ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အာဆီယံ- ဂျပန်စင်တာမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ-ဂျပန်စင်တာ မှ “ခရီးသွားလုပ်ငန်း ဆိုင်ရာ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု” နှင့် “လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု”တို့နှင့်စပ်လျဉ်းသော စီမံကိန်း(၂)ခုကိုရရှိထားကြောင်း၊ ယင်းစီမံကိန်းများအနေဖြင့် ပြည်တွင်း MSMEs လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်သော စီးပွားရေး အသိအမြင်များနှင့် ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများကို ဖန်တီးပေးရန် ရည်ရွယ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ အခွင့်အလမ်းများပေး နိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် အလုပ်အကိုင်ပေါင်း သန်း (၃၂၀) ကျော် ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းကိုကိုယ်စားပြုသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ အချုပ်၏ အစီရင်ခံစာတွင်တွေ့ရှိရကြောင်း၊ MSMEs လုပ်ငန်းများသည် နိုင်ငံ၏အနာဂတ်စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ အောင်မြင်ရန် ငွေကြေး၊ လူသားအရင်းအနှီး၊ လုပ်ငန်းကွန်ရက်များနှင့် ဈေးကွက်တို့ရရှိမှုပေါ်တွင် မူတည်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်း ဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် အာဆီယံ-ဂျပန်စင်တာမှ Programme Director Mr. Chairat Liengkajornkiet က အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်များ၊ ငွေကြေး နှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံဆွေး နွေးပွဲသို့ တက်ရောက်သူများသည် အဖွဲ့လိုက်ခွဲ၍ ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော စိန့်ပီတာစဘတ် - မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ စိန့်ပီတာစဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲ Mr. Vladimir Zapevalov၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဌ မစ္စတာဗီချယ်စလာ့ ကဘ်ဂါနိုဗ့်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုံး၊ စိန့်ပီတာ စဘတ်ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ စိန့်ပီတာစဘတ် တရားရေးဆိုင်ရာဌာနမှ ဒုတိယ ဥက္ကဌ Mr. Nikolay Bondarenko တို့က Hybrid စနစ်ဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov က video message ပေးပို့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရုရှား - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသသွားနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ - ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ခရီးသွားမြှင့်တင်ရေး ဗီဒီယိုဖိုင်အားပြသသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်