ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမည့် ကချင်ပြည်နယ်

ကချင်ပြည်နယ် မြောက်ပိုင်းဒေသများသည် ညို့ညို့မှိုင်းမှိုင်း တောင်တန်းကြီးများဖြင့် အလွန်လှသည်။ ရေခဲတောင်များ၊ ရေတံခွန်စိမ့်စမ်းများ၊ လူ ၁ဝ ဦးခန့် ဖက်ရသော နှစ်ရာချီသက်တမ်းရှိ သစ်ပင်ကြီးများ၊ သဘာဝအတိုင်း လှပစွာစီးဆင်းနေသော မေခမြစ်ဖျားပိုင်း၊ မလိခ မြစ်ဖျားပိုင်းတို့သည် အလွန်သာယာရှုမောဖွယ် ကောင်းသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လူနေကျဲပါးသည့် ဒေသဖြစ်သည်။ ဒေသခံ ရဝမ်တိုင်းရင်းသားများနှင့် လီဆူတိုင်းရင်းသားများ နေထိုင်ကြသည်။ မိုးတွင်းကာလတွင် မြစ်ကြီးနားမှ ပူတာအို ၂၁၈ မိုင် လမ်းတစ်လျှောက် ဗွက်တန်းကြီးများဖြင့် သွားလာ၍ မရလောက်အောင် အလွန်ခက်ခဲခဲ့သည်။ မိုးတွင်းတွင် မြစ်ကြီးနား ဆန်၊ ဆီ၊ ဆား၊ ဈေးနှုန်းနှင့် ပူတာအိုဈေးနှုန်းတို့မှာ နှစ်ဆနီးပါးတက်သွားသလို ပူတာအိုမှ ခြေကျင်လျှောက်ရသော နောင်မွန်း၊ ပန်နန်းဒင်တို့တွင် ထိုထက်ပို၍ ကုန်ဈေးနှုန်းကြီးမြင့်တော့သည်။

 

လမ်းပန်းဆက်သွယ်ရေးတိုးတက်လာ

 

အစိုးရသစ် တက်လာသောအချိန်တွင် တိုင်းရင်းသားများ နေထိုင်သော ပြည်နယ်၊ တောင်တန်းဒေသများ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် ညွှန်ကြားချက်များရှိ၍ စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့သည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသား သွေးချင်းတို့အတွက် စီမံချက်များချမှတ် လုပ်ဆောင်ခဲ့ရာ နှစ်နှစ်အတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ထူးခြားစွာတိုးတက်လာခဲ့သည်။ ကချင်ပြည်နယ်တွင် ယခင်က မြစ်ကြီးနားမှ ပူတာအိုသို့ မိုးတွင်းကာလတွင် ခက်ခဲစွာ သုံးညအိပ်ခန့် သွားရသော်လည်း ယခုအခါ နေ့ချင်းပေါက် ရောက်ရှိပြီဖြစ်ပါသည်။

 

 

ပူတာအိုမှ နောင်မွန်းသို့ ယခင်က လေးညအိပ်ခန့် လားဖြင့် သွားရသောခရီးကို ယခုအခါ လေးနာရီခန့်ဖြင့် မော်တော်ယာဉ်ဖြင့် သွားနိုင်ပြီဖြစ်ပါသည်။ နောင်မွန်းမှသည် ကော့သောင်းဆီသို့ Documentary တွင်လည်း သေချာစွာတင်ပြထားပါသည်။ ယခင်က မိုးတွင်းကာလတွင် မြစ်ကြီးနားကုန်ဈေးနှုန်းထက် ပူတာအို ကုန်ဈေးနှုန်း၊ နောင်မွန်း ကုန်ဈေးနှုန်းတို့မှာ နှစ်ဆ သုံးဆခန့်ကြီးနေရာမှ ယခု နှစ်နှစ်အတွင်း ကားလမ်းများ ကောင်းမွန်လာ၍ မြစ်ကြီးနားဈေးနှုန်းနှင့် ပူတာအို၊ နောင်မွန်းကုန်ဈေးနှုန်းတို့မှာ အတူတူ လောက်နီးနီး(အနည်းငယ်သာကွာ) ဖြစ်သွားပါတော့သည်။

 

အဆင့်မြှင့်တင်ဆောင်ရွက်

 

မဂွေဇမှ ခေါင်လန်ဖူးလမ်းအပိုင်း ၆၅ မိုင် လေးဖာလုံကိုလည်း ယခုအခါ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တပ်မတော် အင်ဂျင်နီယာများဖြင့် ကျောက်တောင်များကို မိုင်းခွဲဖောက်လုပ်လျက်ရှိပြီး လမ်းပေါက်သွားပါက ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

မော်တော်ယာဉ်ဖြင့် သွားနိုင်တော့မည်

 

