ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်မှုဖြင့် ၂၀၂၃ ခုနှစ်၏ ခရီးသွားရာသီအဖွင့် ကောင်းမွန် မည်ဟု မျှော်မှန်းထား

ရန်ကုန် ၊ နိုဝင်ဘာ ၂၅

 

၂၀၂၂-ခုနှစ်တွင် အခါကြီးရက်ကြီး ရုံးပိတ်ရက်တို့၌ ပြည်တွင်းခရီးသွားများ ပြန်လည် စည်ကားမှုဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး ပြည်ပခရီးသွားလုပ်ငန်း အချို့လည်း ပြည်လည်အစပျိုးနိုင်ခဲ့ရာ ၂၀၂၃-ခုနှစ်၏ ခရီးသွားရာသီအဖွင့်သည် ကောင်းမွန်နေမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

 

အရှိန်ရစပြုနေသော ခရီးသွားလုပ်ငန်းကို နှစ်ကူးကာလမှစ၍ အရှိန်မြှင့် တင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ခရီးသွားဝင်ရောက်ရာဒေသတို့ရှိ ခရီးသွားကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပြီး နှစ်သစ်ကူးကာလမှစ၍ သင်္ကြန်ကာလအထိ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်တတ်မှုကြောင့်  မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ မျှော်မှန်းလျက်ရှိသည်။ ပွင့်လင်းရာသီအစ နိုဝင်ဘာလတွင် နိုင်ငံခြားခရီးသွား အချို့ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အထင်ကရနေရာများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ပြင်ဦးလွင်၊ မြိတ်ကျွန်းစုများနှင့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့ ခရီးသွားများ လည်ပတ်လျက်ရှိကာ ယခင်ကကဲ့သို့ ရက်ရှည်ခရီးသွား လာမှုထက် ရက်တိုခရီးသွားမှုပို မိုတွယ်ကျယ်လာလျက်ရှိသည်။

 

၂၀၂၃-ခုနှစ်၏ နှစ်ဦး ခရီးသွားရာသီအဖွင့် ကောင်းမွန်နိုင်မှုနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က“၂၀၂၂-ခုနှစ်မှာ ပြည်တွင်း/ပြည်ပခရီးသွား အစလေးတွေကောင်းခဲ့တယ်။ ပြည်တွင်းခရီးသွားဆိုရင် ဒီနှစ်မှာ သိန်းနဲ့ချီပြီး ခရီးသွားပြန်လည် စတင်ခဲ့တယ်ဆိုတော့ ခရီးသွားကဏ္ဍအဖွင့်ကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်။ ခရီးသွားကဏ္ဍကို အရှိန်အဟုန်မြှင့်ပြီး တိုးတက်သွားဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့်၂၀၂၃-ခုနှစ် ခရီးသွားရာသီဟာပိုပြီး ကောင်းမွန်လာမယ်လို့ မှန်းလို့ရတယ်။ နှစ်သစ်ကူးကာလကစပြီး ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ရမှာဖြစ်တဲ့အတွက် ဒီအချိန်မှာ ခရီးသွားပရိုမိုးရှင်း ကိစ္စတွေကို အလေးထားပြီးဆောင်ရွက်ဖို့လိုပါတယ်။ ပြည်ပခရီးသွား ပြန်လည်ဝင်ရောက်ဖို့ရှိတဲ့ အတွက် ဒီနှစ်မှာခရီးသွားလုပ်ငန်းကို အောင်အောင်မြင်မြင်နဲ့ စီစဉ်ထားနိုင်မယ် ဆိုရင် ၂၀၂၃-ခုနှစ် ခရီးသွားရာသီအဖွင့်ကောင်းလိမ့်မယ်လို့ မျှော်မှန်းထားကြတယ်” ဟု ပြောသည်။

 

မြန်မာ့ခရီးသွားကဏ္ဍနည်းတူ ဥရောပနှင့်အာရှနိုင်ငံများတွင်လည်း နှစ်သစ်ကူးချိန်နှင့် နှစ်ဆန်းပိုင်း ခရီးသွားရာသီကို မျှော်မှန်း၍ ခရီးသွားလုပ်ငန်းများကို အပြိုင်အဆိုင် ဆွဲဆောင် လျက်ရှိပြီး ပုံမှန်အားဖြင့် အနောက်တိုင်း ခရီးသွားဝန်ဆောင်မှု ဈေးကွက်သည် ဒီဇင်ဘာ ခရစ္စမတ်ကာလ၌ ပြည်ပခရီးသွားကဏ္ဍ ကျဆင်းတတ်ပြီး ပြည်တွင်းခရီးသွားကဏ္ဍများပြား လေ့ရှိကာ  ပြည်တွင်းလေကြောင်းလိုင်း ဝန်ဆောင်မှုဈေးနှုန်းများ မြင့်တက်လေ့ရှိပြီး နှစ်သစ်ကူး ပြီးဆုံးချိန်၌ ခရီးသွားလာမှုပြန်လည်စည်ကားလေ့ရှိသဖြင့် ပြည်ပခရီးသွားများ တစ်ဖွဲဖွဲ ပြန်လည်ဝင်ရောက်နိုင်ရန် ခရီးသွားဝန်ဆောင်မှုတွင် အပြိုင်အဆိုင် ဆွဲဆောင်ကြခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ၌ ပြည်တွင်း/ပြည်ပခရီးသွားများ စည်ကားလေ့ရှိပြီး ဘုရားဖူးခရီးစဉ်၊ အလည်အပတ်ခရီးစဉ်နှင့် အပန်းဖြေခရီးစဉ်တို့ဖြင့် ခရီးသွားများလေ့ရှိရာ တစ်ဆက်တည်း ဧပြီလသင်္ကြန်ကာလအထိ လည်ပတ်ကြလေ့ရှိသည်။ ၂၀၂၂-ခုနှစ်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလသည် ရုံးပိတ်ရက်ရှည်တို့ဖြင့် ခရီးသွားလာမှု အများ ဆုံးလများအဖြစ် ပြည်တွင်း ခရီးသွားကဏ္ဍတိုးတက်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ အရှိန် ရလာသော ပြည်တွင်း /ပြည်ပ ခရီးသွားမှုသည် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ခဲ့မှု၏ အကျိုးဆက်အဖြစ်  ၂၀၂၃-ခုနှစ်၏ ခရီးသွားရာသီ အဖွင့်ကောင်းမွန်မည်ဟု မျှော်မှန်းထားကြခြင်းဖြစ်သည်။

ဓာတ်ပုံ-ကနူး  

ညိမ်းသူ (သတင်းစဉ် )