ နိုင်ငံသားများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ 

ခရီးသွားလုပ်ငန်းသည် အထက်တွင် ဖော်ပြထားသကဲ့သို့ အကျိုး အမြတ်များစွာ ပေးစွမ်းနိုင်သောကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြား တွင် ခရီးသွားလုပ်ငန်းကို အားပေးဆောင်ရွက်လာကြရာ ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး Gross Domestic Product – GDP ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ အကျိုးအမြတ်များစွာ ရရှိနိုင်သော်လည်း အရေအတွက်နှင့် အချိန်ကာလကြာလာသည်နှင့် အမျှ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်း ဖြင့် ခရီးစဉ်ဒေသများတွင် ခရီး သွားဧည့်သည်များ ထူထပ်ခြင်း၊ ခရီးသွားဧည့်သည်များ၏ မှားယွင်း သော အမူအကျင့်များ၊ ဒေသခံများ၏ခရီးသွားလုပ်ငန်းအပေါ် သိရှိနားလည်မှုအားနည်းခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမျိုး အသီးသီး၏ ယဉ်ကျေးမှုများအပေါ် ထိခိုက်ပွန်းပဲ့မှုများ အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထိုသို့ ခရီးသွားလုပ်ငန်း ၏  ဆိုးကျိုးသက်ရောက်မှုများကို   လျော့ပါးသက်သာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တာဝန်သိ၍ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းတစ်ရပ်ဖော်ဆောင်နိုင်ရေး နိုင်ငံအသီး သီးမှ  ခရီးသွားလုပ်ငန်းဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC)နှင့် အခြားသောဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်း၍ နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြပါသည်။  ထို့အပြင်  နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွား လုပ်ငန်းအမျိုးအစားများဖြစ်သည့် ယဉ်ကျေးမှုနှင့်ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Cultural Tourism) ၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း (Eco-Tourism)၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism)၊  စိုက်ပျိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း  (Agri-tourism)၊ စွန့်စားခရီးစဉ်  (Adventure)၊ အပျော်စီးသင်္ဘောခရီးစဉ်(Cruise Tour) နှင့် အခြားသော ခရီးသွား လုပ်ငန်းအမျိုးအစားများအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိခြင်းကြောင့်  ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ 

မျှော်လင့်မထားသော ကပ်ရောဂါ၏ ရိုက်ခတ်မှု

အရာရာတွင်  ကြိုတင်တွေးမထားသည်များ   ဖြစ်ပေါ်လာနိုင် သကဲ့သို့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၁၁  ရက်နေ့တွင်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း   (Word Health Organization- WHO) မှ ကိုဗစ်-၁၉ ရောဂါကို   ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအဖြစ်   သတ်မှတ်လိုက်ကြောင်း   ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကပ်ရောဂါ၏ လူတစ်ဦးမှတစ်ဦး ကူးစက် ပျံ့နှံ့နိုင်သော ဗီဇသဘောအရ လူသားများ၏ ဘဝနေထိုင်မှုပုံစံများ ပြောင်းလဲခဲ့ရပြီး ခရီးသွားလာခြင်းကိစ္စရပ်ကိုပင် ထည့်သွင်းမတွေး တောနိုင်ကြတော့ဘဲ မိမိနေအိမ်၌ပင် နေထိုင်ခဲ့ကြရသည်။ ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့်   ကမ္ဘာ့နိုင်ငံအသီးသီးတွင်  ကဏ္ဍစုံလုပ်ငန်း လည်ပတ်မှု များ ရပ်တန့်ခဲ့ရသည့်အတွက် နိုင်ငံခြားဝင်ငွေလျော့နည်း ခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းများဖြစ်ပေါ်၍ လူသားတို့၏ အသက် မွေးဝမ်းကျောင်းကိုပါ ထိခိုက်စေခဲ့ပါ သည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် အလွန်အမင်းထိခိုက်ခဲ့ရသည့် လုပ်ငန်း ကဏ္ဍများအနက် ခရီးသွားလုပ်ငန်းသည် ထိခိုက်မှုအရှိဆုံး ကဏ္ဍ တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကပ်ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ခရီးသွားလာမှုကန့်သတ်ချက် (Travel Restriction) များ ချမှတ်ခြင်းကြောင့် ခရီးသွားလုပ်ငန်း၏ အသက် သွေးကြောကို   ဖြတ်တောက်လိုက်သကဲ့သို့   ခရီးသွားဧည့်သည် ဝင်ရောက်မှုများ ရပ်ဆိုင်းသွားခဲ့ရပြီး ခရီးသွားဝင်ငွေကျဆင်းခြင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လုပ်ကိုင်နေသူ (Tourism Players) များ၏ အလုပ်အကိုင်ရှားပါးခြင်းများဖြင့် လွန်စွာပွန်းပဲ့ထိခိုက်ခဲ့ရပါ သည်။ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု ရပ်ဆိုင်းသွားသောကြောင့် ဟိုတယ်လုပ်ငန်းများအနေဖြင့် ဝယ်လိုအားများကျဆင်းပြီး ဝန်ထမ်း များအား လစာမဲ့ခွင့်များပေးခြင်း၊ အလုပ်ချိန်လျှော့ချခြင်းနှင့် လစာ လျှော့ချခြင်းများ လုပ်ဆောင်ရသကဲ့သို့ အချို့သော ဟိုတယ်လုပ်ငန်း များကို အပြီးတိုင်ပိတ်သိမ်းခဲ့ရသည့်အတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အခြေအနေများကို ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါလျှင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စစ်တမ်းများအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်ဦးရေ ဝင်ရောက်မှုအနေဖြင့် စုစုပေါင်း ၁ ဒသမ ၅ ဘီလီယံ၊ ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံအထိရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ GDP အနေဖြင့် ၁၀ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း၏   ခရီးသည် ဝင်ရောက်မှုသည် ၄၁၅ သန်းသာ ဝင်ရောက်ခဲ့သောကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိ ရပါသည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ခရီးသွားလုပ်ငန်းမှ ၂၀၁၉ ခုနှစ်တွင် အလုပ်အကိုင် ၃၃၃ သန်း ဖန်တီးပေးနိုင်ခဲ့သည်ကို လေ့လာသိရှိရပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ကမ္ဘာတစ်ဝန်းအလုပ်အကိုင် သန်းပေါင်း ၆၂ သန်းကျော် ဆုံးရှုံးခဲ့ရသဖြင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုသည် ခရီးသွားလုပ်ငန်းအပေါ် လွန်စွာထိခိုက်ခဲ့ကြောင်း သက်သေပြနိုင်သော ကိန်းဂဏန်းများပင် ဖြစ်ပါသည်။ 

အာဆီယံခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို ကြည့်ရ မည်ဆိုလျှင် ၂၀၁၉ ခုနှစ်တွင် ခရီးသွားဧည့်သည် ၁၄၃ မီလီယံ ဝင်ရောက် ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၁ ဘီလီယံရရှိခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည် ၂၆ ဒသမ ၂ မီလီယံ ဝင်ရောက် ခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁ သန်းပင် ရရှိ ခဲ့သောကြောင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ် ကြည့်ပါက ၇၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို စစ်တမ်းများ အရ တွေ့ရှိရပါသည်။ 

အလားတူ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို သုံးသပ်လေ့လာ ကြည့်ရမည်ဆိုပါလျှင် ၂၀၁၁ ခုနှစ် မှစတင်၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု အနေဖြင့် ၄ ဒသမ ၃၆ သန်းထိ ရောက်ရှိခဲ့ပြီး   ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇၅ သန်း  ရရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၀ ဒသမ ၉ သန်းသာ ရောက်ရှိ ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၇၉ ရာခိုင်နှုန်း  လျော့နည်းသွားသည် ကို စိတ်မကောင်းစွာ တွေ့ရှိရပါသည်။ ခရီးသွားလာမှုကန့်သတ်ချက် များ အနည်းငယ်ဖြေလျှော့လိုက်ချိန် ၂၀၂၁ ခုနှစ်တွင်မူ  ခရီးသွား ဧည့်သည် စုစုပေါင်း ၀ ဒသမ ၁၃ သန်း  ပြန်လည်ဝင်ရောက်လာခဲ့ပါ သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏  (၁၀)  ကြိမ်မြောက်    နိုင်ငံတကာကျန်းမာရေးအပေါ်  တုံ့ပြန်မှု          မူဝါဒကော်မတီအစည်းအဝေး (10th Meeting of the International Health Regulations Emerency Committee) တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်  (UNWTO)  ၏   အထွေထွေအတွင်းရေးမှူးချုပ်က "ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရန် အတွက်  ခရီးသွားလာမှုကန့်သတ်ချက်များ   ချမှတ်ထားခြင်းသည် ခရီးသွားလုပ်ငန်း၏ အသက်သွေးကြောကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်ပြီး အဆိုပါ ကန့်သတ်ချက်များကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များသာမက  စီးပွားရေးနှင့်   ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မှုများအပေါ် ကောင်းကျိုးထက်ဆိုးကျိုးကို ပိုမိုဖြစ်စေသည်" ဟုထည့်သွင်းပြောကြားခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ လေ့လာတွေ့ရှိမှုများအရ ကိုဗစ်-၁၉ ကပ်ရောဂါသည် အရှိန်အဟုန်ဖြင့် တက်ကြွစွာ မောင်းနှင်လျက်ရှိသော မြန်မာ့ခရီးသွားလုပ်ငန်းအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းယန္တရားကို လွန်စွာထိခိုက်နစ်နာစေခဲ့သည် ကို  ထင်းလင်းစွာမြင်တွေ့ရပါသည်။