နောင်မွန်းမှ ပန်နန်းဒင်လမ်းအပိုင်းသည် ၃၄ မိုင် ငါးဖာလုံ ယခင်က လား လမ်းသာ ရှိခဲ့ရာမှ ယခုနှစ်နှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖောက်လုပ်ခဲ့ရာ ယခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး နောင်မွန်းမှ ပန်နန်းဒင်သို့ မော်တော်ယာဉ်ဖြင့် သွားနိုင်တော့မည်ဖြစ်ပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ ပန်နန်းဒင်မှ ခါကာဘိုရာဇီတောင်တန်း၏ အခြေ ဂူဘားရွာသို့ သွားသည့်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တပ်မတော် အင်ဂျင်နီယာများက စတင်၍ ဖောက်လုပ်သွားမည်ဖြစ်ပြီး ကျောက်တောင်မိုင်းခွဲ၍ လမ်းအူကြောင်းဆောင်ရွက်ခြင်း၊ မြေသာ လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆက်လက်၍ လမ်းအဆင့်မြှင့်တင်သွားမည် ဖြစ်ပါသည်။

 

ပူတာအို - နောင်မွန်းလမ်းပေါ်တွင် ရပ်ဘော့ရွာကလေးရှိ၍ အလွန်သာယာလှပပါသည်။ ပူတာအို-နောင်မွန်းလမ်းပေါ်တွင်ရှိသော ကဆန်ခချောင်းကို ယခုအခါ တံတားထိုးပြီးချိန်တွင် ပူတာအိုမှ နောင်မွန်းသို့ အလွယ်တကူ သွားရောက်နိုင်ပြီ ဖြစ်ပါသည်။ ရပ်ဘော့ရွာကလေးအတွင်းမှ တိုင်းရင်းသား ရဝမ်လူမျိုးတစ်ဦးကို လမ်းပန်းဆက်သွယ်ရေး အခြေအနေအကြောင်းမေးရာ ''ဟိုးအရင်က ပူတာအိုကနေ ခြေကျင်လျှောက်ရတယ်၊ သုံးရက်လောက် နားနားပြီးလျှောက်ရတယ်၊ အခု လိုင်းကားနဲ့ နေ့ချင်းပြန်သွားတယ်''ဟု ဝမ်းသာအားရသော အပြုံးဖြင့် ပြန်ဖြေလာပါသည်။

 

ရေခဲဖုံးနေသော ခါကာဘိုရာဇီ

 

 

ကချင်ပြည်နယ် မြောက်ဖျားပူတာအို လွင်ပြင်သည်လည်းကောင်း၊ ထိုမှတစ်ဆင့် မြောက်ဘက် မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒင်နှင့် ခေါင်လန်ဖူး မြို့လေးများသည် လည်းကောင်း အလွန်သာယာလှပသည်။ ဂူဘား၊ ဒဇွန်းဒမ်း၊ ရွာလေးများရောက်ရင်တော့ တစ်နှစ်ပတ်လုံး ရေခဲဖုံးနေသော ခါကာဘိုရာဇီ တောင်တန်းကြီးကို တွေ့နေရသည်။ ပေ ၃ဝဝ ကျော်မြင့်သော လူ ၁ဝ ဦးခန့် ဖက်ရသည့် သစ်ပင်ကြီးများ၊ ရေတံခွန်များ၊ စိမ့်စမ်းများ၊ ထရုံ လူပုကလေးများစသည်ဖြင့် အလွန်စိတ်ဝင်စားစရာ ကောင်းသော၊ သဘာဝ အရင်းအမြစ်များရှိသော ဒေသဖြစ်သည်။

 

ယခုအခါ နောင်မွန်းသို့ ကားလမ်းပေါက်ပြီဖြစ်သည်။ ထိုမှတစ်ဆင့် ပန်နန်းဒင်သို့ ယခုနှစ်အတွင်း ကားလမ်းပေါက်မည်။ ထိုမှတစ်ဆင့် ခါကာဘိုရာဇီ၊ ဂူဘားအထိ ကားလမ်းများပေါက်အောင် ဝန်ကြီးဌာန သုံးခုပူးပေါင်း ဖောက်လုပ်ကြမည်။ ၂ဝ၁၉ နှစ် ကုန်လျှင် ခေါင်လန်ဖူးသို့ ကားလမ်းပေါက်မည်။ ထိုကားလမ်းများပြီးရင်တော့ အလွန်လှသော ခါကာဘိုရာဇီဒေသသည် ပြည်တွင်းခရီးသွားများ၊ ပြည်ပခရီးသွားများဖြင့် ပြည့်နှက်၍ အလွန်တိုးတက်ဖွံ့ဖြိုးလာမည့် အလားအလာ အလွန်ကောင်းသော ဒေသကြီးဖြစ်လာတော့မည် ဖြစ်ပါသည်။     ။

 

ကျော်လင်း(ဆောက်လုပ်ရေး)