ခရီးသွားအစီအစဉ် မြှင့်တင်ဖော်ဆောင်

နေပြည်တော် ၂၅ ဧပြီ

 

မြန်မာနိုင်ငံသည် အခြားသောအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် ခရီးသွားအရင်းအမြစ်များ ပေါများ ကြွယ်ဝသည့် နိုင်ငံဖြစ်ပါသည်။ ယခင်ထက်စာလျှင် မျက်မှောက်ကာလ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်ဟုဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများထက် ပိုမိုတိုးတက်အောင် တီထွင်ကြံဆ ကြိုးပမ်းလုပ်ဆောင်ကြရဦးမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားဧည့်သည်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း ယင်းအချက်ကို ထောက်ပြပြောဆိုမှုများရှိနေသည်ဟု ကြားသိရပါသည်။ လက်ရှိတွင် မျှော်မှန်းထားသည့် ခရီးသွားဧည့်သည် အရေအတွက်ထက် လျော့နည်းနေသေးသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သုံးသန်းကျော် လာရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံသို့လာရောက်ကြသော ခရီးသွားဧည့်သည်နိုင်ငံများမှာ အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ဖြစ်ကြပြီး အနောက်နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံများ အများဆုံးလာရောက်ကြသည်ကို တွေ့ရသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတွင် ခရီးသွားများအား ဆွဲဆောင်နိုင်မှု မြင့်မားလာအောင် မိမိတို့၏တည်ရှိပြီးသား သဘာဝအရင်းအမြစ်များအား စဉ်ဆက်မပြတ် ပြုပြင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လမ်းပန်းဆက်သွယ်မှုနှင့် တည်းခိုနေထိုင်မှုအဆင်ပြေချောမွေ့ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။

 

လက်ရှိလာရောက်လည်ပတ်ကြသော နိုင်ငံများအား အထူးရည်မှန်းချက်ထား၍ ဧည့်သည်များ ပိုမိုလာရောက်နိုင်အောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် အလားအလာကောင်းသည့်နိုင်ငံများကို ရွေးထုတ်ပြီး မြန်မာနိုင်ငံအပေါ် ပိုမိုစိတ်ဝင်စားလာအောင် ဈေးကွက်မြှင့်တင်ရေးကိုလည်း ဖန်တီးကြရမည်ဖြစ်သည်။ အားဖြည့်ပေးသည့်အကြောင်းအရာများတွင် နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်ခြင်းနှင့် ဈေးကွက်အဖြစ်သတ်မှတ်ထားသော နိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ပြုခြင်းတို့ကို ထူးခြားသော အစီအစဉ်များအဖြစ်ဖော်ဆောင်သင့်ပါသည်။

 

ကမ္ဘာလှည့်ခရီးသည်များ အများအပြားလာရောက်လည်ပတ်စေရန်အတွက် မြန်မာနိုင်ငံသည် လည်ပတ်ချင်စရာကောင်းသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ကမ္ဘာကပိုမိုသိရှိအောင် ဈေးကွက်မြှင့်တင်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်လည်ပတ်ရေးတို့ကို ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။

 

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ပုံရိပ်ကောင်းမွန်မှုအပေါ်တွင် တည်မှီသဖြင့် ဒေသခံပြည်သူများအနေဖြင့် ယဉ်ကျေးသော လူမျိုး၊ စည်းကမ်းတကျ နေထိုင်တတ်သော လူမျိုးဖြစ်အောင် ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့သည် အရေးကြီးသဖြင့် မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်။ ထို့အပြင်သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စားသောက်နိုင်ရေးအတွက်ပါ စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ၏ပုံရိပ်ကောင်းမွန်ခြင်းကို ပြသခြင်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွား၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုပါသဖြင့် ခရီးသွားလုပ်ငန်းတိုးတက်လာအောင်လက်တွဲချိတ်ဆက် ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် အကြံပြုအပ်ပါသည်။

ကြေးမုံ