အကျပ်အတည်းများမှ ရုန်းထရန် ကြိုးပမ်းမှုများ 

ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကြိုးပမ်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဖော်ထုတ်နိုင်ခဲ့ပြီး ရောဂါဖြစ်ပွားမှုများကိုအတော်အသင့် ထိန်းချုပ် နိုင်ခဲ့ပြီးဖြစ်ပါသည်။ လူမှုစီးပွားဘဝများစွာကို လွန်စွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင် ချိန်တွင် ရပ်တန့်လုနီးပါးဖြစ်နေသော ခရီးသွားလုပ်ငန်း ပြန်လည် စတင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်  ၂၀၂၀  ပြည့်နှစ် မေလတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ “ခရီးသွား လုပ်ငန်းပြန်လည်စတင်ရေး ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်ချက်များ” (Global Guidelines to Restart Tourism) ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံအသီးသီးမှ အဆိုပါ လမ်းညွှန်ချက်များ နှင့်အညီ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ် များစသည်ဖြင့် ဘက်ပေါင်းစုံမှ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရေးလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်း နေကြပြီး ဖြစ်ပါသည်။ ရောဂါပျံ့နှံ့မှုကို  ထိန်းချုပ်နိုင်ပြီးဖြစ်သော နိုင်ငံနှစ်နိုင်ငံအကြား သို့မဟုတ်  နှစ်နိုင်ငံထက်ပိုသော    နိုင်ငံများ  အချင်းချင်းအကြား ကူးလူးဆက်သွယ်ခရီးသွားလာမည့် အဆိုပါနိုင်ငံ သားများအနေဖြင့် Quarantine ကဲ့သို့သော ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်များ ကင်းလွတ်၍ လွတ်လပ်စွာ ခရီးသွားလာနိုင်သော အစီအစဉ်တစ်ခုဖြစ်သည့် ခရီးသွားစင်္ကြ(Travel Corridor) ဟူ၍လည်း ခေါ်သော Travel Bubble ကို  အင်္ဂလန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံ များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အပေါင်း (၃)နိုင်ငံများနှင့် အခြားနိုင်ငံ များမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းလာကြသည်။ 

အဆိုပါအစီအစဉ်သည်လည်း ခရီးသွားလုပ်ငန်း ပြန်လည်စတင် ရေးအတွက် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေးနှင့် ပိုမိုခံနိုင်ရည်ရှိသော ခရီးသွား လုပ်ငန်းဖြစ်ပေါ်လာစေရေးအတွက်   အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေ  ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့  (ASEAN Tourism Crisis Communication Team- ATCCT) ကို ဖွဲ့စည်းဆောင် ရွက်လျက်ရှိသည့်အပြင် ASEAN Travel Corridor Agreement Framework – ATCAF ကို ရေးဆွဲ၍ အဆိုပါမူဘောင်အောက်တွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ အပြန်အလှန်ခရီးသွားလာနိုင်ရေး အကောင်အထည်ဖော် ကြိုးပမ်းလျက်ရှိပါသည်။ ကမ္ဘာနှင့်တစ်ဝန်း နိုင်ငံအသီးသီးမှ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသကဲ့သို့ မြန်မာ နိုင်ငံအနေဖြင့်လည်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ခြင်း အစီအစဉ်များတွင် ပါဝင်ရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ကူညီဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ခရီးသွား ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သူဦးရေ  ၀ ဒသမ ၃ သန်းခန့် ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင် ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကာလတို၊ ကာလ လတ်၊  ကာလရှည်ဦးစားပေးအစီအစဉ်အလိုက်   ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ် စီမံချက် ၉၃ ချက် ပါဝင်သော “မြန်မာ နိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံ (၂၀၂၁-၂၀၂၅)” (Myanmar Tourism Strategic Recovery Roadmap – MTSRR)  ကို UNWTO ၏ “ခရီးသွားလုပ်ငန်းပြန်လည်စတင် ရေး ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်ချက်များ” နှင့်အညီ ရေးဆွဲထုတ်ပြန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်   နိုင်ငံတကာအဖွဲ့အစည်း များမှ ထုတ်ပြန်ထားသည့် ဘေးကင်းလုံခြုံသောဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များကို ရည်ညွှန်းကိုးကား၍ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ဆောင်မှု ရှစ်မျိုးအပေါ် ခရီးသွား ဧည့်သည်များယုံကည်မကို မြှင့်တင်နိုင်ရန်အတွက် Enchanting Myanmar Health and Safety Protocol (HSP) Website ကို လွှင့်တင်ထားရှိပြီး Protocol ပါ လုပ်ငန်းစဉ်များအရ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအား တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ နိုင်ငံ အဆင့်နှင့် နိုင်ငံတကာအဆင့်ဟူ၍ သုံးဆင့်ခွဲခြား၍ ကိုဗစ်-၁၉ ဆိုင်ရာ ဘေးကင်းလုံခြုံစိတ်ချသော ဝန်ဆောင်မှုအသိအမှတ်ပြု လက်မှတ် များကို ထုတ်ပေးလျက်ရှိပါသည်။ ဆိုးဝါးလှစွာသော ကမ္ဘာ့ကပ်ရောဂါ သည် ခရီးသွားလုပ်ငန်းအား မည်သို့ပင်အကျပ်အတည်းသို့ ကျရောက် စေကာမူ လူသားတို့၏ အားထုတ်ကြိုးပမ်းမှုများဖြင့် တစ်စတစ်စ ပြန်လည်နိုးထလာသည်မှာ မျက်မြင်ဒိဋ္ဌပင် ဖြစ်ပါသည်။ 

(ဆက်လက်ဖော်ပြပါမည်)